စကားပြောအတတ်

ဝီကီပီးဒီးယား မှ

စကားပြောအတတ်[ပြင်ဆင်ရန်]

လူတို့သည် အချိန်တန်လျှင် စကားတတ်စမြဲပင်ဖြစ်၏။ သို့ သော် စကားတတ်သူတိုင်း အပြောတတ်ပြီဟု မဆိုနိုင်ချေ။ စကားပြောရာ၌ မိမိဆိုလိုသော အဓိပ္ပာယ်သို့ ရောက်အောင် စကားလုံးကို နေရာတကျ အသုံးပြုတတ်ဖို့ လိုသည်။ နားထောင်သူ၏ စိတ်နှလုံးကို သိမ်းကျုံးဆွဲငင်တတ်ဖို့ လိုသည်။ ထိုကြောင့် စကားပြောခြင်းသည် အတတ်ပညာ တစ်ခုပင်ဖြစ်၏။ အချို့သောသူတို့သည် အာဝဇ္ဇန်းကောင်း၏။ သို့သော် အာဝဇ္ဇန်းကောင်းတိုင်း စကားပြောတတ်ပြီဟု မဆိုနိုင်။ အချို့ကား သဒ္ဒါနည်းကျကျ စကားပြောတတ်၏။ သဒ္ဒါတတ်၍ စာတတ်သည်ဟု ခေါ်နိုင်စေကာမူ၊ သဒ္ဒါတတ် တိုင်းလည်း စကားပြောတတ်ပြီဟု မဆိုနိုင်။ စကားပြောသူ၏ စိတ်၌ ပေါ်လာသောအဓိပ္ပာယ်ကို ဥပမာ ဥပမေယျတို့နှင့် တန်ဆာဆင်၍၊ စကားအသုံးအနှုန်း ပြေပြစ်ပြီးလျှင်၊ စကား၏ အလေးအနက်ကို ထင်ပေါ်အောင် လေယူလေသိမ်း ကောင်း ကောင်း၊ သရုပ်ဖော်ပေးနိုင်မှသာ စကားပြောကောင်းသည်ဟု ဆိုနိုင်သည်။

စကားပြောအတတ်သည် ဂရိနိုင်ငံမှ စတင် ထွန်းကားလာ သည်ဟု အနောက်နိုင်ငံသားတို့က ယူဆကြသည်။ ဂရိလူမျိုး တို့သည် စကားပြောအတတ်ကို ဟောပြောမှုပညာတရပ်အနေနှင့် လိုက်စားခဲ့ကြ၏။ ရှေးဟောင်း ဆိုးဖစ်များသည် စကားပြောရာ နှင့် ဆိုင်သော တက္ကနယများကို ကြံဆ ခဲ့ကြသည်။ စကား ပြောနည်းဆိုင်ရာ စည်းကမ်းများကို သတ်မှတ်ကြသည်။ ထို စည်းကမ်းသတ်မှတ်ချက်များသည် ယခုတိုင် အသုံးကျ အဖိုး တန်လျက် ရှိသည်။

မြန်မာတို့၏ စာပေကျမ်းဂန်၌ကား စကားပြောအတတ်ကို အထောက်အပံ့ပြုသော ကျမ်းများရှိသည်။ ပါဠိကျမ်းဂန်လာ မိလိန္ဒပဥှာသည် ဗုဒ္ဓမြတ်စွာ၏ နက်နဲသော တရားတို့ကို ဖွင့်ဆိုရာ ကျမ်းဂန်တစ်ရပ်မျှသာမက၊ စကားပြောအတတ်၌ အကျုံးဝင်သော တက္ကနယတို့ကိုဖော်ပြရာ ကျမ်းဂန်လည်း ဖြစ်ပေသည်။ မြန်မာတို့၌ စကားအရာ အင်္ဂါလေးတန်နှင့် စကားကြီးဆယ်မျိုးဟူသည်တို့မှာ စကားပြောအတတ်ဆိုင်ရာ နည်းဥပဒေများ ဖြစ်သည်။


စကားပြောရာ၌ ပြောဆိုသောစကားလုံး၏ အဓိပ္ပာယ်သည် ပြောင်မြောက်ရမည်။ မိမိသုံးစွဲလိုက်သော စကားလုံးသည် မိမိအလိုရှိအပ်သော သရုပ်ကို ဆောင်နိုင်စွမ်းရှိရမည်။ သို့မှသာ ကြားနာသူ၏ စိတ်နှလုံးတွင် ဆိုလိုရင်း အဓိပ္ပာယ်တို့သည် ပန်းချီကားချပ်ပမာ ထင်လင်းစွာ ပေါ်ပေါက်လာနိုင်လိမ့်မည်။ ဤအာသီသ ပြည့်မြောက်စေရန်မှာ ဥပမာ ဥပမေယျများ၊ ဥပစာ စကားများ၊ ဥဒါဟရုဏ်များသည် အရေးကြီးလေသည်။ စကားပြောရာတွင် အသက်ဝင်လာအောင် ဟာသကိုလည်း သုံးရသည်။ အကြောင်းနှင့်အကျိုး ဆက်စပ်၍လည်း ပြောရ သည်။ နားထောင်သူတို့၏ အာရုံကို ဖမ်းယူနိုင်ရန် အလို့ငှာ၊ အသံဩဇာနှင့် ဟန်အမူအရာ ရှိရသည်။ စကားပြောရာတွင် ပီသပြတ်သားခြင်းသည်လည်း စကားပြောအတတ်၌ အရေးကြီး သောအင်္ဂါတရပ် ဖြစ်ပေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)