ငစွယ်ရှင်ဆရာတော်

ဝီကီပီးဒီးယား မှ

ပံ့သုကူ ငစွယ်ရှင် (သို့) ငစွယ်ရှင်ဆရာတော် သည် ပုဂံခေတ် နရပတိစည်သူမင်း လက်ထက်တွင် ကျော်စော ထင်ရှား၍၊ ရဟန္တာဟုပင် သမုတ်ခြင်းခံရသော ဆရာတော်ဖြစ်သည်။ ဘွဲ့တော်မှာ ရှင်သီလဗုဒ္ဓိဖြစ်သည်။ ထိုဆရာတော်သည် လှူသော သင်္ကန်းကို မခံ၊ ပံ့သုကူသင်္ကန်းကိုသာ ကောက်၍ အမြဲသုံးဆောင်တော်မူသည်။ ထိုအကြောင်းကြောင့် ပံ့သကူ မဟာထေရ်ဟု အမည်တွင်ဟန်တူ၏။ အခါတစ်ပါး၌ ငစွယ် ငယ်ဆိုသူသည် နွားကျောင်းဖော် သူငယ်ချင်းကို 'ငါသေဟန် ဆောင်မည် ငါ့အပေါ်မှာ အဝတ်ပုဆိုးလွှမ်းပြီး မထေရ်မြတ်ကို ပံ့သုကူကောက်ပါဟု လျှောက်ကြ'ဟု ပြောဆိုသဖြင့် သူငယ် ဖော်များက ထိုအတိုင်ပြုလုပ်၍ မထေရ်မြတ်ကို လျှောက်ကြ လေသော်၊ မထေရ်မြတ် ကြွလာပြီးလျှင် ပံ့သုကူကောက်တော်မူ သည်။ ထိုအခါ ငစွယ်ငယ်မှာ အဟုတ်တကယ် သေနေသဖြင့် မိဘများကို ပြောကြား၍ မထေရ်မြတ်အား လျှောက်ထားရာ၊ မထေရ်မြတ် ပရိတ်မေတ္တာပြုမှ ငစွယ်ငယ်ထ၍ ရှိခိုးလေသည်။ ထိုအခါမှစ၍ ငစွယ်ရှင်ဟုထင်ရှား ကျော်စောတော်မူသည်။ မြန်မာရာဇဝင် အစောင်စောင်တို့တွင် ပံ့သုကူ ငစွယ်ရှင်မဟာ ထေရ်ဟု ဖော်ပြပါရှိသည်။

ထိုရာဇဝင်တို့တွင် စူဠာမဏိဘုရားကိုတည်သော အခြင်း အရာမှ အစပြု၍၊ နရပတိစည်သူမင်းကြီးသည် ပံ့သုကူမဟာ ထေရ်၏ အဆုံးအမ၌ တည်လာသည့် အကြောင်းကို ဖော်ပြ ထားသည်။ ( စူဠာမဏိစေတီ။) အဖြစ်အပျက်မှာဤသို့တည်း။ နရပတိစည်သူမင်းကြီးသည် တူရွင်းတောင်သို့တက်၍ ပြန်တော် မူသောအခါ၊ စူဠာမဏိတည်သော အရပ်ချောက်တွင် ပတ္တမြား အရောင်တောက်သည်ကို မြင်တော်မူ၍၊ ဤအရပ်၌ ငါ့ကို ကောင်းမှုပြုစေလိုသည်ဟု ထိုချောက်ကို ပြည်သူအပေါင်းတို့ဖို့ ရ၏။ ထိုအခါ ပံ့သုကူ ငစွယ်ရှင် မဟာထေရ်သည် 'မင်းကြီး ကောင်းမှုဖြစ်စိမ့်မည်ဟူ၍ ယခုပြုသော အမှုသည် ကောင်းမှု မဖြစ်၊ မကောင်းမှုသာ ဖြစ်သည်။ မင်းကြီးလှူသော ဆွမ်းကို ငါမခံ'ဟု ဆိုတော်မူ၏။ မင်းကြီးလည်း 'ငါ့ဆွမ်းကို ဘုန်းပေး တော်မမူသော်၊ ငါ့ပြည်တွင် နေတော်မမူသည်ဖြစ်မှ လွတ်တော် မူမည်။ ပြည်သူတို့လှူသော ဆွမ်းသည်လည်း ငါ့ဆွမ်းမဟုတ် တုံလော'ဟု မိန့်တော်မူ၏။ သခင်မြတ် ပံ့သုကူလည်း မင်းကြီး ဤသို့ဆိုခဲ့ပါလျှင်၊ သီဟိုဠ်ကျွန်းသို့ ကူးမည်ဟု အကြံတော်ရှိ၍၊ စွယ်ကြိုအရပ် တောကြီးဝယ် သီတင်းသုံးနေတော်မူ၏။ သခင် မြတ် ပံ့သုကူထေရ်သွားခဲ့လျှင်၊ သရပါတံခါးစောင့် ဘီလူးသည် မင်းကြီးထွက်တော်မူသောအခါ မလွှဲမဖယ် တံခါးထက်ဝယ် ကားရားရပ်၏။ ဟူးရားဖြူ ဟူးရားညိုတိုလည်း ပံသုကူထေရ်ကို မသင့်သောစကားဖြင့် မိန့်တော်မူ၍၊ ဘီလူး မလွှဲမဖယ်နေတော် မူသည်ဟု နားတော်လျှောက်၏။ ထို့ကြောင့်မင်းကြီးသည် အမတ်တို့ကိုခေါ်၍၊ ပံ့သုကူထေရ်ကို အကြိမ်ကြိမ်ပင့်စေ၏။ သို့သော် မထေရ်သည် သီဟိုဠ်သို့ကြွအံ့ဟု သင်္ဘောဆိပ်သို့ သွားသည်တွင်၊ အမတ် တုရင်္ကပစ္စည်းသည် အထူးထူးသော တောင်းပန်ခြင်းတို့ဖြင့် သာသနာကို ချီးမြေ|ာက်ပါဟု တောင်း ပန်၏။ သခင်မြတ်လည်း သာသနာတော်ကိစ္စဖြစ်၍ လိုက် တော်မူလေ၏။ မင်းကြီးလည်း အမတ်ပေါင်းခြံရံလျက် ခရီးဦး ကြိုဆိုတော်မူပြီးလျှင်၊ သခင်မြတ်လက်တော်ကို မ၍ နန်းတော် သို့ ပင့်ဆောင်လေသည်။ ထိုအခါမှ ဘီလူးသည် တံခါးမှ ဆင်း၍ သခင်မြတ်ကိုဦးချလင့်၏။ နန်းတော်သို့ ရောက်လျှင် မင်းကြီးလက်တော်နှင့် ဆွမ်းကိုပြင်၍ လုပ်ကျွေးတော်မူ၏။ ယနေ့မှစ၍ သခင်မြတ်အဆုံးအမကို ခံပါတော့မည်ဟု လျှောက် ပြီးလျှင်၊ သားတော်ငါးပါးတို့ကိုလည်း သခင်မြတ်ထံ အပ်လေ သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)