ငတ်ကိန်းမကြုံနိုင်ပါ

ဝီကီပီးဒီးယား မှ

ငတ်ကိန်းမကြုံနိုင်ပါ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

၁၂၇၅ ခုနှစ်က သောကြာဂြိုဟ်တောက်ထွန်းသဖြင့် ၁၂၇၆ ခုနှစ်မှာ ကောင်းစားကြမည့်အကြောင်းကို ဖွဲ့ဆိုထားသော သောကြာဂြိုဟ်ဖွဲ့ သံချို ဖြစ်သည်။

ငတ်ကိန်းမကြုံနိုင်ပါ[ပြင်ဆင်ရန်]

နတ်ဗြဟ္မာ ဉာဏ်မဟိဒ်လိုနှင့်၊ သတ္တဝါတွေကံနိမိတ်၊ ဝေစိတ်ဖြာအတိတ်ပါပြခဲ့၊ နေမိတ္တကာ ဝိဇ္ဇာမယပ၊ ဈာနအသျှင် သောင်းခွင်ပတ်လို့၊ နက္ခတ်တွေ စနေ အင်္ဂါနှင့်၊ ဝေဟင်္ဂမာ နေမြင်လတို့၊ ဗေဒင်ဆရာ ဖွေအင်ဆ၍၊ ဟောပေကြ လေကီဉာဏ်။

အကြောင်းပြုကြတဲ့၊ ကောင်းမှုမကောင်းမှုကံနှင့်၊ ပေါင်းနှစ်ခုမှန် ထိုစေတနာကြောင့်၊ ဗိုလ်ခြေသတ္တဝါ အစာမရှာနဲ့၊ အစာရှားသူ အနေကြပ်တဲပြင်၊ အသပြာများလှူငွေရတတ်ပ၊ သတ္တဝါကံ အတတ်အမှန်သိပြီဘု၊ မြတ်စွာအရဟံ ပါဌ်လာရှိက၊ ဝိပါကံ စိန္တေယျောဟု၊ ဟောတော်မူ ဓမ္မာနှင့် တွေးကြတော့၊ အစာအရေကို တွေးယူချင့်လို့၊ ဆွေးပူခွင့်မသင့်ပြန်။

ဂုရုဂြိုဟ်ဓနုကိုပြောင်းစေတော့၊ ထက်ကောင်ကင် ဟိုအနောက်က၊ ဂြိုဟ်သောကြာ တောက်ကာထွန်းလျက်မို့၊ မြန့်ကျွန်းတောင် အခေါင်ထီးတွင်မှ တဘောင်စနည်းပင် အမြင်ဘဝေါငဲ့ပြင်၊ အတိတ်အခြေတွင် နိမိတ်အနေသဘောတို့၊ ပြန့်ပြောထူလွန်တရာဖွယ်လို့၊ ခုနစ်ဆယ်ခြောက်ခုစွန်းတွင်မှ၊ တင့်ထွန်းကာလွမ်းစရာစုမည့်ပါ့၊ ငါးခုကအမြင်မှန်၊ လင်္ကာတစီညွှန်း။

ရှေးပဝေဏီကြေးငွေရှားလို့၊ လေးပြားတန် ဆန်တတင်းမှလ၊ ထမင်းဆာသူဆာလှပေါ့၊ လူ့ရွာမှာ ယခုအခါဖြင့် မသရောနိုင်ဘု၊ ဥရောပါ ဂေါယာရပ်ကယ်နှင့်၊ သောဠဿေပြည်တကာမှ၊ ငွေအသပြာတွေ မြေအညာဆန်ခဲ့၊ ပဒေသာသဏ္ဌာန်ဝေဖြာထွန်းလျက်မို့၊ ကမ္ဘာ့ဝန်းကျင် လူခပ်သိမ်းတို့၊ ဓာတ်ကိန်းအလိုအစုံညီ၍၊ ငတ်ကိန်းကိုမကြုံပြီပ၊ လောကီအမြင် ယောဂီအသျှင်မြတ်ရယ်တို့၊ ဇောမနသီတွင် သဘောအစီအစဉ်အတတ်မှာလ၊ ကောလီအဝင် အဟောအညီအမှတ်ကယ်က၊ မပေါမတိုကို (သရော) မဆိုအပ်တယ်ဟု၊ ဆုံးဖြတ်မိန့်ခွန်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ဉာဏ်မဟိဒ် = ကြီးသောဉာဏ်။

၂။ နေမိတ္တကာ = နေလနက္ခတ်တာရာတို့ အကြောင်းကို ပြဆိုသည့်ကျမ်း။

၃။ ဝေဟင်္ဂမာ = ထက်ကောင်းကင်တခွင်။

၄။ ဝိပါကံ = သတ္တဝါတို့ဩ အကျိုးပေးရာကံ။

၅။ တဘောင် = ကြိုတင်၍ ဖြစ်ပေါ်လာတတ်သော တေးကဗျာ။

၆။ စနည်း = ကြိုတင်၍ ဖြစ်ပေါ်လာတတ်သော စကား။

၇။ ဘဝေါ = ကြိုတင်၍ ဖြစ်ပေါ်တတ်သော အပြုအမူ။

၈။ သရော = ကပ်ကြီးဆိုက်ရောက်ခြင်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။