စစ်ဥပဒေချုပ်
| စစ်ဥပဒေချုပ် | |
|---|---|
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)တံဆိပ် | |
တာဝန်ထမ်းဆောင်ဆဲပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် | |
| ကကဥ | |
| အမျိုးအစား | စစ်ဘက်ဆိုင်ရာ ရာထူး |
| အစီရင်ခံရသူ | |
| ရုံးတည်နေရာ | စစ်ရုံး၊ နေပြည်တော် |
| ခန့်အပ်သူ | |
| အဆင့် / တံဆိပ် အဆောင်အယောင်များ | |
ဒုတိယဗိုလ်ချုပ်ကြီး | |
စစ်ဥပဒေချုပ် (အင်္ဂလိပ်: Judge Advocate General)သည် တပ်မတော်၏ ရာထူးအဆင့်အတန်း တစ်ခုဖြစ်သည်။ ၁၉၄၈ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် စစ်ရုံးဖွင့်ချိန် စစ်ရုံးလက်အောက်တွင် စစ်ဥပဒေချုပ်ရုံးသည် ဌာနကြီးတစ်ခုအနေဖြင့် ပါဝင်ခဲ့သည်။ စစ်ဥပဒေချုပ်သည် ယင်းဌာနကြီး၏ အကြီးအကဲ ဖြစ်သည်။ယခင်က ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် ထားရှိခဲ့သော်လည်း ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လက်အောက်ရှိ ဌာနကြီးရုံးတစ်ခု ဖြစ်သွားခဲ့သည်။ လက်ရှိ စစ်ဥပဒေချုပ် ရာထူး၏ အဆင့်သတ်မှတ်ချက်သည် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်သည်။ စစ်ဥပဒေချုပ်သည် တပ်မတော်အက်ဥပဒေများနှင့် နည်းဥပဒေများကို တာဝန်ခံဆောင်ရွက်ရသည်။
သမိုင်းကြောင်း
[ပြင်ဆင်ရန်]စစ်ဥပဒေချုပ်ရုံး သည် လွတ်လပ်ရေးကြိုးပမ်းမှုကာလကတည်းက တပ်မတော် နှင့်အတူ ပူးတွဲပေါ်ပေါက်လာသည့် ရုံးအဖွဲ့အစည်း တစ်ခုဖြစ်ပြီး ရှည်လျားသည့် သမိုင်းကြောင်းရှိခဲ့သည်။ ဗြိတိသျှတို့ကို ဂျပန် အကူအညီဖြင့် တိုက်ထုတ်ပြီးနောက် ၁၉၄၂ ခုနှစ် ဇူလိုင် ၂၇ ရက် တွင် ပျဉ်းမနားမြို့၌ ဗမာ့ကာကွယ်ရေးတပ်မတော် ၏ ဗဟိုစစ်ရုံးချုပ် ခေါ် ဗမာ့ကာကွယ်ရေးစစ်ဌာနချုပ်ရုံးကို ဖွဲ့စည်းတည် ထောင်ခဲ့စဉ်ကတည်းက ထည့်သွင်း၍ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်အခါက ယင်းစစ်ဌာနချုပ်ရုံးတွင် စစ်ဦးစီးဌာန၊စစ်လက်နက်ပစ္စည်းဌာန ၊စစ်သားစုဆောင်းရေးဌာန၊ရိက္ခာထောက်ပံ့ရေးဌာန၊ဆေးဘက်ဆိုင်ရာဌာန၊စာရင်းအင်းဆိုင်ရာဌာန အပါအဝင် အထွေထွေဌာန တို့နှင့်အတူ စစ်ဘက် ဥပဒေရေးရာကိစ္စများဆောင်ရွက်နိုင်ရန် နောင်တွင် စစ်ဥပဒေချုပ်ရုံးဖြစ်လာမည့် တရားဘက်ဆိုင်ရာဌာန သည် ဌာနတစ်ခုအဖြစ် ပါဝင်ခဲ့သည်။ ယင်းနောက် တရားရေးဌာန ဟု အမည်ပြောင်းလဲခဲ့၏။
ဗမာ့ကာကွယ်ရေးတပ်မတော် ဗဟိုစစ်ရုံးချုပ်၏ ၁၉၄၂ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်နေ့စွဲပါ စာအရ တရားရေးဌာန၏ တာဝန်ခံမှာ ဗိုလ်ကြီး ဘိုးကွန်း ဖြစ်သည်။ အရာရှိ၊ အရာခံများ နှင့် စစ်သည်များ လိုက်နာကြရမည့် တာဝန်ဝတ္တရားများ နှင့် စစ်စည်းမျဉ်းဥပဒေများကို ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ် အောင်ဆန်းသည် အခါအားလျော်စွာ ထုတ်ပြန်ခဲ့သည်။ ထိုစည်းမျဉ်းဥပဒေများကို ဗဟိုစစ်ရုံးချုပ်၏ တရားရေးဌာန တာဝန်ခံဗိုလ်ကြီး ဘိုးကွန်းက လက်မှတ်ရေးထိုး ထုတ်ပြန်ပေးရသည်။
၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံအား လွတ်လပ်ရေးကြေညာပေးခဲ့ချိန် ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း၏ စစ်ဝန်ကြီးရုံးအား ဌာနများ အသီးသီးဖြင့် ဖွဲ့စည်းခဲ့ရာတွင်လည်း စစ်ဝန်ကြီးရုံးအောက်၌ တရားဌာနခွဲကိုလည်း ထည့်သွင်း ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ယင်းဌာနခွဲသည် ဥပဒေနှင့်ပတ်သတ်သည့် ပြဿနာများ၊ စစ်ဥပဒေ နှင့် စည်းမျဉ်းများပြုလုပ်ရေး၊ တရားဌာနဆိုင်ရာဝန်ထမ်းအဖွဲ့ကိစ္စ နှင့် အမှုထမ်းများအားဆိုင်ရာပညာသင်ကြားလေ့လာပေးခြင်း၊ စစ်ထောက်ကိစ္စ၊ စစ်စည်းကမ်း နှင့် စစ်ရဲတပ်ဖွဲ့ တို့ကို ဆောင်ရွက်ရသည်။ တရားဌာနခွဲကို ဗိုလ်ကြီး ဘစိန် က တာဝန်ယူရသည်။[၁]
၁၉၄၅ ခုနှစ် ဇူလိုင် ၂၃ ရက် မှစ၍ ဗမာ့တပ်မတော် ကို မျိုးချစ်ဗမာ့တပ်မတော် ဟု တရားဝင်ပြောင်းလဲခဲ့ချိန်တွင်လည်း တပ်ရေးချုပ်ဌာနကြီး ၌ ဥပဒေဌာန အနေဖြင့် ပါဝင်ခဲ့ရပြီး ဗိုလ်ကြီး ဘစိန် ကပင် ယင်းဌာန ကို ဆက်လက် ဦးဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဗိုလ်ချုပ်ကြီး ဆလင်း ၏ အမှတ် ၁၄ ဗြိတိသျှတပ်တော်က ရန်ကုန်မြို့ကို သိမ်းပိုက်ပြီး ၁၉၄၅ ခုနှစ် ဩဂုတ် ၁၅ ရက် တွင် ဂျပန်တို့လက်နက်ချကာ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသွားချိန် မျိုးချစ်ဗမာ့တပ်မတော်သားများ ပါဝင်ဖွဲ့စည်းထားသော ဗမာ့လက်နက်ကိုင် တပ်ရင်း (၃)ရင်း အပါအဝင် ဗမာ့တပ်မတော်တပ်ရင်း (၁၁)ရင်းသည် မြို့ကြီး ကိုးမြို့တွင် တပ်ရင်းတစ်ရင်းစီနှင့် ရန်ကုန်မြို့တွင် တပ်ရင်း (၂)ရင်းတို့ဖြင့် အခြေစိုက်နေရာချခံထားရပြီး ဥပဒေဌာနအပါအဝင် စစ်ရုံး၏ တစ်ခြားသော လုပ်ငန်းများသည်လည်း မှေးမှိန်သွားသည်။
၁၉၄၇ ခုနှစ် မေလ စစ်ပြီးကာလ မြန်မာ့လွတ်လပ်ရေး နီးကပ်လာချိန်တွင် မြန်မာနိုင်ငံ၌ စစ်ရုံးထားရှိရေးအတွက် စစ်ရုံးဖွဲ့စည်းရေး စီမံချက်များကို ဗြိတိသျှအာဏာပိုင်အချို့အပါအဝင် သက်ဆိုင်ရာ မြန်မာ့ ကာကွယ်ရေးဌာန တာဝန်ရှိသူများက ရေးဆွဲခဲ့ကြသည်။ ဘဏ္ဍာရေးဆိုင်ရာကိစ္စကို စစ်စာရင်းဝန် ဦးစန်းမောင် က ရေးဆွဲသည်။ စစ်ရုံးတွင် ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုများအား ဦးစီးကွပ်ကဲသူမှာ စစ်ဦးစီးချုပ် ဖြစ်ပြီး ၎င်းအောက်တွင် ဒုတိယစစ်ဦးစီးချုပ်၊ ရေတပ်ဦးစီးမှူး၊ လေတပ်ဦးစီးမှူး၊ စစ်ရေးချုပ် နှင့် စစ်ထောက်ချုပ် တို့ပါဝင်ကာ စစ်ရေးချုပ် လက်အောက်တွင် စစ်ဥပဒေချုပ်၊ စစ်ရာထူးခန့်အတွင်းဝန် နှင့် ဒုတိယစစ်ရေးချုပ်ရုံးခွဲများဖြင့် ထားရှိကြရန် စီစဉ်ခဲ့ကြသည်။ စစ်ဥပဒေချုပ် သည် စစ်ဘက်တရားစီရင်ရေးကိစ္စများ နှင့် စစ်ဘက်ဥပဒေကြောင်းဆိုင်ရာ လေ့ကျင့်ပညာပေးခြင်းတို့ကို တာဝန်ယူဆောင်ရွက်ရမည့် တာဝန်ကိုပေးအပ်ခဲ့သည်။ ယင်းကဲ့သို့ စီစဉ်ချက်အား ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် တွင် ဘဏ္ဍာရေး နှင့် အခွန်တော်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာရင်းစစ်ချုပ်ရုံး၊ စစ်ငွေစာရင်းဝန်ရုံး၊ ဗမာ့တပ်မတော်စစ်ဌာနချုပ်၊ ရေတပ် နှင့် လေတပ် ကိုယ်စားလှယ်များပါသော အစည်းအဝေးက ပိုမိုကောင်းမွန်စေရန် ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ကြသည်။
၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက် တွင် ဒသမအကြိမ်မြောက် ဝန်ကြီးများအစည်းအဝေးသည် ကာကွယ်ရေးဌာနမှ တင်ပြချက်များကို ပြင်ဆင်မှုအချို့ ပြုလုပ်ပြီး အတည်ပြုခဲ့မှုများတွင် စစ်ဥပဒေချုပ် အစား လက်ထောက်စစ်ဥပဒေချုပ်ဟူသော အခေါ်အဝေါ်ပြင်ဆင်ချက်နှင့် ကနဦးတင်ပြထားသည့် စစ်ရေးချုပ်၏ လက်အောက်တွင် မထားရှိတော့ဘဲ ဌာနကြီးတစ်ခုအဖြစ် ကာကွယ်ရေးဝန်ကြီးလက်အောက်သို့ ထားရှိသွားမည့် အချက်ပါဝင်ခဲ့သည်။[၂]
၁၉၄၈ ခုနှစ် ဧပြီလ ၂ ရက် တွင် ကျင်းပသော ဝန်ကြီးများအစည်းအဝေးက ဤသို့ဖြင့် မြန်မာနိုင်ငံ၌ စစ်ရုံးဖွဲ့စည်းခြင်းအတွက် လိုအပ်သော ဘဏ္ဍာရေး အာဏာများကို ဘဏ္ဍာရေး နှင့် အခွန်တော်ဝန်ကြီးဌာန၏ သဘောတူညီချက်ရယူစေမှုဖြင့် အတည်ပြုပေးခဲ့သည်။
၁၉၄၈ ခုနှစ် မတ်လ ၆ ရက် တွင် စစ်ရုံးဖွဲ့စည်းခြင်းအား နိုင်ငံတော်သမ္မတ စပ်ရွှေသိုက်က တရားဝင်လက်မှတ်ရေးထိုး အမိန့်ထုတ်ပြန်ခဲ့သည်။ သို့သော် စစ်ရုံး၏ ဘဏ္ဍာရေးအခွင့်အာဏာများနှင့် စပ်လျဉ်း၍ စီစဉ်ညှိနှိုင်ရမှုများကြောင့် ၁၉၄၈ ခုနှစ် မေ ၈ ရက် တွင်မှ တရားဝင် ဖွင့်လှစ်နိုင်ခဲ့သည်။
ဤသို့ဖြင့် စစ်ရုံးတွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ် စမစ်ဒွန်း ၊ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောကြာဒိုး၊ စစ်ရေးချုပ် ဗိုလ်မှူးကြီး ကျော်ဝင်း၊ စစ်ထောက်ချုပ် ဗိုလ်မှူးကြီး စောဒေါ်နီ၊ ရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်မှူးကြီး ခင်မောင်ဘို၊ လေတပ်ဦးစီးချုပ် ဒုတိယဗိုလ်မှူးကြီး အက်(စ်)ရှီးရှိုး၊ လက်ထောက် စစ်ဥပဒေချုပ် ဗိုလ်မှူးမောင်မောင်၊ စစ်ရာထူးခန့်အတွင်းဝန် ဗိုလ်မှူး ခင်ဇာမုန်၊ စစ်ရုံးအမြဲတမ်းအတွင်းဝန် ဦးဘတင့်၊ စစ်ပစ္စည်းထောက်ပံ့ရေးညွန်ကြားရေးမှူး ဦးသိန်းအောင်၊ စစ်စာရင်းဝန် ဦးသန်းမောင် တို့ဖြင့် စစ်ဥပဒေချုပ်ရုံးဟူ၍ စတင်ပေါ်ပေါက်လာခဲ့သည်။
၁၉၅၂ ခုနှစ် စက်တင်ဘာ ၁၉ ရက် တွင် ကျင်းပသော ကာကွယ်ရေးဝန်ကြီး ဦးဗဆွေ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည့် ကာကွယ်ရေးဌာနကောင်စီအစည်းအဝေးအရ စစ်ရုံးသည် ထိုအချိန်မှစ၍ စစ်ဌာနချုပ်ကြီးတစ်ရပ်အစား နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရသည့် ဝန်ကြီးဌာနအဖွဲ့အစည်းကြီးအဖြစ်သို့ စတင်ရောက်ရှိသွားပြီး စစ်ဥပဒေချုပ်ရုံးသည်လည်း ကာကွယ်ရေးဝန်ကြီးဌာနအောက်သို့ ရောက်ရှိသွားခဲ့သည်။
စစ်ရုံးကို ကာကွယ်ရေးဝန်ကြီးဌာနဟူ၍ ပြင်ဆင်ဖွဲ့စည်းပြီးနောက် ကြည်း၊ ရေ၊ လေ လက်ရုံးတပ်များသည် ကာကွယ်ရေးဦးစီးချုပ်၏ လက်အောက်သို့ ရောက်ရှိသွားပြီး တစ်ခုတည်းသော တပ်မတော် ဖြစ်လာခဲ့သည့်အတွက် စစ်စည်းကမ်းထိန်းသိမ်းရေး နှင့် စပ်လျဉ်း၍ တစ်ပြေးညီဆောင်ရွက်နိုင်ရန် တစ်သီးတစ်ခြားစီ ရှိနေခဲ့ကြသည့် ကြည်းတပ်ဆိုင်ရာ ဗမာ့တပ်မတော် အက်ဥပဒေ၊ ရေတပ်ဆိုင်ရာ ဗမာ့ရေတပ်မတော် စစ်စည်းကမ်းဥပဒေ နှင့် ဗမာ့ လေတပ်မတော်ဆိုင်ရာ (စစ်စည်းကမ်း)တို့ကို ပေါင်းစည်းပြင်ဆင်ဖြည့်စွက်ရန် ကြိုးပမ်းမှုပေါ်ပေါက်လာခဲ့သည်။ တပ်မတော်သားတိုင်း စစ်စည်းကမ်းဥပဒေ တစ်မျိုးထဲ လိုက်နာကျင့်သုံးနိုင်ရေး တပ်မတော်အက်ဥပဒေ တစ်ရပ် ရေးဆွဲရေးကို ကာကွယ်ရေးဦးစီးချုပ်က စစ်ရေးချုပ်ရုံးကို တာဝန်ယူဆောင်ရွက်စေခဲ့သည်။
၁၉၅၄ ခုနှစ် ဧပြီ ၃ ရက် နေ့ တွင် စစ်ရေးချုပ်ရုံးသည် စစ်ဥပဒေချုပ်ရုံး၏ အဖွဲ့ဝင်များပါပါသည့် အဖွဲ့ဝင် ၈ ဦးပါ ကော်မတီတစ်ရပ် ဖွဲ့စည်းပြီး တပ်မတော်သားအားလုံးအကျုံးဝင်မည့် အက်ဥပဒေ တစ်ရပ် ရေးဆွဲရေးကို ဆောင်ရွက်ခဲ့သည်။ ယင်းကော်မတီသည် အကြိမ်ပေါင်း ၁၄၃ ကြိမ် ညှိနှိုင်းပြီး ၁၉၅၇ ခုနှစ် ဇွန်လတွင် ဗမာ့တပ်မတော် အက်ဥပဒေမူကြမ်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲ ပြီးစီးခဲ့သည်။
၁၉၅၇ ခုနှစ် စက်တင်ဘာ ၄ ရက် တွင် ကာကွယ်ရေးဌာနကောင်စီက ထိုမူကြမ်းကို လက်ခံအတည်ပြုကာ နိုင်ငံတော်ရှေ့နေချုပ် ဒေါက်တာဘဟန် ၏ အကြံပြုချက်များဖြင့် မြန်မာဘာသာ ပြန်ဆိုပြီး ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ လတွင် အပြီးသတ်ခဲ့သည်။
၁၉၅၉ ခုနှစ် စက်တင်ဘာလ ၇ ရက် တွင် ပြည်သူ့လွှတ်တော် နှင့် ထိုနှစ် စက်တင်ဘာ ၁၄ ရက် တွင် လူမျိုးစုလွှတ်တော် တို့ကို ဗမာ့တပ်မတော်အက်ဥပဒေ ကို လက်ခံအတည်ပြုပေးခဲ့ပြီး၊စက်တင်ဘာ ၂၅ ရက် တွင် နိုင်ငံတော်သမ္မတ မန်းဝင်းမောင် က အတည်ပြုပြဋ္ဌာန်း ပေးခဲ့သည်။ထို့နောက် ကာကွယ်ရေးဝန်ကြီးဌာန က ကြေညာချက်အမှတ် ၆၄/၆၀ ဖြင့် တပ်မတော်တစ်ရပ်လုံး ယင်းဥပဒေကို ၁၉၆၀ ပြည့်နှစ် ဇွန် ၁ ရက် ကစပြီး ကျင့်သုံးလာခဲ့သည်။
ဤသို့ဖြင့် စစ်ဥပဒေချုပ်ရုံးသည် စစ်ဘက်တရားစီရင်ရေးကိစ္စများ နှင့် စစ်ဘက်ဥပဒေကြောင်းဆိုင်ရာ လေ့ကျင့်ပညာပေးခြင်းတို့ကို ပီပီပြင်ပြင် ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ခဲ့ကြသည်။ ၁၉၅၇ ခုနှစ် တပ်မတော်ညီလာခံတွင် စစ်ဥပဒေချုပ်ရုံးသည် စစ်တရားဥပဒေချုပ်ရုံး အမည်ဖြင့် အမည်အခေါ်အဝေါ် ပြောင်းလဲသုံးစွဲခဲ့ဖူးသည့် မှတ်တမ်းရှိခဲ့သည်။ သို့သော်လည်း ၁၉၅၉ ခုနှစ် တပ်မတော်ညီလာခံ နောက်ပိုင်းကစ၍ မူလအမည် စစ်ဥပဒေချုပ်ရုံးဖြင့်သာ ယနေ့အထိ ဆက်လက်တည်ရှိနေခဲ့သည်။
၁၉၇၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် တပ်မတော်သည် ပြင်ဆင်ချက် (၂၂) ဖြင့် စစ်ဥပဒေချုပ် ၏ ရာထူးအဆင့်ကို ဗိုလ်မှူးကြီး အဆင့်မှ ဗိုလ်မှူးချုပ် အဆင့် သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။[၃] ၁၉၉၅ ခုနှစ် နောက်ပိုင်းကာလတွင်မူ စစ်ဥပဒေချုပ်၏ ရာထူးအဆင့်ကို 'ဗိုလ်မှူးချုပ်' အဆင့်မှ 'ဗိုလ်ချုပ်' အဆင့် သို့ ပြောင်းလဲသတ်မှတ်ခဲ့သည်။ ယင်းနောက် ၂၀၀၈ ခုနှစ် နောက်ပိုင်းမှ လက်ရှိအချိန်အထိ စစ်ဥပဒေချုပ်၏ ရာထူးအဆင့်သည် ဒုတိယဗိုလ်ချုပ်ကြီး အဆင့် ဖြစ်သည်။
ခေတ်အဆက်ဆက် ထမ်းဆောင်ခဲ့သည့် စစ်ဥပဒေချုပ်များ
[ပြင်ဆင်ရန်]| စဉ် | ပြန်တမ်းဝင်အမှတ် | အဆင့် | အမည် | ထမ်းဆောင်ခဲ့သည့် ကာလ | ကိုးကား | |
|---|---|---|---|---|---|---|
| မှ | ထိ | |||||
| ၁။ | ဗိုလ်မှူး | မောင်မောင် | ၈ - ၃ - ၁၉၄၈ | ? | ||
| ၂။ | ဗိုလ်မှူးချုပ် | လှသိန်း | ၁၉၉၅ | ? | ||
| ၃။ | ဗိုလ်ချုပ် | သိန်းစိုး | ? | ? | ||
| ၄။ | ဗိုလ်ချုပ် | ထွန်းထွန်းဦး | ? | ? | ||
| ၅။ | ဒုတိယဗိုလ်ချုပ်ကြီး | စိုးမောင် | ? | ၂၀၁၀ | [၄] | |
| ၆။ | ဒုတိယဗိုလ်ချုပ်ကြီး | ရဲအောင် | ၂၀၁၂ | ၃၀ မတ် ၂၀၁၆ | [၅] | |
| ၇။ | ကြည်း ၁၈၂၆၃ | ဒုတိယဗိုလ်ချုပ်ကြီး | အောင်လင်းဒွေး | - ၈ - ၂၀၁၆ | - ၁ - ၂၀၂၂ | [၆][၇] |
| ၈။ | ဒုတိယဗိုလ်ချုပ်ကြီး | မျိုးသန့်နိုင် | - ၁ - ၂၀၂၂ | လက်ရှိ | ||
စစ်ဥပဒေချုပ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သော ထင်ရှားသည့် ပုဂ္ဂိုလ်များ
[ပြင်ဆင်ရန်]- ဦးထွန်းထွန်းဦး (ပြည်ထောင်စု တရားသူကြီးချုပ် (၃၀ မတ်လ ၂၀၁၁ – ၂ ဩဂုတ် ၂၀၂၃)၊ စစ်ဥပဒေချုပ်ရုံး အကြီးတန်းအရာရှိဟောင်း)
- ဦးသိန်းစိုး (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတို့၏ ဥက္ကဋ္ဌ၊ စစ်ဥပဒေချုပ်ဟောင်း)
- ဦးထွန်းထွန်းဦး (ပြည်ထောင်စု ရှေ့နေချုပ် (၅ ဧပြီ ၂၀၁၆ - ၃၁ ဇန်နဝါရီ ၂၀၂၁)၊ စစ်ဥပဒေချုပ်ဟောင်း)[၈]
- ဦးပေါ်လွင်စိန် (မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ၏ ဥက္ကဋ္ဌ (၃ ဩဂုတ် ၂၀၂၃ - လက်ရှိ)၊ စစ်ဥပဒေချုပ်ရုံး အကြီးတန်းအရာရှိဟောင်း)
- ဦးသာဌေး (ပြည်ထောင်စုတရားသူကြီးချုပ် (၃ ဩဂုတ် ၂၀၂၃ - လက်ရှိ)၊ လက်ထောက်စစ်ဥပဒေချုပ်ဟောင်း)
- ဦးအောင်ဇော်သိန်း (နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ (၃ ဩဂုတ် ၂၀၂၃ - လက်ရှိ)၊ လက်ထောက်စစ်ဥပဒေချုပ်ဟောင်း)
- ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး (စစ်ကောင်စီ အတွင်းရေးမှူး၊ယခင် စစ်ဥပဒေချုပ်)
- ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် (နယ်စပ်ရေးရာဝန်ကြီး ၃၀ မတ် ၂၀၁၆ - ၁ ဖေဖော်ဝါရီ ၂၀၂၁၊ စစ်ဥပဒေချုပ်ဟောင်း)
- ဦးစိုးမောင် (သမ္မတရုံးဝန်ကြီး (၃၀ မတ် ၂၀၁၁ - ၃၀ မတ် ၂၀၁၆)၊ စစ်ဥပဒေချုပ်ဟောင်း)
ကိုးကား
[ပြင်ဆင်ရန်]- ↑ စစ်သမိုင်းပြတိုက်နှင့်တပ်မတော်မော်ကွန်းတိုက်မှူးရုံး (ဖေဖော်ဝါရီ ၂၀၀၃) [၂၅ ဇန်နဝါရီ ၁၉၉၄]။ "အခန်း(၈) ဗမာ့ကာကွယ်ရေးတပ်မတော်တပ်ရင်းများတိုးချဲ့ဖွဲ့စည်းခြင်း"။ စစ်ဝန်ကြီးရုံး (pdf)။ တပ်မတော်သမိုင်း။ ပထမတွဲ (၁၈၂၄–၁၉၄၅) (ပဉ္စမအကြိမ် ed.)။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း။ p. ၂၈၄။ ၂၇ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်သမိုင်းပြတိုက်နှင့်တပ်မတော်မော်ကွန်းတိုက်မှူးရုံး (မတ် ၁၉၉၆)။ "အခန်း(၃) လွတ်လပ်ရေးရရှိပြီးနောက် တပ်မတော်စစ်ရုံးနှင့် တပ်ရင်း၊ တပ်ဖွဲ့များ တိုးချဲ့ဖွဲ့စည်းခြင်း"။ တပ်မတော်စစ်ရုံးမဖွဲ့စည်းမီကာလ (pdf)။ တပ်မတော်သမိုင်း။ စတုတ္ထတွဲ (၁၉၄၈–၁၉၆၂) (ပထမအကြိမ် ed.)။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း။ p. ၈၁။ ၂၇ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်သမိုင်းပြတိုက်နှင့်တပ်မတော်မော်ကွန်းတိုက်မှူးရုံး (၂၇ မေ ၁၉၉၈)။ "အခန်း(၃) တပ်မတော်အင်အားတိုးချဲ့ဖွဲ့စည်းခြင်း"။ ကာကွယ်ရေးဝန်ကြီးဌာနတိုးချဲ့ဖွဲ့စည်းခြင်း (pdf)။ တပ်မတော်သမိုင်း။ ဆဌမတွဲ (၁၉၇၄–၁၉၈၈) (ပထမအကြိမ် ed.)။ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း။ p. ၂၈၇။ ၂၇ ဇူလိုင် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စိုးမောင် ဆောင်းပါးတွင် ရှု။
- ↑ စစ်တိုင်းမှူးနှင့် တပ်မမှူးများ ပြောင်းရွှေ့။ The Irrawaddy (၆ စက်တင်ဘာ ၂၀၁၂)။ ၁၅ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ အောင်လင်းဒွေး ဆောင်းပါးတွင် ရှု။
- ↑ စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး အရန်အင်အား အပို့ခံရ။ The Irrawaddy (၁၀ ဇန်နဝါရီ ၂၀၂၂)။ ၂၄ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ "ပြည်ထောင်စုဝန်ကြီးသစ် ၃ ဦး ခန့်အပ်"။