ငွေခွဲပုံနိုင်ငံရေး

ဝီကီပီးဒီးယား မှ

ငွေခွဲပုံနိုင်ငံရေး ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

၁၂၈၉ ခုနှစ်လောက်က အင်္ဂလိပ်အစိုရသည် ဘဏ္ဍာတော်ငွေနည်းပါးသဖြင့် အခွန်တော်တိုးကောက်ခြင်း၊ တိုင်းပြည်ဆူပူမှုများ ဖြစ်ခြင်း စသည်တို့ ဖြစ်ပွားခဲ့ရာ ဦးကျော်လှက များမကြာမီ တိုင်းပြည်အေးသွားမည်၊ မိုးလေဝသကောင်း၍ ကောက်ပဲသီးနှံ ဖွံ့ဖြိုးမည်၊ အခွန်တော်များလည်း လျော့ပါးသွားမည်ဟု နိမိတ်ဖတ်ကာ ရေးဖွဲ့ထားသည်။

ငွေခွဲပုံနိုင်ငံရေး[ပြင်ဆင်ရန်]

သက္ကရာဇ်မှာ ရှစ်အလာကတိုးလျှင်ဖြင့်၊ နှစ်ကိုးအနေမတော့၊ ဖြိုးဝေစွာ မိုးရေမရှားပေဘု၊ ကြိုးစားကာ လယ်မှာထွန်ကြ၊ မျိုးစပါးအမွန် တိုးပွားအခွန်တက်စေဘို့၊ မိုးသုံးချက်ညီမျှရန်။

ခိုက်ရန်တွေအဖြာဖြာနှင့်၊ ဘဏ်တိုက်မှာ သွင်းကာထားလေသည့်၊ ဒင်္ဂါးတွေသီသီနဲသော်ကြောင့်၊ ငွေခွဲပုံနိုင်ငံရေးရယ်နှင့်၊ ချေးနှင့်ပါဆင့်ကာ တောင်းချေပေါ့၊ ရွာပေါင်းစုံ ဘယ်လိုလုပ်ရပါ့၊ ခေါင်းကုတ်ကြပြန်။

မြန်မာတွေဝလို့၊ စန်းဇာတာ ချမ်းသာကြပါလိမ့်၊ မိဿခွင်ခိုဝင်ရောက်သည့်၊ ဂြိုဟ်သောကြာ ဂဠုန်ငှက်ကယ်နှင့်၊ စုန်သက်ကာ ကြွက်ကြာသပတေးငဲ့ပြင်၊ ဆင်မှာပြောင် အင်္ဂါထွေးရက်ကယ်မို့၊ အဝေးကသူပုန်ရန်၊ ငုံပြန်လိမ့်သုံ့ပန်း။

ယခုအခါ စုကာထားလေတော့၊ ဂြိုဟ်ငါးထွေ ဂဟေကွဲသော်ကြောင့်၊ ငွေခွဲပုံနိုင်ငံရေးကိုဖြင့်၊ ချေးနှင့်ပါဆင့်ကာ မတောင်းပေဘု၊ ဂြိုဟ်ပဉ္ဇင်ထိုခွင်က ပြောင်းကြပါရော့မယ်ဗျာ၊ ကောင်းကင့်စခန်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။