စကားလုံးများ၏စွမ်းအင်

ဝီကီပီးဒီးယား မှ

နေ့စဉ် လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်များနှင့် သော်လည်းကောင်း ၊ အိမ်မှာ မိသားစုနှင့်သော်လည်းကောင်း၊ အိမ်ပြင်ပမှာ မိတ်ဆွေများနှင့် သော်လည်းကောင်း၊ စာသင်ကျောင်းမှာ အတန်းဖော် သူငယ်ချင်းများ နှင့်သော်လည်းကောင်း ပြောဆိုပတ်သက် ဆက်ဆံနေတဲ့ လူပေါင်းများစွာထဲမှာ မိမိက လူကောင်းတစ်ယောက် ဖြစ်ဖို့ ဆိုလျှင် မိမိ ပြောဆို သုံးစွဲတဲ့ စကားများကို အလေးထားသင့်ပါတယ်။

ငယ်စဉ်ကလေးဘဝက စကားစပြောတတ်စဉ် ကာလမှစကာ တဖြေးဖြေး လူတွေဟာ စကားပေါင်းများစွာ ပြောဆိုလာကြပါတယ်။ စာသင်ကျောင်းမှာ စာမေးပွဲအတွက် စိတ်မအေးရ၊ ဒေါသဖြစ်ရတဲ့အရွယ်မှသည် လုပ်ငန်းခွင်မှာ စိတ်အနှောင့်အယှက်ဖြစ်စရာ ၊ စိတ်ညစ်စရာများ အကြောင်းရင်းကြောင့် စကားအတိုက်အခံပြောခြင်းများ ၊ ငြင်းခုံမှုများ ပတ်သက်ရာ ပတ်ဝန်းကျင်မှာ ဖြစ်လာရပါတယ်။ အဲဒီလို ရန်ပွဲအသေးစားလေးများ၊ အတိုင်အခံစကားပြောခြင်းများ၊ ငြင်းခုံမှုများက ကျန်းမာရေးကို ဆိုးကျိုး သက်ရောက်စေလာပါတော့တယ်။

ဂျပန်လူမျိုး သိပ္ပံပညာရှင် ဒေါက်တာ မာဆာရုအီမိုတို ရဲ ့ The Hidden Messages In Water စာအုပ်မှာ စကားလုံးများရဲ ့ အကျိုးသက်ရောက်မှုကို ဖတ်ရှုနိုင်ပါတယ်။

အဲဒီစာအုပ်ထဲမှာ ဒေါက်တာ မာဆာရုအီမိုတို က စကားလုံးများ ၊ အတွေးအခေါ် ၊ ဂီတအနုပညာ ၊ ပန်းချီ၊ လူတွေရဲ ့ ကျန်းမာရေးနဲ့ မော်လီကျူးအဆင့်မှာ ရှိတဲ့ ရေရဲ ့ ဆီလျောညီညွတ်ခြင်းကို နှိုင်းယှဉ် ဖော်ပြ ထားပါတယ်။

ဒေါက်တာ မာဆာရုအိီမိုတို ရဲ့ လေ့လာ တွေ့ရှိချက်မှာ လူသားဘဝတွေကို မိခင်ရဲ့ သားအိမ်ထဲမှာ ၉၉% အရည်ကြည်အဖြစ်နဲ့ စတင်ပါတယ်။ မိခင်ဝမ်းဗိုက်မှ ကျွတ်လို့ မွေးဖွားလာတဲ့ အခါမှာ ရေဟာ ၉၀% ကျန်ရှိနေပါတယ်။ ကြီးပြင်း အရွယ်ရောက်လာတဲ့ အခါမှာ ရေပါဝင်နှုန်း ရ၀ % သို့ လျော့ကျသွားပါတယ်။ သေဆုံးချိန်မှာတော့ ၅၀ % ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် လူသားတွေမှာ ရေဟာ အဓိကပါရှိ တည်ရှိနေပါတယ်။

ဒေါက်တာ မာဆာရုမိုတို က ပေါင်းခံရေ ထည့်ထားတဲ့ ပုလင်းပေါင်း များစွာကို တစ်ပုလင်းစီကို စကားတစ်မျိုး ပြောပြီး စမ်းသပ်လေ့လာခဲ့ပါတယ်။ အဲဒီလေ့လာမှုကို ဓာတ်ပုံရိုက်ယူထားခဲ့ပါတယ်။ အဲဒီရေတွေထဲကို စကားတွေ ပြောလိုက်တဲ့အခါမှာ ရေရဲ့ တု့ံပြန်မှုကို အံ့ဩဖွယ် တွေ့ရှိခဲ့ရပါတယ်။

ရေရဲ့ မော်လီကျူးများကို ဓာတ်ပုံရိုက်ယူထားပြီး အဲဒီ ဓာတ်ပုံများကို ပြန်လည် လေ့လာတဲ့အခါမှာ အပြုသဘောဆောင်တဲ့ စကားလုံးများဖြစ်တဲ့ “love” နဲ့ “thank you” ဆိုတဲ့ စကားတွေကို ပြောထည့်လိုက်တဲ့ ရေရဲ ့ မော်လီကျူးတွေဟာ သိမ်မွေ့လှပတဲ့ ဖွဲ့စည်းမှု ဖြစ်ပေါ်သွားပြီး အဆိုးသဘောဆောင်တဲ့ “I hate you” နဲ့ “you are stupid” စတဲ့ စကားတွေ အပြောခံရတဲ့ ရေမော်လီကျူးတွေကတော့ ဆိုးရွားကျဲပြန့်သွားတဲ့ပုံတွေ ဖြစ်သွားပါတယ်။ အဲဒီလို စကားလုံးတွေကိုတင်မဟုတ်ပါဘူး။ ဂီတ အမျိုးအစား အမျိုးမျိုး ကိုလည်းရေက တုံ့ပြန်ပါတယ်။ ဒါဟာ အင်မတန် အံဩစရာ ကောင်းတဲ့ ရှုထောင့်တစ်ခု ဖြစ်ပြီး ရေနဲ့ဖွဲ့စည်းထားတဲ့ လူသားတွေဟာ နေ့စဉ် ပြောဆို သုံးစွဲတဲ့ စကားလုံးများကို ဆင်ခြင်ရွေးချယ်ရမှာ ဖြစ်ပါတယ်။

လူသားတစ်ယောက် အနေနဲ့ ဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေ အပေါ်မူတည်ပြီး ပြုမူ ပြောဆိုတတ်တာကြောင့် ပြောဆိုသုံးစွဲတဲ့ စကားလုံးတွေကို မပြောလိုက်ခင်မှာ ဆင်ဆာ လုပ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ကိုယ်ချစ်ခင်သူများနဲ့ ရန်ဖြစ်စကားများတယ်ဆိုရင် ၊ လုပ်ငန်းခွင် အစည်းအဝေးမှာ ငြင်းခုံ ပြောဆိုရတယ် ဆိုရင် အနည်းနဲ့ အများဆိုသလို stress ကိုခံစားရပါတယ်။ တကယ်တော့ ဒါတွေက ဆင်ခြင်လို့ ရနိုင်ပါတယ်။

အကြောင်းအရာ တစ်ခုခုနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်နဲ့ ရန်ဖြစ် စကားများတော့မယ်ဆိုရင် စကားတစ်ခွန်း နှုတ်က ပြောမထွက် လိုက်ခင်မှာ တခဏ အနားယူပြီး အသက်ကို ၀အောင် ရှုူလိုက်ပါ။ ပြီးလျှင် စိတ်ထဲကနေ ငါသိတယ်..ငါတို့ ၂ယောက်..တစ်ယောက်စီမှာ အံ့ဩစရာကောင်းတဲ့ စိတ်ကောင်းလေးေတွေရှိတယ်။ အဲဒါကို မင်းဆီမှာလည်း ငါတွေ့မြင်ချင်တယ်..ငါ့ဆီကလည်း မင်းကို မြင်စေချင်တယ် လို့ တွေးလိုက်ပါ။ ပြီးလျှင် နောက်ထပ် အသက်ဝဝ ရှုူလိုက်ပါ။

အဆိုးသဘောဆောင်တဲ့ စကားလုံးများကို ပြောမယ့်အစား အပြုသဘောဆောင်တဲ့ စကားလုံးများကိုသာ ရွေးချယ် သုံးစွဲလိုက်ခြင်း အလေ့အထ ကိုမွေးမြူလို့ ရပါတယ်။

အတွေးတွေ နဲ့ သုံးစွဲတဲ့ စကားလုံးတွေဟာ နှစ်လို ပျော်ရွှင်ဖွယ် ဖြစ်နေမယ်ဆိုရင် အဲဒါရဲ့ နောက်ဆက်တွဲ အကျိုးဆက် အနေနဲ့ ရှိနေတဲ့ စိတ်ဆင်းရဲစရာ ၊ စိတ်မချမ်းမြေ့စရာများဟာ တဖြေးဖြေး ပျောက်ကွယ် သွားပါတယ်။ နေ့စဉ်ဘဝမှာ ခံစားနေရတဲ့ tension တွေ တဖြေးဖြေး လျော့ပါးလာပြီး အပြုသဘောဆောင်တဲ့ စကားလုံးကောင်း များကိုသာ ဘဝမှာ ရှေ့လျှောက် ဆက်လက်သုံးစွဲသွားမယ်ဆိုရင် အသက်ရှည်ကာ ကျန်းမာ ပျော်ရွှင်မှာ ဖြစ်ပါတယ်။