မာတိကာသို့ ခုန်သွားရန်

ဂျူးလူမျိုးများ

ဝီကီပီးဒီးယား မှ
ဂျူးလူမျိုးများ
Jews
‌הוּדִים (Yehudim)
လူဦးရေ စုစုပေါင်း
၁၅.၇ သန်းခန့် (ကမ္ဘာတစ်ဝန်း)[]
အများစု နေထိုင်သည့် နေရာ
ဘာသာစကား
ဟီဘရူး (Hebrew)၊ ယစ်ဒစ်ရှ် (Yiddish)၊ လာဒီနို (Ladino)၊ အာရဗီ၊ အင်္ဂလိပ် နှင့် အခြား ဒေသန္တရ ဘာသာစကားများ
ကိုးကွယ်မှု
ဂျူးဘာသာ (Judaism)
ဆက်စပ် တိုင်းရင်းသား အုပ်စုများ
ဆီးမိုက် (Semitic peoples)၊ အာရပ်အာရမီးယန်း

ဂျူးလူမျိုးများ (ဟီဘရူး: יְהוּדִים, ရောမအက္ခရာ: Yehudim) သည် အရှေ့အလယ်ပိုင်း ရှိ ခါနန် ဒေသ (ယနေ့ အစ္စရေးနိုင်ငံ နှင့် ပါလက်စတိုင်း နယ်မြေများ) မှ စတင်ဆင်းသက်လာသော လူမျိုးစု-ဘာသာရေးအုပ်စု နှင့် လူမျိုးစု တစ်ခုဖြစ်သည်။[] ဂျူးလူမျိုးများ၏ အထောက်အထား၊ ယဉ်ကျေးမှုနှင့် ဘာသာရေး အခြေခံသည် ဂျူးဘာသာ နှင့် နက်ရှိုင်းစွာ ဆက်စပ်နေသော်လည်း၊ ဂျူးလူမျိုး အနွယ်ဝင်ဖြစ်ခြင်းသည် ဘာသာရေး သက်ဝင်ယုံကြည်မှု တစ်ခုတည်းအပေါ်၌ မမူတည်ဘဲ မျိုးရိုးဗီဇနှင့် ယဉ်ကျေးမှု အမွေအနှစ်များအပေါ်၌ပါ အခြေခံသည်။[]

သမိုင်းကြောင်းအရ ဂျူးတို့သည် အာဗြဟံဣဇာက် နှင့် ယာကုပ် တို့မှ ဆင်းသက်လာကြသူများဖြစ်ပြီး၊ ရှေးခေတ် အစ္စရေး နှင့် ယုဒနိုင်ငံ တို့တွင်အခြေချနေထိုင်သူများ ဖြစ်ကြသည်။[] အေဒီ ၁ ရာစုတွင် ရောမအင်ပါယာ ၏ တိုက်ခိုက်နှိမ်နင်းမှုကြောင့် ဂျူးအများစုသည် မိခင်မြေမှနယ်လှည့်၍ ကမ္ဘာအနှံ့သို့ ပြန့်လွင့်နေထိုင်ခဲ့ကြရသည်။[] ရာစုနှစ်ပေါင်းများစွာ ကမ္ဘာအနှံ့ ပျံ့နှံ့နေထိုင်ခဲ့ကြစဉ်အတွင်း အဓိက ဂျူးမျိုးနွယ်ခွဲများအဖြစ် ကွဲပြားသွားခဲ့ရာ အက်ရှ်ကနက်ဇီ ဂျူးများ (Ashkenazi Jews - ဥရောပအလယ်ပိုင်းနှင့် အရှေ့ပိုင်း)၊ ဆီဖာဒီ ဂျူးများ (Sephardic Jews - အိဘေရီးယန်းကျွန်းဆွယ်နှင့် မြေထဲပင်လယ်) နှင့် မစ်ဇရာဟီ ဂျူးများ (Mizrachi Jews - အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက) တို့သည် အထင်ရှားဆုံး ဖြစ်သည်။[]

ဒုတိယကမ္ဘာစစ် ကာလအတွင်း နာဇီဂျာမနီ တို့၏ ဂျူးလူမျိုးတုံးသတ်ဖြတ်မှု (Holocaust) ကြောင့် ဂျူးလူဦးရေ ၆ သန်းခန့် သေဆုံးခဲ့ရသည်။[] ထို့နောက် ၁၉၄၈ ခုနှစ်တွင် ရှေးဘိုးဘေးများ၏ မြေဖြစ်သော ပဋိညာဉ်နယ်မြေ၌ အစ္စရေးနိုင်ငံ ကို တရားဝင် ထူထောင်နိုင်ခဲ့သည်။ ယနေ့ခေတ်တွင် ကမ္ဘာတစ်ဝန်း၌ ဂျူးလူဦးရေ ၁၅.၇ သန်းခန့် ရှိပြီး အများစုသည် အစ္စရေးနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် အခြေချ နေထိုင်လျက်ရှိကြသည်။[]

အမည်ဆင်းသက်လာပုံ

[ပြင်ဆင်ရန်]

"ဂျူး" ဆိုသည့် အသုံးအနှုန်းသည် အင်္ဂလိပ်ဘာသာစကား Jew မှတစ်ဆင့် မြန်မာဘာသာစကားသို့ မွေးစားအသုံးပြုထားသော အမည်ဖြစ်သည်။ ယင်းအမည်၏ အနက်နှင့် ဆင်းသက်လာပုံ အဆင့်ဆင့်မှာ ဧဗြဲဘာသာစကားဖြင့် ဂျူးလူမျိုးကို ယေဟုဒီ (ဧဗြဲ: יְהוּדִי, Yehudi; အများကိန်း: יְהוּדִים, Yehudim) ဟု ခေါ်ဆိုသည်။ []ယင်းအမည်၏ မူလဆင်းသက်ရာမှာ ဧဗြဲသမ္မာကျမ်းစာ (Tanakh) လာ ယာကုပ်၏ စုတုတ္ထမြောက်သားဖြစ်သူ ယုဒ (Hebrew: יְהוּדָဟ, Yehudah) အမည်မှ ဖြစ်သည်။ဧဗြဲဘာသာစကား ဝေါဟာရအရ Yehudah ဆိုသည်မှာ "ချီးမွမ်းခြင်း" သို့မဟုတ် "ကျေးဇူးတော်ကို ဝန်ခံခြင်း" ဟု အဓိပ္ပာယ်ရသည် (Yadah = ချီးမွမ်းသည်)။ []

အင်္ဂလိပ်ဘာသာစကား အသံထွက် /dʒuː/ ကို အခြေခံ၍ မြန်မာဘာသာဖြင့် "ဂျူး" (သို့မဟုတ် သမ္မာကျမ်းစာပါ အသုံးအနှုန်းအတိုင်း "ယုဒလူမျိုး") ဟု သုံးစွဲကြသည်။ [၁၀]သမ္မာကျမ်းစာ သမိုင်းကြောင်းအရ ဧဗြဲ (Hebrew)၊ ဣသရေလ (Israelite) နှင့် ဂျူး (Jew) ဆိုသည့် ဝေါဟာရ ၃ ခုသည် ကာလအပိုင်းအခြားအလိုက် တစ်ဆက်တည်း ပြောင်းလဲလာသော အမည်များ ဖြစ်ကြသည်။ [၁၁]

ဧဗြဲလူမျိုး (Hebrews) ဟူသည် ဘိုးဘေး အာဗြဟံ (Abraham) မှ စတင်ခဲ့သော အုပ်စုဖြစ်သည်။ အာဗြဟံသည် ယူဖရေးတီးမြစ်ကို ဖြတ်ကူးလာသူဖြစ်၍ ဧဗြဲဝေါဟာရ Ivri ("မြစ်ကို ဖြတ်ကူးလာသူ") မှ ဆင်းသက်လာသည်ဟု ကျမ်းစာပညာရှင်များက မှတ်ယူကြသည်။ [၁၂] ဣသရေလလူမျိုး ဟူသည် ကျမ်းစာလာ သမိုင်းအရ အာဗြဟံ၏ မြေးဖြစ်သူ ယာကုပ် (Jacob) သည် ဘုရားသခင်၏ ကောင်းကင်တမန်နှင့် နပန်းလုံးပြီးနောက် ဘုရားသခင်ကသူ့ကို "ဣသရေလ" (ဧဗြဲ: יִשְׂרָאֵל, Yisrael – "ဘုရားသခင်နှင့် တိုက်လှန်နိုင်သောသူ" သို့မဟုတ် "ဘုရားသခင် မင်းပြုသည်") ဟု အမည်သစ် ပေးခဲ့သည်။ [၁၃]ယာကုပ်တွင် သား ၁၂ ဦးရှိခဲ့ပြီး ထိုသား ၁၂ ဦးမှ "ဣသရေလ ၁၂ မျိုးနွယ်" ဆင်းသက်လာခဲ့သည်။ ယင်းအနက် ယုဒ (Judah) နွယ်သည် တစ်ခုအပါအဝင် ဖြစ်သည်။

ဘုရင် ရှောလမွန် (Solomon) နတ်ရွာစံပြီးနောက် (ဘီစီ ၉၃၀ ခန့်) ဣသရေလနိုင်ငံသည် နှစ်ပိုင်း ကွဲသွားခဲ့သည်— [၁၄]မြောက်ပိုင်း ဣသရေလ နိုင်ငံ တွင် မျိုးနွယ် ၁၀ စု ပါဝင်သည်။ ဘီစီ ၇၂၂ တွင် အာရှုရိ တို့၏ တိုက်ခိုက်ဖျက်ဆီးခြင်းခံရပြီး မျိုးနွယ်များ ပျောက်ကွယ်သွားခဲ့သည် ("Lost Ten Tribes")။တောင်ပိုင်း ယုဒ နိုင်ငံ တွင် ယုဒ နွယ်နှင့် ဗင်္ယာမိန် နွယ်တို့ ပါဝင်သည်။ မြို့တော်မှာ ဂျေရုဆလင် ဖြစ်သည်။ဗာဗုလုန် ဖမ်းဆီးခြင်းနှင့် ဂျူးအမည်စတင်ခြင်း: ဘီစီ ၅၈၆ တွင် ဗာဗုလုန်တို့က ယုဒနိုင်ငံကို ဖျက်ဆီး၍ ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုအခါမှစ၍ ယုဒနိုင်ငံတော်မှ ကြွင်းကျန်စွန့်ခွာလာသူများကို "ယုဒပြည်သားများ" (သို့မဟုတ်) "ယေဟုဒီ / ဂျူး (Jews)" ဟု သမိုင်းတွင် စတင်ခေါ်ဝေါ်ခဲ့ကြသည်။ [၁၅]

သမိုင်းကြောင်း

[ပြင်ဆင်ရန်]

ဂျူးလူမျိုးများ၏ သမိုင်းကြောင်းသည် လွန်ခဲ့သော နှစ်ပေါင်း ၄,၀၀၀ ခန့်က အရှေ့အလယ်ပိုင်း ရှေးခေတ် ခါနန် ပြည်မှ စတင်ခဲ့ပြီး ဘာသာရေး၊ ပထဝီဝင်နှင့် သမိုင်းဝင် ရွှေ့ပြောင်းနေထိုင်မှုများစွာ ဖြတ်သန်းခဲ့ရသော သမိုင်းတစ်ကွေ့ဖြစ်သည်။[]

ရှေးဘိုးဘေးများခေတ်နှင့် အဲဂုတ္တုပြည်မှ ထွက်မြောက်ခြင်း

[ပြင်ဆင်ရန်]

သမ္မာကျမ်းစာ မှတ်တမ်းများအရ ဂျူးတို့၏ ဘိုးဘေးများမှာ အာဗြဟံ၊ ၎င်း၏သား ဣဇာက် နှင့် မြေးဖြစ်သူ ယာကုပ် တို့ ဖြစ်ကြသည်။[] ယာကုပ်၏ အမည်ကို ဘုရားသခင်က ဣသရေလ(အစ္စရေး) ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး ၎င်း၏ သား ၁၂ ဦးမှတစ်ဆင့် "ဣသရေလ (အစ္စရေး) ၁၂ မျိုးနွယ်" ပေါ်ပေါက်လာခဲ့သည်။ အစာခေါင်းပါးမှုကြောင့် ဣသရေလ အမျိုးသားတို့သည် အဲဂုတ္တုပြည် (အီဂျစ်) သို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြပြီး ကာလကြာမြင့်သောအခါ ကျေးကျွန်အဖြစ် စေခိုင်းခြင်း ခံခဲ့ရသည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် မောရှေ ၏ ဦးဆောင်မှုဖြင့် အဲဂုတ္တုပြည်မှ ထွက်မြောက်ခဲ့ကြပြီး စီနဝါတောင်တွင် ဘုရားသခင်ထံမှ ပညတ်တော်ဆယ်ပါး ကို လက်ခံရရှိခဲ့ကြသည်။[၁၆]

ဣသရေလ တိုင်းပြည်နှင့် ယုဒနိုင်ငံတော်များ

[ပြင်ဆင်ရန်]

ခါနန်ပြည်သို့ ပြန်လည်ဝင်ရောက်ပြီးနောက် ဣသရေလတို့သည် ဒါဝိဒ်မင်းကြီး လက်ထက်တွင် စည်းလုံးသော ဣသရေလ တိုင်းပြည်ကို ထူထောင်ခဲ့ကြပြီး ယေရုရှလင် (ဂျေရုစလင်) မြို့ကို မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ ဒါဝိဒ်၏သား ရှောလမွန်မင်းကြီး သည် ယေရုရှလင်မြို့တွင် "ပထမဗိမာန်တော်" ကို တည်ဆောက်ခဲ့သည်။[၁၇] ရှောလမွန်မင်း သေဆုံးပြီးနောက် တိုင်းပြည်သည် နှစ်ပိုင်း ကွဲသွားခဲ့သည်။မြောက်ပိုင်းနိုင်ငံသည် အာရှုရိ (အဆီးရီးယား) တို့၏ တိုက်ခိုက်ဖျက်ဆီးခြင်းကို ဘီစီ ၇၂၂ တွင် ခံခဲ့ရသည်။တောင်ပိုင်း ယုဒနိုင်ငံ သည် ဘီစီ ၅၈၆ တွင် ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာ (Nebuchadnezzar II) ၏ တိုက်ခိုက်ခြင်းကို ခံရပြီး ပထမဗိမာန်တော် ဖျက်ဆီးခံခဲ့ရကာ ဂျူးအများစု ဗာဗုလုန် သို့ သုံ့ပန်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရသည် (ဗာဗုလုန်သုံ့ပန်းခေတ်)။[၁၈]

ဒုတိယဗိမာန်တော်ခေတ်နှင့် ပြန့်လွင့်ခြင်း

[ပြင်ဆင်ရန်]

ပါရသ (ပါရှား) ဘုရင် ကုရုမင်း (Cyrus the Great) က ဗာဗုလုန်ကို အောင်နိုင်ပြီးနောက် ဂျူးတို့အား ယေရုရှလင်သို့ ပြန်ခွင့်ပြုခဲ့ပြီး "ဒုတိယဗိမာန်တော်" ကို ပြန်လည်တည်ဆောက်ခဲ့ကြသည်။ ထို့နောက် ဂရိနှင့် ရောမအင်ပါယာ တို့၏ အုပ်ချုပ်မှုအောက်သို့ ကျရောက်ခဲ့သည်။အေဒီ ၇၀ တွင် ရောမစစ်သူကြီး တိတု (Titus) က ဂျူးတို့၏ တော်လှန်ရေးကို နှိမ်နင်းရင်း ဒုတိယဗိမာန်တော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။အေဒီ ၁၃၅ တွင် ပေါ်ပေါက်ခဲ့သော ဘားခုတ်ဗျ (Bar Kokhba) တော်လှန်ရေး ပျက်စီးပြီးနောက် ရောမတို့သည် ဂျူးအများစုအား ယေရုရှလင်မှ နှင်ထုတ်ခဲ့ပြီး နယ်မြေအမည်ကို "ပါလက်စတိုင်း" ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သဖြင့် ဂျူးတို့သည် ဥရောပ၊ အာရှနှင့် မြောက်အာဖရိက ဒေသများသို့ ကမ္ဘာအနှံ့ ပြန့်လွင့်နေထိုင်ခဲ့ကြရသည်။[]

အလယ်ခေတ်မှ ဒုတိယကမ္ဘာစစ်နှင့် ဂျူးလူမျိုးတုံးသတ်ဖြတ်မှု

[ပြင်ဆင်ရန်]

ဥရောပတွင် ပြန့်လွင့်နေထိုင်ကြစဉ်အတွင်း ဂျူးတို့သည် ဘာသာရေးနှင့် လူမျိုးရေး ခွဲခြားဆက်ဆံမှုများ၊ နှင်ထုတ်ခံရမှုများကို ရာစုနှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရသည်။ သို့သော်လည်း ၎င်းတို့၏ စာပေ၊ ယဉ်ကျေးမှုနှင့် ဘာသာရေး အမှတ်သညာကို စနစ်တကျ ထိန်းသိမ်းနိုင်ခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီ နှင့် ၎င်း၏ မဟာမိတ်တို့သည် ဥရောပရှိ ဂျူးလူမျိုးများအား စနစ်တကျ လူမျိုးတုံးသတ်ဖြတ်သည့် ဟိုလိုကော့စ် (Holocaust) အစီအစဉ်ကို ဖော်ဆောင်ခဲ့ရာ ဂျူးလူဦးရေ ၆ သန်းခန့် (ထိုစဉ်က ဥရောပဂျူးလူဦးရေ၏ သုံးပုံနှစ်ပုံ) သေဆုံးခဲ့ရသည်။[]

ဇိအုန်ဝါဒနှင့် အစ္စရေး (ဣသရေလ) နိုင်ငံ ပြန်လည်ထူထောင်ခြင်း

[ပြင်ဆင်ရန်]

၁၉ ရာစုအကုန်တွင် သက်အိုဒို ဟာဇယ် (Theodor Herzl) ဦးဆောင်သော ဇိအုန်ဝါဒ (Zionism) လှုပ်ရှားမှု ပေါ်ပေါက်လာပြီး ရှေးဘိုးဘေးတို့၏ နယ်မြေသို့ ဂျူးများ ပြန်လည်အခြေချရေးကို တွန်းအားပေးခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၇ ခုနှစ်တွင် ကုလသမဂ္ဂ က ပါလက်စတိုင်းနယ်မြေကို ဂျူးနိုင်ငံနှင့် အာရပ်နိုင်ငံဟူ၍ ခွဲဝေရန် ဆုံးဖြတ်ခဲ့ပြီးနောက်၊ ၁၉၄၈ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ခေတ်သစ် အစ္စရေးနိုင်ငံ (ဣသရေလပြည်) ကို တရားဝင် ပြန်လည်ထူထောင်နိုင်ခဲ့သည်။[၁၉]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 DellaPergola, Sergio (2023). "World Jewish Population, 2023". Berman Jewish DataBank.
  2. 1 2 Day, John (2010). In Search of Pre-Exilic Israel. Continuum International Publishing Group. pp. 48–51.
  3. Efron, Noah (2014). A Chosen People: The History and Future of the Jewish People. Basic Books.
  4. 1 2 Finkelstein, Israel; Silberman, Neil Asher (2001). The Bible Unearthed: Archaeology's New Vision of Ancient Israel and the Origin of Its Sacred Texts. Touchstone.
  5. 1 2 Barclay, John M. G. (1996). Jews in the Mediterranean Diaspora: From Alexander to Trajan (323 BCE – 117 CE). T&T Clark.
  6. Ostrer, Harry (2012). Legacy: A Genetic History of the Jewish People. Oxford University Press.
  7. 1 2 Dawidowicz, Lucy S. (1975). The War Against the Jews: 1933–1945. Bantam Books.
  8. Judah, Tribe of, Jewish Encyclopedia, Funk and Wagnalls, 1901–1906.
  9. Genesis 29:35, Biblia Hebraica Stuttgartensia, Deutsche Bibelgesellschaft.
  10. သမ္မာကျမ်းစာ (ယုဒလူမျိုးနှင့် သက်ဆိုင်သော ခေါ်ဝေါ်ပုံများ)၊ မြန်မာနိုင်ငံသမ္မာကျမ်းစာအသင်း။
  11. De Vaux, Roland, Ancient Israel: Its Life and Institutions, McGraw-Hill, 1961.
  12. Genesis 14:13, King James Version.
  13. Genesis 32:28, Biblia Hebraica Stuttgartensia.
  14. 1 Kings 12:16–20, The Holy Bible, New International Version.
  15. Esther 2:5, The Holy Bible, Tanakh (JPS Jewish Publication Society).
  16. Redford, Donald B. (1992). Egypt, Canaan, and Israel in Ancient Times. Princeton University Press.
  17. Coogan, Michael D. (2009). A Brief Introduction to the Old Testament. Oxford University Press.
  18. Grabbe, Lester L. (2004). A History of the Jews and Judaism in the Second Temple Period. T&T Clark.
  19. Sachar, Howard M. (2007). A History of Israel: From the Rise of Zionism to Our Time. Alfred A. Knopf.