စတာလင်၊ ဂျိုးဇတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂျိုးဇတ်စတာလင် (၁၈၇၉-၁၉၅၃)
ဂျိုးဇတ်စတာလင် (၁၈၇၉-၁၉၅၃)
စတာလင်
အမည်ရင်း ဂျိုးဇတ်စတာလင် (Ioseb Besarionis dze Jughashvili )
အမည်ကွဲ သံမဏိလူသား
မွေးသက္ကရာဇ် ၁၈၇၉၊ ၁၈၊ ဒီဇင်ဘာ
ကွယ်လွန် ၁၉၅၃၊ မတ်၊ ၅
နိုင်ငံသား ဆိုဗီယက်နိုင်ငံ
အလုပ်အကိုင် ဆိုဗီယက် ရုရှ၏ အာဏာရှင် တစ်ဦး၊ဆိုဗီယက် ကွန်မြူနစ်ပါတီဝင်
ကြင်ဖော် Ekaterina Svanidze (၁၉၀၆–၁၉၀၇) Nadezhda Alliluyeva (၁၉၁၉–၁၉၂၃)
သားသမီး Yakov Dzhugashvili, Vasily Dzhugashvili, Svetlana Alliluyeva
လက်မှတ် Stalin Signature.svg

ဂျိုးဇတ်စတာလင် (Joseph Stalin) သည် ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်း တစ်ဦးဖြစ်သည်။ အမည်ရင်းမှ အီရိုဆစ် ပစ်ဆီယိုနိုဗစ် ဇုဂရှ်ပ်လ် ဖြစ်ပြီး ကော့ကေးရှပ်တောင်တန်းများပေါ်ရှိ ယခင်ဆိုဗီယက်ပြည်ထောင်စု၏ ပြည်နယ်တစ်ခုဖြစ်သည့် ဂျော်ဂျီယာ (ယနေ့ဂျော်ဂျီယာနိုင်ငံ) ရှိ လယ်သမား ဇနီးမောင်နှံတို့မှ ၁၈၇၉ ခုနှစ်၊ ဒီဇင်္ဘာလ ၂၁ ရက်နေ့တွင် ဖွားမြင်သည်။ တော်လှန်ရေးလုပ်ငန်း များကို လုပ်ကိုင်ဆောင်ရွက်သောအခါ၌ စတာလင်ဟူသော အမည်သို့ ပြောင်းခဲ့လေသည်။ စတာလင်ဟူသော ဝေါဟာရ၏ အဓိပ္ပာယ်မှာ 'သံမဏိ'ဖြစ်သည်။ ဂျော်ဂျီယာသားအဖြစ် နောက်မှ ရုရှားဘာသာစကားကို သင်ယူရသဖြင့် သူ၏ရုရှားစကားတွင် ဂျော်ဂျီယာသံဝဲသည်မှာ အလွန်သိသာသည်ဟုဆိုသည်။ ဆိုဗီယက်ပြည်ထောင်စုကို (၂၅) နှစ်မျှ အုပ်စိုးသွားပြီး ကမ်းကုန်အောင်ရက်စက်သူ၊ အလွန်အမင်းကြမ်းကြုပ်သူ အစရှိသဖြင့် နာမည်ဆိုးရှိသမျှသမိုင်းတွင်သည်အထိ ကျော်ဇောလေသည်။ အမှန်တကယ်တွင်လည်း လူပေါင်းသန်းနှင့်ချီကာ သတ်ဖြတ်ခဲ့သည်ဟုလည်း ဆိုသည်။တစ်ဖက်တွင်လည်း ဆိုဗီယက်ပြည်ထောင်စု၏ တန်ခိုးဩဇာကို တိုးမြှင့်ပေးခဲ့သူ၊ ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့ကို အနိုင်ရသူအဖြစ်လည်း ထင်ရှားပါသေးသည်။

ငယ်စဉ်က အလွန်ဆင်းရဲခဲ့သည်ဟု သိရသည်။ ဖခင် ဖိနပ်ချုပ်သမားမှာ အရက်အလွန်အကျွံသောက်ပြီး သားဖြစ်သူကိုလည်း နှိပ်စက်သည်။ ထိုအရက်သမားဖခင်ကွယ်လွန်ချိန်တွင် အသက် ၁၁နှစ်သာရှိသေးသည့် အီရိုဆစ် ကျန်ရစ်သည်။ သားဖြစ်သူအား ဘုန်းကြီး လုပ်စေလိုသော မိခင်၏ဆန္ဒအရ စတာလင်သည် ၉ နှစ်သားအရွယ်၌ ကျမ်းစာသင်ကျောင်းသို့ ဝင်ရောက် ပညာသင်ကြားလေသည်။ ထိုကျောင်း၌ပညာဆုံးခန်း တိုင်၍ ၁၅ နှစ်အရွယ် ရောက်လျှင် ဂျော်ဂျီယာပြည်နယ်၏ မြို့တော်ဖြစ်သော တစ်ဖလစ်မြို့ရှိ သာသနာ့ ဝန်ထမ်းဆိုင်ရာ ကျောင်းသို့သွားရောက်ကာ ကျမ်းစာများကို ဆက်လက်ဆည်းပူးသည်။

၁၈၉၉ အသက် ၁၉ နှစ်အရွယ်တွင် နိုင်ငံရေးအဖွဲ့အစည်းတစ်ခု ဖြစ်သော ရုရှဆိုရှယ်ဒီမိုကရက်တစ်ပါတီသို့ ဝင်ရောက်ခဲ့သဖြင့် ဖောက်ပြန်သည့်အယူဝါဒများကို ဖြန့်ချိသည် ဟူသော စွပ်စွဲချက်ဖြင့်တစ်နှစ် အကြာတွင် သာသနာ့ဝန်ထမ်းကျောင်းမှ ထုတ်ပယ်ခြင်း ခံရလေသည်။ ထို့နောက် စတာလင်သည် တစ်ဖလစ်မြို့ ၌ပင် စာရေးအလုပ်ကို ဝင်ရောက်လုပ်ကိုင်ရင်း၊ ဇာဘုရင် တော်လှန်ရေးလုပ်ငန်းများကို လျှို့ဝှက်လုပ်ကိုင်နေစဉ် ဘုရင့်အစိုးရသည် စတာလင်အား ၁၉ဝ၁ ခုနှစ်၊ အလုပ်သမားများ ဆန္ဒပြပွဲတွင် ပါဝင်သည်ဟု ဖမ်းဆီးကာ ဆိုက်ဗီးရီးယားသို့ နယ်နှင်လိုက်လေသည်။ ၁၉ဝ၄ ခုနှစ်မှ ၁၉၁၇ခုနှစ်များအတွင်း စတာလင်သည် ဆိုက်ဗေးရီးယားမှ လေးကြိမ်တိုင်တိုင် ထွက်ပြေး လွတ်မြောက်ခဲ့သော်လည်း နောက်ဆုံး၌ အဖမ်းခံရသည်ချည်း ဖြစ်၏။

စတာလင်၊လီနင်

၁၉ဝ၃ ခုနှစ်တွင် ဗော်လရှီဗစ်နှင့် မင်ရှီဗစ်ဟူ၍ ရုရှဆိုရှယ် ဒီမိုကရက်တစ်ပါတီ နှစ်ခြမ်းကွဲသွားသောအခါ စတာလင်သည် လီနင်ဦးစီးသော ဗော်လရှီဗစ် အဖွဲ့သို့ လိုက်ပါခဲ့သည်။ ဆိုက်ဗီးရီးယားမှ မကြာခဏ ထွက်ပြေး လွတ်မြောက်ခိုက်အတွင်း စတာလင်သည် ဗော်လရှီဗစ်တို့၏ ပြည်သူ့ တော်လှန်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်လေ၏။ နိုင်ငံရေးသမားအနေဖြင့် ၆ကြိမ်တိုင်တိုင်ဖမ်းဆီးခံခဲ့ရပြီး သံမဏိလူသား ဟူသော၏အမည်ပြောင်ကိုပါ ရရှိခဲ့သည်။ ထို အတောအတွင်း စတာလင်သည် ၁၉ဝ၅ ခုနှစ်တွင် ဖင်လန်နိုင်ငံ ၌ ကျင်းပသော ဗော်လရှီဗစ် ညီလာခံသို့ ကော်ကေးဆပ်နယ် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ရသဖြင့် ခေါင်းဆောင်ကြီး လီနင်နှင့် စတင်တွေ့ရှိခဲ့၍ ၁၉၁၂ ခုနှစ်တွင် ဗော်လရှီဗစ်တို့၏ ဗဟိုအမှုဆောင်တစ်ဦး ဖြစ်လာသည်။ နောင်အခါ၌ ဆိုဗီယက် ရုရှအစိုးရ၏ အာဘော် ဖြစ်လာမည့် ပရာဗဒါ သတင်းစာ၏ စာတည်း အဖြစ်ဖြင့်လည်း ဝင်ရောက် လုပ်ကိုင်ခဲ့သေးသည်။

အာဏာရယူခြင်း[ပြင်​ဆင်​ရန်​]

၁၉၁၇ ခုနှစ်တွင် ဇာဘုရင် အရေးနိမ့်၍ ရုရှတော်လှန်ရေးသမားများဖြစ်သော ဗော်လရှီဗစ်တို့ အာဏာရလာသောအခါ စတာလင်သည် လီနင်ဦးစီးသော ဆိုဗီယက် အစိုးရအဖွဲ့သစ်တွင် လူမျိုးစုရေးရာဝန်ကြီး ဖြစ်လာသည်။ ရှေ့ဆုံးမှဦးဆောင်သူ မဟုတ်သော်လည်း နောက်ပိုင်းကာလများတွင် အလွန်တက်ကြွစွာ လှုပ်ရှားလာသည်။ ဘုရင်စနစ်ကို ဆက်လက်ထားရှိလိုသော ရုရှဖြူများသည် ဗော်လရှီဗစ်တို့၏ ဆိုဗီယက်အစိုးရကို ပုန်ကန်လေရာ စတာလင်သည် ဆိုဗီယက် အစိုးရဘက်မှ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်သဖြင့် ထင်ရှားလာကာ တော်လှန်ရေး စစ်ဦးစီးအဖွဲ့ဝင်တစ်ဦး ဖြစ်လာလေ၏။ သို့ဖြင့် ၁၉၂၂တွင် ကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှုးချုပ် ဖြစ်လာသည်။ ထို့ကြောင့် ဩဇာကြီးသူဖြစ်လာသည်နှင့်အညီ နောင်တွင် ပြိုင်ဘက်ကင်းအာဏာရှင်ဘဝကို တက်နိုင်ရန် ခြေလှမ်းတစ်ရပ်ဖြစ်လာသည်။

လီနင်မကွယ်လွန်မှီကပင် စတာလင်ကို မနှစ်မြို့ကြောင်း အထင်အရှားပြခဲ့ပြီး ရာထူးမှထုတ်ပယ်ရန်လည်း စိတ်ကူးရှိခဲ့သည်။ မိမိအားဆက်ခံရန်အတွက် လီယွန်ထရော့စကီ ကိုလိုလားသည်။ သို့သော် ၁၉၂၄တွင် လီနင်ကွယ်လွန်သည်နှင့် ထိုအချက်များမှာ စတာလင်၏ မထီမဲ့မြင်ပြုခြင်းခံရတော့သည်။ ပါတီအာဏာကိုလည်း အတွင်းပိုင်းမှ အရာရောက်သည့် လက်ဖ်ကာ မိနက်ဖ်ဂရီဂိုရီ ဇိနောဖစ်ဗ် တို့နှင့် ပူးပေါင်းပြီး သုံးဦးကော်မတီဖွဲ့ကာ ချုပ်ကိုင်ထားသည်။ နောက်အချိန်တိုအတွင်း ထရော်စကီနှင့် သူ၏နောက်လိုက်များကို ဖယ်ရှားပြီးနောက် မိနက်ဖ်နှင့် ဇိနော်ဖစ်ဗ် တို့ကိုပါ နှိပ်ကွက်သည်။ စတာလင်သည် ထိုရာထူးကို မိမိဆက်ခံနိုင်ရေးအတွက် လီနင်မကွယ်လွန်မီက ရရှိလိုက်သော ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ရာထူးကို လက်ဝယ်ထားလျက် လီယွန်ထရော့စကီအား လီနင်ဝါဒသွေဖည်ရေးသမား ဟု ကျေညာကာ ကွန်မြူနစ်ပါတီမှ၎င်း၊အစိုးရအဖွဲ့မှ၎င်း ထုတ်နုတ်၍ နိုင်ငံခြားသို့ နှင်လိုက်လေသည်။ ထိုသို့ ပါတီတွင်း လူကြိုက်များသူများနှင့် နောက်လိုက်များကို ရှင်းလင်းပြီးနောက်တွင် စတာလင်သည် မိမိစိတ်တိုင်းကျ လမ်းစဉ်များကို ချမှတ်အုပ်ချုပ်သည်။ ထိုမှမကြာမှီပင် ပါတီတွင်းမှမိမိကိုထောက်ခံသူ လက်ယာယိမ်းများအား ခြေမှုန်းပြန်သည်။ ဤသို့ဆိုလျှင် ၁၉၃၄ မှ စကာ စတာလင်တစ်ယောက် ဆိုဗီယက်ပြည်ထောင်စု၏ တစ်ဦးတည်းသော အာဏာရှင်ဖြစ်လာတော့သည်။

အုပ်စိုးသူဘဝ[ပြင်​ဆင်​ရန်​]

ထို့နောက် စတာလင်သည် သူ၏ အစိုးရအဖွဲ့အား အတိုက်အခံပြု၍ ယှဉ်ပြိုင်သူများနှင့် သူ့အစိုးရအဖွဲ့၏ ဩဇာကို မညောင်းသူတို့အား ဖယ်ရှားရန် လျှို့ဝှက်ရဲအဖွဲ့များ ဖွဲ့စည်းခဲ့လေသည်။ သို့နှင့်ပင် ရုရှနိုင်ငံ၏ အာဏာရှင် ခေါင်းဆောင် ကြီးဟု အများက အသိအမှတ်ပြုလာကြရလေသည်။ အာဏာရသည်နှင့် မိမိနှင့် သဘောထားမညီသူများကို နိုင်ငံတဝန်း ပိုက်စိတ်တိုက်ရှာဖွေပြီး သတ်ဖြတ်သုတ်သင်တော့သည်။ အကြမ်းအားဖြင့် သုံးသည့်နည်းမှာ ရုတ်တရက်ဝင်ရောက်သာ့ဗ် မှာ ပထမဆုံး သုတ်သင်ခံရသူဖြစ်လာသည်(၁၉၃၄ ဒီဇင်ဘာ ၁)။ ထိုနောက် ထိုကိစ္စကိုပင် အကြောင်းပြကာ သုတ်သင်မှုပေါင်း မရေမတွက်နိုင်အောင် ဆက်လက်ပြုလုပ်သည်။ သို့ဖြင့် ၁၉၄၀ အရောက်တွင် ၁၉၁၇တော်လှန်ရေးနှင့် ၁၉၃၄ပါတီကွန်ဂရက်တွင် ပါဝင်ခဲ့သည့် ပါတီတွင်း ကျော်ကြားသူများမှာ မကျန်တော့ဟုပြောရလောက်အောင် ဖမ်းဆီး အပြစ်ပေး၊သုတ်သင်ခံခဲ့ရပြီဖြစ်သည်။ လျှို့ဝှက်ပလိပ်များ၊ထောက်လှမ်းရေးများကို အသုံးပြုပြီး မည်သည့်အကြောင်းပြချက်မျှ မပေးပဲ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ဆိုက်ဗေးရီးယားသို့ နယ်နှင်ခြင်း၊ သတ်ဖြတ်ခြင်း အစရှိသည်တို့ကို သွက်လက်စွာအသုံးပြုသည်။ ခေါင်းဆောင်ပိုင်းမှလူများကို သုတ်သင်ရာတွင် ပြည်သူတို့ရှေ့တွင် ပါတီနှင့် တော်လှန်ရေးဦးတည်ချက်များကို သစ္စာဖောက်သည်ဟု ကိုယ်တိုင်ဝန်ခံစေပြီး သေဒဏ်စီရင်သည်။ ေ၀ဖန်ခြင်း နှင့် ကဲ့ရဲ့ပြောဆိုခြင်းကို နည်းနည်းလေးမှ သီးခံခြင်းမရှိပေ။သို့ဖြင့် ၁၉၄၀မှစကာ အစိုးရ၏လက်တံများသည် လူထုအလွှာအသီးသီးထဲသို့ ပျံနှံဝင်ရောက်ပြီးဖြစ်ကာ အများဆန္ဒဆိုသည်မှာလည်း ဆိတ်သုဉ်းရတော့သည်။

စီးပွားရေးတည်ဆောက်မှု[ပြင်​ဆင်​ရန်​]

စတာလင်သည် ရုရှနိုင်ငံ ခေါင်းဆောင်ကြီးအဖြစ် အာဏာရ လာသောအခါ မိမိတိုင်းပြည်ကို စိုက်ပျိုးရေး နိုင်ငံမှ စက်မှု လက်မှု နိုင်ငံအဖြစ်သို့ ပြုပြင်ပြောင်းလဲရန် ငါးနှစ်စီမံကိန်း တစ်ရပ်ကို ရေးဆွဲလေသည်။ ယင်းစီမံကိန်းကို အကောင် အထည်ဖော်ရာ၌ နှောင့်နှေး ကြန့်ကြာစေသော ကွန်မြူနစ် စည်းမျဉ်းအချို့ကို ပြုပြင်သည်။ ရုရှနိုင်ငံ၌ ရေအားသုံး လျှပ် စစ်ဓာတ် အားပေး စခန်းများ၊ စက်ရုံကြီးများ အများအပြား ပေါ်ပေါက်လာခဲ့သည်မှာ စတာလင်၏ ငါးနှစ်စီမံကိန်း ဆောင် ရွက်ချက်များပင် ဖြစ်၏။

စီးပွားရေးပုံဖေါ်ပုံမှာ စိုက်ပျိုးရေးကို အမိန့်ပေးသည့် အသီးအနှံကိုသာ စုပေါင်းစိုက်ပျိုးစေသည့် စီမံကိန်းစနစ်ဖြစ်သည်။ တောင်သူလယ်သမားများ အတွက်အလွန်မှ အဆင်မပြေဖြစ်ရကား အငတ်ဘေးကြောင့်သော်လည်းကောင်း၊ အမိန့်မနာခံခြင်းကြောင့် နယ်နှင်ဒဏ်၊သေဒဏ်ပေးခြင်း တို့ကြောင့် လည်းကောင်း လူ့အသက် သန်းနှင့်ချီဆုံးရှုံးပြီးမှ ထိုစီမံကိန်းစနစ် အောင်မြင်သည်ဟု ဆိုသည်။

စက်မှုကဏ္ဌတွင်လည်း အထက်ပါအတိုင်း စီမံကိန်းများချမှတ်ကာ နှစ်တိုငါးနှစ်စီမံကိန်းများဖြင့် တွန်းအားပေးသည်။ ရေတိုအတွင်း အလျင်အမြန်ဖြစ်ထွန်းသော်လည်း ညံ့ကွက်၊ဟာကွက်များမနည်းသည်မှာ ထင်ရှားလှသည်။ ဒုတိယကမ္ဘာစစ်ကြောင့် အမြောက်အမြားဆုံးရှုံးသော်လည်း ထိုစီမံကိန်းမူဝါဒကြောင့် စစ်ပြီးကာလတွင် အချိန်တိုအတွင်း ကမ္ဘာ့ဒုတိယအကြီးဆုံး စက်မှုနိုင်ငံအဖြစ်ရောက်လာသည်။ သို့သော်သူမရှိသည်နောက်ပိုင်း စစ်အေးကာလတစ်လျှောက်လုံးတွင် စီမံကိန်းစနစ်၏ အားနည်းချက်များကြောင့် ဆိုဗီယက်ပြည်ထောင်စု၏ စီးပွားရေးမှာ အလွန်ကျပ်တည်းလာခဲ့ရသည်။

သို့သော် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွား လာသဖြင့် ယင်းစီမံကိန်းများ၏ လုပ်ငန်းစဉ်များကို ရပ်ဆိုင်းခဲ့ ရသည်။

ဒုတိယကမ္ဘာစစ်၊စစ်အေး နှင့် စတာလင်[ပြင်​ဆင်​ရန်​]

ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားစ ၁၉၃၉ ခုနှစ်၊ စက်တင် ဘာလတွင် စတာလင်သည် ဂျာမနီအာဏာရှင်ဟစ်တလာနှင့် မကျုးကျော်ရေး စာချုပ် ချုပ်ဆိုလေသည်။ နှစ်ပတ်အကြာတွင် ဟစ်တလာက ပိုလန်အနောက်ပိုင်းကို ဝင်ရောက်တိုက်ခိုက်သလို မရှေးမနှောင်းတွင် စတာလင်၏ ဆိုဗီယက်တပ်များက ပိုလန်အရှေ့ခြမ်းကို သိမ်းယူသည်။ ထိုနောက်ပိုင်းတွင် လတ်ဗီးယား ၊ လစ်သူယေးနီးယား နှင့် အက်စတိုးနီးယား တို့ကို ဆက်တိုက်သိမ်းယူပြီး ထိုနိုင်ငံငယ်လေးများကလည်း လက်နက်ချကြသဖြင့် ဆိုဗီယက်ပြည်ထောင်စုဝင် ပြည်နယ်များ ဖြစ်ရသည်။ ရိုမေးနီးယားကို ခြိမ်းခြောက်အညံ့ခံစေပြီး ဖင်လန်မှာ အညံ့မခံသဖြင့် တိုက်ယူသည်။ ထိုသို့တိုက်ရသည့် အအကြောင်းပြချက်မှာ နာဇီဂျာမနီရန်မှ ကာကွယ်ရန်ဟု ဆိုသော်လည်း စစ်ပြီးသော် ထိုနိုင်ငံများကို ပြန်လည် လက်မလွတ်တော့ပဲ ဆက်လက်အုပ်ချုပ်သည်။

ဂျာမန်တို့၏ ပရိယာယ်ကို ကောင်းစွာ ရိပ်စားမိသော စတာလင်သည် ရုရှ နိုင်ငံ ကာကွယ်ရေးအတွက် အစွမ်းကုန် ကြိုတင်ပြင်ဆင်မှုများ ပြုလေသည်။ ၁၉၄၁ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့တွင် ဂျာမန်တပ် များ ရုရှနိုင်ငံကို ရုတ်တရက် ဝင်တိုက်သောအခါ စတာလင် သည် ရုရှနိုင်ငံ၏ စစ်သေနာပတိချုပ်အဖြစ်ဖြင့် ဂျာမန်တို့အား ဝံ့ဝံ့စားစား ခုခံခဲ့လေသည်။ ထိုကဲ့သို့ ဂျာမန်တို့၏ ထိုးစစ်ကို အလူးအလဲ ခုခံနေရခိုက် စတာလင်သည် ရုရှနိုင်ငံ၏ဝန်ကြီးချုပ် အဖြစ်ဖြင့်၎င်း၊ ကာကွယ်ရေးဝန်ကြီး အဖြစ်ဖြင့်၎င်း၊ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် အဖြစ်ဖြင့်၎င်း၊ ကြီးလေးသော တာဝန်ဝတ္တရားများကို ပူးတွဲထမ်းဆောင်၍၊ ရုရှ နိုင်ငံအား ဂျာမန်တို့လက်မှ ကယ်တင်ခဲ့သည်သာမက၊ ဂျာမနီ အရှေ့ပိုင်းကိုပင်လျှင် သိမ်းပိုက်နိုင်ခဲ့လေသည်။ ထိုကြောင့် ၁၉၄၃ ခုနှစ်တွင် မာရှယ်စစ်သူကြီး အဆင့်အတန်းကို ရရှိခဲ့ လေသည်။

စစ်အပြီးအရှေ့ဥရောပ နိုင်ငံများတွင် ရုရှားတပ်များ ချထားခဲ့သည့် အခြေခံဖြင့် ကွန်မြူနစ်အစိုးရများကို တည်ထောင်ပေးသည်။ သို့ဖြင့် စစ်အေးတိုက်ပွဲပေါ်ပေါက်လာရပြီး အမေရိကန်ဦးဆောင်သည့် အနောက်ခြမ်းနှင့် ဆိုဗီယက်ဦးဆောင်သည့် အရှေ့ခြမ်းတို့ နှစ်ပေါင်း ၄၀ကျော်မျှ အားပြိုင်ကြတော့သည်။ ထိုစစ်အေးကာလအတွင်း တစ်ဖက်နှင့်တစ်ဖက် အဏုမြူလက်နက်များဖြင့် အပြန်အလှန် ခြိမ်းခြောက်ကြပြီး လူသားမျိုးနွယ်တစ်ခုလုံး အတွက် စိုးရွံဖွယ်ရာများကို ဖြစ်ပေါ်စေခဲ့သည်။

စတာလင်၊ ရုစဗဲ့ နှင့် ချာချီ

ဆိုဗီယက်တပ်များမရှိသည့် ယူဂိုစလားဗီးယားပြည်ထောင်စုတွင် ကွန်မြူနစ်အစိုးရပေါ်ပေါက်သော်လည်း စတာလင်၏ဩဇာ မခံသည့်အတွက် အခြားဥရောပကွန်မြူနစ်နိုင်ငံများတွင် ထိုနည်းတူဖြစ်မည်ကို ကာကွယ်သည့်အနေဖြင့် ဖြုတ်၊ထုတ်၊သတ် လမ်းစဉ်ကိုကျင့်သုံးပြန်သည်။ သို့ဖြင့် စစ်အေးကာလများအတွင်း ဆိုဗီယက်ထောက်လှမ်းရေးအဖွဲ့ ကေဂျီဘီ မှာလည်း နာမည်ကျော်လာသည်။

ဒုတိယ ကမ္ဘာစစ်ကြီး ပြီးသွားသောအခါ စတာလင်သည် ရုရှနိုင်ငံ ပြန်လည်ထူထောင်ရေးအတွက် စတုတ္ထအကြိမ်မြောက် ငါးနှစ်စီမံကိန်းများကို ဆက်လက်လုပ်ကိုင်သွားခဲ့သည်။

ဘဝနိဂုံး နှင့်နောက်ဆက်တွဲ[ပြင်​ဆင်​ရန်​]

၁၉၅၃ ဇန်နဝါရီလတွင် ဆရာဝန်များအား ဆိုဗီယက်အစိုးရအရာရှိကြီးများကို သေကြောင်းကြံသည် ဟူသောစွပ်စွဲချက်ဖြင့် အစုလိုက်အပြုံလိုက်ဖမ်းစေသည်။ သို့ဖြင့် အများက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးပြန်ကြုံရတော့မည့်အရေးကြောင့် စိတ်ခြောက်ခြားနေရစဉ် ၅၊မတ် တွင် ကရင်မလင်မှ အသက် ၇၃နှစ်အရွယ်ရှိ အာဏာရှင်ကြီး စတာလင် ကွယ်လွန်လေသည်။ အလောင်းကို လီနင်နည်းတူ ရင်ပြင်နီတွင် ဆေးစီရင်ပြီး အများကြည့်ရှုခွင့်ပေးခဲ့သေးသော်လည်း နောက်ပိုင်းတွင် ဆိုဗီယက်အာဏာရှင်ဖြစ်လာသည့် နီကီတာ ခရူးရှော့ဗ်က အလောင်းကို ထုတ်ယူပြီး လူထုရှေ့မှောက်တွင် ကြိမ်ဖြင့် ရိုက်ကာ အရှက်ခွဲရှုံချခဲ့သည်။

လီနင်၏ အလောင်းနှင့် ယှဉ်ကာတွေ့ရသည့် စတာလင်၏ အလောင်း

မိသားစု[ပြင်​ဆင်​ရန်​]

၁၉၀၄တွင်လက်ထပ်သည့် ပထမဇနီးမှာ နှစ်နှစ်အကြာတွင် အဆုပ်ရောဂါဖြင့် လွန်ပြီး ဂျကော့ အမည်ရှိ သားတစ်ယောက် ကျန်ခဲ့သည်။ သို့သော်ထိုသားမှာလည်း ဒုတိယကမ္ဘာစစ်အတွင်း ဆိုဗီယက်တပ်တွင် တာဝန်ထမ်းရာမှ ဂျာမနီတို့ ဖမ်းဆီးခြင်းခံရသည်။ ဂျာမနီက အကျဉ်းသားဖြင်းလဲလှယ်ရန် တောင်းဆိုသော်လည်း စတာလင်က လက်မခံသဖြင့် ဂျကော့ တစ်ယောက် ဂျာမနီအကျဉ်းစခန်းအတွင်း ကွယ်လွန်ရှာသည်။

၁၉၁၉ ဒုတိယအကြိမ်အိမ်ထောင်ပြုပြီး ၁၉၃၂အရောက်တွင် ထိုဒုတိယ ဇနီး ကိုယ့်ကိုယ်ကို သေကြောင့်ကြံပြီးသေသည်။ သားတစ်ယောက်၊သမီးတစ်ယောက် ကျန်ရစ်သည်။ သားမှ ဆိုဗီယက်လေတပ်တွင် အမှုထမ်းသည်။ အရက်အလွန်အကျွံသောက်ပြီး ၁၉၆၂တွင် သေသည်။ သမီးဖြစ်သူ ဆဗက်လာနာမှာ ၁၉၆၇တွင် အမေရိကန်ပြည်ထောင်စု သို့ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ [၁]

၁၉၄၇ ခုနှစ်တွင် စတာလင်သည် စစ်သူကြီးရာထူးကို စွန့်လွတ်၍ ရုရှ နိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ်ဖြင့် ဆောင်ရွက်ယင်း ၁၉၅၃ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ကွယ်လွန်လေသည်။[၂]

ရည်ညွှန်းကိုးကား[ပြင်​ဆင်​ရန်​]

  1. ကျော်စွာ၁၀၀-ဒေါက်တာသန်းထွန်း
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)