ဂျိုးဇက် ဂျော့ဖား

ဝီကီပီးဒီးယား မှ
(ဂျောဖား ဂျေ၊ ဂျေ၊ စီ မှ ပြန်ညွှန်းထားသည်)
ဂျိုးဆက် ဆေးဇား ဂျော့ဖား

ပထမကမ္ဘာစစ်အတွင်း အနိုင်နိုင်ငံတွင် စစ်နှင့်စပ်လျဉ်း၍ ထင်ရှားသော ပုဂ္ဂိုလ်ကျော်များစွာ ရှိကြသည့်အနက် ပြင်သစ်နိုင်ငံမှ အာဇာနည်ပုဂ္ဂိုလ်ကြီးမှာ ဂျိုးဇက်ဆေးဇားဂျော့ဖား ဆိုသူ စစ်သေနာပတိပင် ဖြစ်၏။ ဂျော့ဖားသည် ၁၈၅၂ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်နေ့တွင် ပီးရနီးနယ်၌ ဖွားမြင်သည်။ သူ၏ ဖခင်မှာ ဝိုင်အရက်စည်လုပ်သူ လက်သမားဖြစ်၏။ ၁၈၆၉ ခုနှစ်တွင် စက်မှုလက်မှုပညာသင်ကျောင်း၌ ပညာသင်ယူစဉ် ၁၈၇ဝ ပြည့်၌ ပြင်သစ်နှင့် ဂျာမနီတို့ စစ်ဖြစ်ကြရာ ကျောင်းမှထွက်၍ စစ်ထဲဝင်သည်။ ထိုစစ်ပွဲတွင် ပြင်သစ်တို့ အရေးရှုံး နိမ့်ရသည်ကို အသက် ၁၈ နှစ်ရွယ်မျှသာ ရှိသေးသော ဂျော့ဖားသည် အခဲမကျေ ဖြစ်ခဲ့ရသည်။ ထိုစစ်ပွဲအပြီးတွင် ဂျော့ဖားသည် ပညာကို ဆက်လက်သင်ကြားရာ ၂ နှစ်အတွင်း အင်ဂျင်နီယာ ဖြစ်လာသောကြောင့် စစ်တပ် အင်ဂျင်နီယာတပ်စုတွင် ဝင်ရောက်အမှုထမ်းသည်။ ပါရစ်မြို့ခံတပ်ကြီးကို တည်ဆောက်ရာတွင် ဂျော့ဖားလည်း အင်ဂျင်နီယာတစ်ဦးအဖြစ် ပါဝင် ဆောင်ရွက်ခဲ့လေသည်။ဂျော့ဖားသည် အသက် ၂၄ နှစ်အရွယ်၌ ဗိုလ်ကြီး အဆင့်အတန်းသို့ တိုးမြှင့်ခန့်ထားခြင်း ခံရသည်။ ထိုနောက် သူ၏ ဇနီး ကွယ်လွန်သဖြင့် စိတ်ပြေလက်ပျောက်ဆိုသကဲ့သို့ အင်ဒိုချိုင်းနားသို့ ရွှေ့ပြောင်းသည်။ ၁၈၈၈ ခုနှစ်တွင် ပါရစ်သို့ ပြန်လာပြီးလျှင် စစ်တပ် မီးရထားဌာန၌ အမှုထမ်းသည်။ ထိုနောက် ဗိုလ်မှူးဖြစ်လာသည်။ ၁၉ဝဝ ပြည့်နှစ်၌ တပ်မဟာ ဗိုလ်ချုပ်ဟူ၍ အဆင့်ဆင့် ရာထူးတိုးလာခဲ့သည်။ ၁၉၁၄ ခုနှစ်၌ ကမ္ဘာစစ်ကြီးဖြစ်သောအခါ ဂျော့ဖားသည် ပြင်သစ်နှင့် မဟာမိတ် ၂ ဦးပေါင်း စစ်တပ်များ၏ စစ်သူကြီးဖြစ်လာသည်။ ထိုစဉ်က သူ၏ အမိန့်လွှာများတွင်ပါရှိသော 'ရဲဘော်တို့၊ ငါတို့ တိုက်စစ်ဆင်နေကြပြီ၊ ရှေ့သို့ တက်နိုင်သမျှ တက်ကြလော့၊ မတက်နိုင်လျှင်၊ သိမ်းပိုက်ပြီးနေရာကို လက် မလွတ်စေနှင့်၊ လက်လွှတ်ရလျှင် သေကြကုန်လော့' ဟူသော အမိန့်များသည်၎င်း၊ 'စနစ်ကျမှ အောင်မြင်သည်' ဟူသောဩဝါဒသည်လည်းကောင်း သူ၏ စစ်သည်တော်များအတွက် အဖိုးတန်စကားများ ဖြစ်ချေသည်။ဂျော့ဖားသည် စစ်သားတို့၏ ချစ်ကြောက်ရိုသေခြင်းကို ခံရသူ ဖြစ်ရာ စစ်သားများက သူ့အား ဖခင်ကြီးဂျော့ဖားဟုခေါ်ကြသည်။ ထိုစစ်သားကောင်း အာဇာနည်ပုဂ္ဂိုလ်သည် ၁၉၃၁ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့၌ ကွယ်လွန်သည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)