မာတိကာသို့ ခုန်သွားရန်

ဃနလေးပါး

ဝီကီပီးဒီးယား မှ

ဃန ဟူသည်မှာ စုပေါင်းခြင်း၊ တွဲပေါင်းခြင်း၊ ခဲပေါင်းခြင်းဟု အဓိပ္ပါယ်ရပြီး၊ ဤနေရာတွင် ရုပ်နာမ်တရားများ စုပေါင်းတွဲပေါင်း၍ အစုအဝေးသဏ္ဌာန်၊ အတုံးအခဲသဏ္ဌာန် ဖြစ်နေခြင်းကို ဆိုလိုပါသည်။ ဃနလေးပါးဟူသည် ရုပ်နာမ်တရားများ စုပေါင်းဖြစ်တည်နေပုံကို အမျိုးအစားလေးမျိုး ခွဲခြား၍ ရှင်းပြထားခြင်းဖြစ်သည်။ ၎င်းတို့မှာ -[]

၁။ သန္တတိဃန - ဆက်စပ်မှု အတုံးအခဲ

၂။ သမူဟဃန - အစုအဝေး အတုံးအခဲ

၃။ ကိစ္စဃန - ကိစ္စရပ် အတုံးအခဲ

၄။ အာရမ္မဏဃန - အာရုံပြုမှု အတုံးအခဲ

၁။ သန္တတိဃန - ဆက်စပ်မှု အတုံးအခဲ

[ပြင်ဆင်ရန်]

သန္တတိဃန ဆိုသည်မှာ ရှေ့နောက်ဆက်၍ ဖြစ်ပေါ်နေသော ရုပ်နာမ်တရားများ၏ အကြားအလပ်မရှိ ဆက်စပ်နေမှုကို ဆိုလိုပါသည်။ ရှေ့တရား၏ ချုပ်ပျက်ခြင်းနှင့် နောက်တရား၏ ဖြစ်ပေါ်ခြင်းသည် အလွန်လျင်မြန်သောကြောင့် အကြားအလပ်မရှိ ဆက်နေသည်ဟု ထင်ရပါသည်။ ဥပမာအားဖြင့် ထင်းမီးစကို ဝှေ့ရမ်းလိုက်လျှင် မီးဝိုင်းကြီးတစ်ခုအဖြစ် ထင်မြင်ရသကဲ့သို့ ဖြစ်ပါသည်။ အမှန်စင်စစ် မီးသည် အဆက်မပြတ် ဝိုင်းနေခြင်းမဟုတ်ဘဲ အလွန်လျင်မြန်စွာ လှုပ်ရှားနေခြင်းသာ ဖြစ်ပါသည်။ သန္တတိဃနသည် ရုပ်နာမ်တို့၏ အဆက်မပြတ် ဖြစ်ပျက်နေသော သဘောကို ဖုံးကွယ်ထားပြီး၊ တသမတ်တည်း တည်ရှိနေသည်ဟူသော အထင်အမြင်ကို ဖြစ်စေပါသည်။

၂။ သမူဟဃန - အစုအဝေး အတုံးအခဲ

[ပြင်ဆင်ရန်]

သမူဟဃန ဆိုသည်မှာ နာမ်ကလာပ်၊ ရုပ်ကလာပ် တစ်ခုစီတွင် ပါဝင်သော နာမ်တရားများနှင့် ရုပ်တရားများ စုပေါင်း၍ အစုအဝေးတစ်ခုအဖြစ် ထင်မြင်ရခြင်းကို ဆိုလိုပါသည်။ နာမ်ကလာပ်တစ်ခုတွင် ဖဿ၊ ဝေဒနာ၊ သညာ စသော နာမ်တရား အနည်းဆုံး ရှစ်မျိုးပါဝင်ပြီး၊ ရုပ်ကလာပ်တစ်ခုတွင် ပထဝီ၊ အာပေါ၊ တေဇော၊ ဝါယော စသော ရုပ်တရား အနည်းဆုံး ရှစ်မျိုး ပါဝင်ပါသည်။ ဤသဘာဝတရား ရှစ်မျိုး (သို့မဟုတ် ထို့ထက်ပိုသော) တို့သည် စုပေါင်း၍ တစ်ခုတည်းသော အရာဝတ္ထုသဖွယ် ထင်မြင်ရခြင်းကို သမူဟဃနဟု ခေါ်ပါသည်။ ဥပမာအားဖြင့် လူတစ်ယောက်ကို ကြည့်လျှင် ခန္ဓာကိုယ်တစ်ခုလုံး တစ်စုတစ်ဝေးတည်းဟု ထင်ရသော်လည်း အမှန်စင်စစ် ခန္ဓာကိုယ်သည် ရုပ်ကလာပ်၊ နာမ်ကလာပ်များ အစုအဝေးဖြင့် ဖွဲ့စည်းထားခြင်းသာ ဖြစ်ပါသည်။

၃။ ကိစ္စဃန - ကိစ္စရပ် အတုံးအခဲ

[ပြင်ဆင်ရန်]

ကိစ္စဃန ဆိုသည်မှာ နာမ်ကလာပ်၊ ရုပ်ကလာပ် တစ်ခုစီတွင် ပါဝင်သော နာမ်တရားများနှင့် ရုပ်တရားများသည် မိမိတို့၏ သီးခြားကိစ္စအဝဝကို ဆောင်ရွက်နေသော်လည်း၊ အဘိဓမ္မာဉာဏ် မရှိသူများအဖို့ ထိုကိစ္စများကို သီးခြားစီ ခွဲခြားသိမြင်ရန် ခက်ခဲခြင်းကို ဆိုလိုပါသည်။ ဥပမာ - စက္ခုဝိညာဏ် စိတ်တစ်ခုတွင် ဖဿ၊ ဝေဒနာ၊ သညာ စသော စေတသိက်များစွာ ပါဝင်ပြီး၊ ထိုစေတသိက်တစ်ခုစီသည် မိမိ၏ အလုပ်ကို လုပ်ဆောင်နေပါသည်။ သို့သော် သာမန်ပုဂ္ဂိုလ်များအနေဖြင့် ဖဿ၏ အလုပ်၊ ဝေဒနာ၏ အလုပ် စသည်ဖြင့် သီးခြားစီ ခွဲခြားသိမြင်နိုင်စွမ်း မရှိပါ။ ထို့ကြောင့် နာမ်တရား၊ ရုပ်တရားတို့၏ ကိစ္စအဝဝကို ခွဲခြားမသိနိုင်ဘဲ တရားအားလုံး တစ်ခုတည်းဟု ထင်မှတ်ခြင်းကို ကိစ္စဃနဟု ခေါ်ပါသည်။

၄။ အာရမ္မဏဃန- အာရုံပြုမှု အတုံးအခဲ

[ပြင်ဆင်ရန်]

နာမ်ကလာပ် တစ်ခုတစ်ခု၌ ပါရှိသော ထိုထို နာမ်တရားတို့၏ အာရုံတစ်ခုကို စု၍ပေါင်း၍ အာရုံပြုသော အနေဖြင့်လည်းကောင်း, ရုပ်ကလာပ် တစ်ခုတစ်ခု၌ ပါရှိသော ထိုထို ရုပ်တရားတို့၏ အာရုံတစ်ခုတည်း အနေဖြင့်လည်းကောင်း, ပရမတ္ထတရားသား (သဘာဝသတ္တိ) တစ်ခုတည်းဟု ထင်မှတ်ရအောင် စုလျက် တွဲလျက် ခဲလျက် ဖြစ်ပွားခြင်းကို အာရမ္မဏဃန ခေါ်သည်။

ဃနလေးပါးနှင့် ပရမတ္ထသစ္စာ၊ အနတ္တ

[ပြင်ဆင်ရန်]

ဃနလေးပါးသည် ရုပ်နာမ်တရားတို့၏ အစုအဝေးသဘောကို ဖုံးကွယ်ထားပါသည်။ ပရမတ္ထသစ္စာကို ဉာဏ်မျက်စိဖြင့် ရှုမြင်နိုင်မှသာ ဤဃနလေးပါးကို ဖျက်ဆီးနိုင်မည်ဖြစ်သည်။ ပရမတ္ထသစ္စာကို သိမြင်ခြင်းဟူသည် ရုပ်နာမ်တရားတို့၏ သဘာဝသတ္တိကို တစ်ခုချင်းစီ ခွဲခြားသိမြင်ခြင်းဖြစ်သည်။ ဥပမာအားဖြင့် လူတစ်ယောက်ကို ကြည့်လျှင် လူဟူသော အတုံးအခဲကိုသာ မြင်သော်လည်း၊ ပညာမျက်စိဖြင့် ကြည့်လျှင် ရုပ်ကလာပ်၊ နာမ်ကလာပ်များ အစုအဝေးကို သာ တွေ့မြင်ရမည်ဖြစ်သည်။

ပရမတ္ထသစ္စာကို သိမြင်သောအခါ ဃနပြိုပျက်သွားပြီး၊ ထိုအခါမှ အနတ္တသဘောကို သိမြင်နိုင်ပါသည်။ အနတ္တသဘောဟူသည် ရုပ်နာမ်တရားတို့၌ အတ္တ, သတ္တဝါ, ပုဂ္ဂိုလ် စသည်ဖြင့် ထင်မှတ်စရာ တစ်စုံတစ်ခုမျှ မရှိကြောင်း သိမြင်ခြင်းဖြစ်သည်။ ဃနလေးပါးသည် အနတ္တသဘောကို ဖုံးကွယ်ထားသောကြောင့် ဃနကို မဖျက်ဆီးနိုင်သမျှ အနတ္တသဘောကို သိမြင်ရန် မလွယ်ကူပေ။ ထို့ကြောင့် ပညာရှိသူတော်ကောင်းတို့သည် အနတ္တလက္ခဏာကို ဃနဖုံးသည်ဟု မိန့်ဆိုကြပါသည်။

တစ်စုတစ်ပေါင်းတည်းဟူသော အယူကို ဖြိုခွဲဖျက်ဆီးခြင်း

[ပြင်ဆင်ရန်]

[]အပေါင်းအစုကို ခွဲခြား-ဝေဖန်-စိတ်ဖြာ၍ သိခြင်း၊ တစ်စုတစ်ပေါင်းတည်းဟု ထင်မှုကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ တစ်စုတစ်ပေါင်းတည်းဟူသော အယူကို ဖြိုခွဲဖျက်ဆီးခြင်းကို ဃနဝိနိဗ္ဘောဂဟု ခေါ်သည်။

ပရမတ္ထတရားတို့သည် ဝီထိစိတ် အစဉ်အရ ပဉ္စဒွါရာဝဇ္ဇန်း, စက္ခုဝိညာဏ်, သမ္ပဋိစ္ဆိုင်း, သန္တီရဏ စသည် ဖြင့် အစဉ်အတိုင်း ဖြစ်နေကြ၏၊ ယင်းသို့ ဖြစ်နေရာ၌ ရှေ့စိတ်နောက်စိတ်တို့သည် တစ်ခုတည်း မဟုတ်သော် လည်း ထိုစိတ်တို့၏ အကြားကာလ အခြားမရှိသောကြောင့် တစ်စိတ်တည်းကဲ့သို့ ဖြစ်သွားခြင်းသည် သန္တတိဃန မည်၏။

တစ်စိတ်တည်းကဲ့သို့ (ရှုနေသော ယောဂါဝစရပုဂ္ဂိုလ်၏ ဉာဏ်၌) မထင်ဘဲ --- ဤကား ပဉ္စဒွါရာဝဇ္ဇန်း, ဤကား စက္ခုဝိညာဏ် စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ (သန္တတိဃနကို ခွဲခြမ်း စိတ်ဖြာ ၍သိခြင်း၊ သန္တတိဃနကို ဖြိုခွဲဖျက်ဆီးခြင်း) မည်၏။

စိတ်တစ်လုံးတစ်လုံး၌ ဖဿ ဝေဒနာ သညာစသည်ဖြင့် စေတသိက်များစွာ ယှဉ်၏၊ စိတ်တစ်လုံးတစ်လုံးသည် ဖဿ ဝေဒနာ သညာစသော စေတသိက်များစွာနှင့် အတူတကွဖြစ်၏၊ ထိုသို့ တစ်ပေါင်းတည်း အတူတကွ ဖြစ်နေကြသောကြောင့် ဖဿ ဝေဒနာ သညာစသည်ဖြင့် ခွဲခြားမသိတော့ဘဲ ဓမ္မတစ်ခုတည်းကဲ့သို့ ဖြစ်၍နေခြင်းသည် သမူဟဃန မည်၏။

ဓမ္မတစ်ခုတည်းကဲ့သို့ မထင်ဘဲ ဤကား ဖဿ, ဤကား ဝေဒနာ, ဤကား သညာ --- စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ = သမူဟဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ သမူဟဃနကို ဖြိုခွဲ ဖျက်ဆီးခြင်း မည်၏။

ဖဿ ဝေဒနာစသော တရားများ၌ ဖဿသည် သံဃဋ္ဋနကိစ္စ, ဝေဒနာသည် အနုဘဝနကိစ္စ စသည်ဖြင့် ကိစ္စ အသီးအသီး ကွဲပြားကြ၏၊ ယင်းသို့ ကိစ္စကွဲပြားသော်လည်း စိတ်တစ်လုံးတည်းဝယ် အတူတကွ ယှဉ်၍ ဖြစ်ကြရာ၌ ထိုထိုတရားတို့၏ ကိစ္စအထူးကို မသိနိုင်လောက်အောင် ကိစ္စအားဖြင့် တစ်ခုတည်း ဖြစ်နေခြင်းသည် ကိစ္စဃန မည်၏။

ကိစ္စတစ်ခုတည်းကဲ့သို့ မထင်ဘဲ ဖဿသည် သံဃဋ္ဋနကိစ္စ ရှိ၏၊ ဝေဒနာသည် အနုဘဝနကိစ္စ ရှိ၏ စသည်ဖြင့် ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ = ကိစ္စဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ ကိစ္စဃနကို ဖြိုခွဲဖျက်ဆီးခြင်း မည်၏။

စက္ခုဒွါရဝီထိ၌ ဖြစ်ကြသော စိတ် စေတသိက် တစ်စဉ်တစ်တန်းလုံးသည် ရူပါရုံ တစ်ခုတည်းကို အာရုံပြုသည့်အတွက် တစ်ခုတည်းမဟုတ်သော်လည်း တစ်ခုတည်းကဲ့သို့ တစ်ခဲနက် ဖြစ်နေခြင်းသည် အာရမ္မဏဃန မည်၏။

အာရုံတူ၍ တစ်ခုတည်းဖြစ်နေသော်လည်း တစ်ခုတည်းကဲ့သို့မထင်ဘဲ ဤကား ပဉ္စဒွါရာဝဇ္ဇန်း, ဤကား စက္ခုဝိညာဏ် စသည်ဖြင့်လည်းကောင်း၊ ဤကား ဖဿ, ဤကား ဝေဒနာ စသည်ဖြင့်လည်းကောင်း ခွဲခြမ်းဝေဖန်၍ သိခြင်းသည် ဃနဝိနိဗ္ဘောဂ = အာရမ္မဏဃနကို ခွဲခြမ်းစိတ်ဖြာ၍ သိခြင်း၊ အာရမ္မဏဃနကို ဖြိုခွဲ ဖျက်ဆီးခြင်း မည်၏။ []

အနတ္တလက္ခဏာကို မြင်ရန် ဃနဖြိုရသည်

[ပြင်ဆင်ရန်]

အနတ္တလက္ခဏာကို ဘုရားပွင့်ရာ သာသနာတွင်းမှာသာ ထင်မြင်နိုင်သည်၊ သာသနာပ၌ မထင်မြင်နိုင်။ []

အနတ္တလက္ခဏာကို သန္တတိစသော ဃန ဖုံးလွှမ်းမှုကြောင့် မသိနိုင် မမြင်နိုင် မထင်နိုင်ခြင်း ဖြစ်၏၊ ဃနကို ဖြိုခွဲဖျက်ဆီးနိုင်လျှင်ကား အနတ္တလက္ခဏာလည်း ဟုတ်မှန်သောသဘောအတိုင်း ထင်မြင်လာတော့သည်။ []

ကျမ်းကိုးများ

[ပြင်ဆင်ရန်]

[] ကောင်းစွာတည်ကြည်သော စိတ်ဖြင့် ဃနဝိနိဗ္ဘောဂကို ပြု၍။

[] အမျိုးမျိုးသော ဓာတ်တို့ကို ခွဲခြား၍ ဃနဝိနိဗ္ဘောဂကို ပြုသောအခါ အနတ္တလက္ခဏာသည် ဟုတ်တိုင်းမှန်စွာ ထင်ရှားလာ၏။

[] ဃနဝိနိဗ္ဘောဂဟူသည်ကား သန္တတိဃန, သမူဟဃန, ကိစ္စဃနတို့၏ ခွဲခြမ်းခြင်း၊ ပိုင်းခြားခြင်းပင်တည်း။

[] ဃနဝိနိဗ္ဘောဂကို ပြုသည်ဟူသည်ကား သမူဟဃန, ကိစ္စဃန, အာရမ္မဏဃနတို့ကိုလည်း ပိုင်းခြားပြီးသောကြောင့်။

[၁၀] ဃနဝိနိဗ္ဘောဂကို ပြု၍ဟူသည်ကား ကမ္မဋ္ဌာန်းကို ယူငင်၍ သမူဟစသော ဃန၏ အယူအစွဲကို ဖျက်ဆီး၍။[၁၁]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. မဟာဗုဒ္ဓဝင် မင်းကွန်းဆရာတော်
  2. ဃနဝိနိဗ္ဘောဂ --- (ပု) ---- [ဃန + ဝိနိဗ္ဘောဂ။ ဝိနိဘုဉ္ဇနံ ဝိနိဗ္ဘောဂဿ ကရဏံ ဝိနိဗ္ဘောဂေါ၊ ဉာဏံ။ ဓမ္မာနံ ဃနဿ ဧကတ္တဿ ဝိနိဗ္ဘောဂေါ ဃနဝိနိဗ္ဘောဂေါ ။ အဋ္ဌသာ၊ ယော။ ၇၆ ။ ဝိနိဘုဇ္ဇနံ ပုထက္ကရဏံ ဝိနိဗ္ဘောဂေါ၊ ဃနဿ သမူဟဿ ဝိနိဗ္ဘောဂေါ ဃနဝိနိဗ္ဘောဂေါ။ သမ္မော၊ ယော။ ၁၄၇။]
  3. (နေတ္တိ၊ဋ္ဌ၊၁၅၄။ သံ၊ဋီ၊၁၊၂၇၁။ မူလဋီ၊၁၊၆၀။)
  4. (အဘိ၊ဋ္ဌ၊၂၊၄၆။)
  5. (အဘိ၊ဋ္ဌ၊၂၊၄၇။)
  6. ယထာ ပဏိဟိတံ ဃနဝိနိဗ္ဘောဂံ ကတွာ။ (မ၊ဋ္ဌ၊၁၊၂၇၆။ ဝိသုဒ္ဓိ၊၁၊၃၄၃။)
  7. နာနာဓာတုယော ဝိနိဗ္ဘုဇိတွာ ဃနဝိနိဗ္ဘောဂေ ကတေ အနတ္တလက္ခဏံ ယာထာဝသရသတော ဥပဋ္ဌာတိ။ (အဘိ၊ဋ္ဌ၊၂၊၄၇။ ဝိသုဒ္ဓိ၊၂၊၂၇၆။)
  8. ဃနဝိနိဗ္ဘောဂန္တိ သန္တတိသမူဟကိစ္စဃနာနံ ဝိနိဗ္ဘုဇနံ ဝိဝေစနံ။ (မ၊ဋီ၊၁၊၃၆၅။ ဝိသုဒ္ဓိ၊ဋီ၊၁၊၄၂၈။)
  9. ဃနဝိနိဗ္ဘောဂေ ကတေတိ သမူဟဃနေ, ကိစ္စာရမ္မဏဃနေ စ ပဘေဒိတေ။ (ဝိသုဒ္ဓိ၊ဋီ၊၂၊၄၃၇။)
  10. ဃနဝိနိဗ္ဘောဂံ ကတွာတိ ကမ္မဋ္ဌာနံ ဂဟေတွာ သမူဟာဒိဃနဂ္ဂဟဏံ ဘိန္ဒိတွာ။ (ဝိသုဒ္ဓိ၊ဋီ၊၂၊၄၅၄။)
  11. (တိပိဋက ပါဠိ-မြန်မာ အဘိဓာန်၊က-ဝဂ်-အတွဲ-၆၊စာမျက်နှာ-၉၈၆-၉၈၇။)