စနေကြယ်နေကွယ် မိုက်ပါလိမ့်

ဝီကီပီးဒီးယား မှ

စနေကြယ်နေကွယ် မိုက်ပါလိမ့် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

၁၂၆၉ ခုနှစ် ဂြိုဟ်အသွားအလာတို၏ အကျိုးအပြစ်တို့ကို စိစစ်၍၊ စနေကြယ် နေကွယ်မည့်အကြောင်း ဖွဲ့ဆိုအပ်သော ဆေးတံတို ၆၉ တဘောင်သံချို ဖြစ်သည်။

စနေကြယ်နေကွယ် မိုက်ပါလိမ့်[ပြင်ဆင်ရန်]

မန္တလာဇေယျဘုံနှိုက်၊ နေနှစ်စုံ ရောင်ဟုန်ပခဲ့လျှင်၊ မှောင်ကျလာ လကွက်ရက်ကဲ့သို့၊ နွယ်ဆက်မှန် မြန်မာမျိုးတို့ကို၊ အရိုးကို အရွက်ဖုံးသော်ကြောင့်၊ ဆုံးရလျက် လွန်နစ်နာ။

နန်းတည်ရာ မန်းပြည်သားတွေဘို့၊ စကားအလွန်ကြွယ်၍၊ အလွဲရယ် အချော်ချော်နှင့်၊ သူမလျော် လူပေါ်မိုးခိုက်မို့၊ ညှိုးလိုက်လှပါ။

နတ်စက်ရောင်ဆရာတော်နှင့်၊ ပုဏ္ဏားကျော် ဇာဂရုတို့၊ ၉ − ခုသွယ် −ခြောက်ဆယ်သက္ကရာဇ်မှာတော့၊ အသစ်သာသနာမို့၊ ဒါယကာ နရာ့ဖျားကိုလ၊ သိကြားပါကူညီ၍၊ မြို့တည်မည် တဘောင်သိုက်ရယ်နှင့်၊ တွက်လိုက်လျှင် တယ်မလိုဘု၊ ကိုယ့်ကိုယ်ကိုဘာပ၊ ကိုယ့်တာကိုယ်သာချုပ်ကြတော့၊ ကိန်းဗုဒ္ဓလောင်းရာဇာ၊ ပေါ်လာလိမ့်မလွဲ။

ချမ်းသာရန် မြတ်လောင်းတော်အခြေမှန်တဲ့၊ မင်းဝေဿန်အခေါင်စစ်မှာဖြင့်၊ နှစ်နှစ်ကျော်ကျော်လိုတော့၊ တရားကိုယ်ကျင့်သီလရယ်နှင့်၊ ဒါနလက်ကိုင်ထားကြမှ၊ ဘုရားရှင်သာသနာ၌၊ ဒါယကာ ကြာကြာဖြင့် မဝေးပြီဘု၊ ဆေးတံတို (၆၉)၊ တေးရိုးတဘောင်သံနှင့်၊ နှစ်စောင်မှန် − ၂ − ဘန်သိုက်ရယ်က၊ သောနဝါ ကောဇာဆိုက်လျှင်ဖြင့်၊ စနေကြယ် နေကွယ်လို့ မိုက်ပါလိမ့်၊ ကိန်းဆိုက်မဲ့ပွဲ။

မူကွဲ[ပြင်ဆင်ရန်]

မန္တလာ ဇေယျဘုံက၊ နေနှစ်စုံ အရောင်ပခဲ့လျှင်၊ မှောင်ကျကာ လကွယ်ရက်ကဲ့သို့၊ ကွယ်ပျက်ပြန် မြန်လူမျိုးတို့၊ အရိုးကို အရွက်ဖုံးသော်ကြောင့်၊ ရှုံးရချက်အမှုနာ။
တပြည်လာ တရပ်သားတို့၊ တရားနာ အသိနဲသော်ကြောင့်၊ အမှားကို ဖိ၍ဖိ၍ကဲခဲ့၊ အလွဲချော်ချော်နှင့်၊ မသူတော် လူပေါ်ပေါင်းတာကြောင့်၊ စောင်းခဲ့ပေါ့ စာရိတ္တာ။

နတ်စက်ရောင် ဆရာတော်နှင့်၊ ပုဏ္ဏားကျော်ဇာဂရုတို့က၊ ကိုး ခု ရောက် ခြောက်ဆယ်မှာ၊ သာသနာမြတ်ထီး။

တရာဇာ ဒါယကာနရဖျားကိုလ၊ သိကြားပါကူညီ၍၊ မြို့တည်မည်တဘောင်သိုက်ကယ်နှင့်၊ တွက်လိုက်လျှင်တယ်မကွာဘု၊ နယ်နဂရာ၊ မြန်မာအေးစေဘို့၊ ဆေးတံကို ခြောက်ဆယ်ကိုး၊ တေးရိုးကတဘောင်သံနှင့်၊ နှစ်စောင်မှန် ယခင်သိုက်ကယ်က၊ သောနုဝါ ကောဇာဆိုက်ခဲ့လျှင်၊ စနေကြယ်ကို နေကွယ်လို့ မိုက်ပါလိမ့်မကွယ်၊ ကိန်းကြုံဆိုက်နိုး။

ခက်ဆစ်[ပြင်ဆင်ရန်]

  1. မန္တလာ = မန္တလေးနေပြည်တော်။
  2. ဇေယျာတုံ = ဇေယျဘူတိ (ဝါ) အောင်မြေ။
  3. နေနှစ်စုံ = မင်းမိဖုရားနှစ်ပါး။
  4. စာရိတ္တ = ကိုယ်ကျင့်တရား။
  5. တရာဇာ = တဦးတည်းသောမင်း။
  6. နရဖျား = လူတို့၏ အထွတ်အထိပ်ဖျားဖြစ်သောမင်း။
  7. နဂရာ = မြို့။
  8. သောနဝါ = ၁၂၆၉ ခုနှစ်ကို ဆိုလိုသည်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။