စကားပုံ ဆုံးမစာ (ပေါက္ကံမောင်ချို)

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

“စကားပုံဆုံးမစာ” ကို ပေါက္ကံမောင်ချို (ခရစ် ၁၈ ရာစု)က ရေးသားခဲ့သည်။

ပညာကိုရှာခြင်း၌ တောမုဆိုးသည် သားရှိရာအရပ်ဝယ် ပျပ်ဝပ်ကျိုးနွံဘိသကဲ့သို့။
ဝီရိယရှိခြင်း၌ တောမျောက်သည် မြေပျောက်မည်အထင်နှင့် မြေပြင်ကိုတစ်ညဥ့်သုံးခါ အိပ်ရာမှထ၍ စမ်းဘိသကဲ့သို့။
အသုံးကြီးသော် မပြီးစီး၊ စကားလုံးကြီးသော် အချည်းနှီး၊ အကြံရှိသော် ပြီးမြောက်သည်၊ ဝီရိယရှိသော် ခံစားရသည်။
ဉာဏ်ရှိသော် အမှန်အကန်ကို သိမြင်ရသည်။
သင်ကြားသော် တတ်မြောက်သည်။
မထင်ရှားသော် နောက်လိုက်ရသည်။
တတ်သိလိမ္မာ ပညာရှိသည်မှန်စေ၊ ရေးကြီးခွင့်ကျယ်ရှိက ထွက်မြောက်နိုင်ခဲသည်။
ချစ်သည် ခင်သည် ကြင်သည် ကျွမ်းသည်မှန်စေ၊ အမှုရှိက ထောက်ပံ့ကူညီသူ ရခဲသည်။
ဥစ္စာရတနာ ကုံထံ ပြည့်စုံကြွယ်ဝသည်မှန်စေ၊ လှူဒါန်းပေးကမ်း စွန့်ကြဲခဲသည်။
ဒါန၊ သီလ အကျိုးအပြစ်ကို အသိအမြင် အသင်အကြား ရှိသည်မှန်စေ၊ ကျင့်ဆောင်နိုင်ခဲသည်။
အဝတ်အစား အသုံးအဆောင် အဆောက်အအုံ ပြုစုကျွေးမွေး ပေးကမ်းစားသောက်ရသည် မှန်စေ၊ သူ့ကျေးဇူးသိခဲသည်။
သော်တည့်မှန်ကန် တရားသဖြင့် ကျင့်ပါ၏ဟုဆိုစေ၊ သစ္စာမှန်ခဲသည်။
ရဲရင့်တည်ကြည်ခြင်း ရှိပါ၏ဟုဆိုစေ၊ ရန်သူတွေ့က စွန့်စားခဲသည်။
သားကိုချစ်သော်၊ ပညာဖုံသည်။
ဥစ္စာကိုချစ်သော်၊ ပြည့်စုံသည်။
ပညာကိုချစ်သော်၊ အတတ်မျိုးစုံသည်။
တရားတတ်၏ မဖြောင့်၊ စကားတတ်၏ မစောင့်။
တရားတတ်သော် ဖြောင့်ခဲသည်။
စကားတတ်သော် စောင့်ခဲသည်။
ပညာရှိသော်လည်း သတိရခဲသည်။

ကိုးကား[ပြင်ဆင်ရန်]

[၁]

  1. ရင်နှစ်သည်းချာ နိုင်ငံ့ရတနာ ဆုံးမစာများ (ဒုတိယအကြိမ် ed.)။ အခြခံပညာ ဦးစီးဌာန။ စက်တင်ဘာ ၁၉၉၂။ pp. ၁၃၈။