ဂျူးလိယက်ဆီဇာ

ဝီကီပီးဒီးယား မှ
ဂျူးလိယက်ဆီဇာ
ရောမသမ္မတနိုင်ငံ၏အာဏာရှင်
တာဝန်သက်တမ်း
ဘီစီ ၄၉ အောက်တိုဘာ ၂၅ – ဘီစီ ၄၄ မတ် ၁၅
ယခင်လူဆာလာ (ဘီစီ ၈၁/၈၂)ရောမသမ္မတနိုင်ငံ၏အာဏာရှင်အဖြစ်
ဆက်ခံသူဩဂတ်စတက်ဆီဇာ (ဘီစီ ၂၇- အေဒီ ၁၄) ရောမဧကရာဇ် အဖြစ်
ရောမသမ္မတနိုင်ငံ၏ကောင်စီ
တာဝန်သက်တမ်း
ဘီစီ ၄၄ ဇန်နဝါရီ ၁ – ဘီစီ ၄၄ မတ် ၁၅
မာ့ခ် အန်ထိုနီ
ယခင်လူစီ၊ကန်နီးနီးယပ်စ် ရီဘီးလပ်စ်(အစားထိုးကောင်ဆယ်)နှင့်ဂေးယပ်စ်ထရီဘိုးနီးယပ်စ်(အစားထိုးကောင်ဆယ်)
ဆက်ခံသူပီ၊ကော်နယ်လီးယပ်စ် ဒိုနာဘယ်လာ(အစားထိုးကောင်ဆယ်)နှင့် မာ့ခ်အန်ထိုနီ
တာဝန်သက်တမ်း
ဘီစီ ၄၆ ဇန်နဝါရီ ၁ – ဘီစီ ၄၅ စက်တင်ဘာ
အမ်၊ အေမဲလလိယပ်စ် လိပိဒပ်စ်
ယခင်လူကြူ၊ ဖျူးဖျိယပ်စ် ကယ်လိနပ်စ် နှင့် ပါဘလီးယပ်စ် ဗာတီးနီးယပ်စ်
ဆက်ခံသူကြူ၊ ဖေးဘီးယပ်စ် မက်စ်ဆီးမပ်စ်(အစားထိုးကောင်ဆယ်)နှင့် ဂေးယပ်စ် ထရီဘိုးနီးယပ်စ်(အစားထိုးကောင်ဆယ်)
တာဝန်သက်တမ်း
ဘီစီ ၄၈ ဇန်နဝါရီ ၁ – ဘီစီ ၄၇ ဇန်နဝါရီ ၁
ပီ၊ ဆာဗီးလီးယပ်စ် ဗာတီယာ အိုက်ဆောရီးကပ်စ်
ယခင်လူစီ၊ ကလော်ဒီးယပ်စ် မာဆယ်လပ်စ် အကြီးနှင့် လယ်လ်၊ ကော်နယ်လီးယပ်စ် လန်းကျူလပ်စ် ကရပ်စ်
ဆက်ခံသူကြူ၊ဖျူးဖျိယပ်စ် ကယ်လိနပ်စ်နှင့် ပါဘလီးယပ်စ် ဗာတီးနီးယပ်စ်
တာဝန်သက်တမ်း
ဘီစီ ၅၉ ဇန်နဝါရီ ၁ – ဘီစီ ၅၈ ဇန်နဝါရီ ၁
မားကပ်စ် ကယ်လ်ပါနီးယပ်စ် ဘီးဘုလပ်စ်
ယခင်လူ​​ကြူ၊ ဆီစီလီးလီးယပ်စ် မက်တယ်လာ ဆီလာနှင့် လူးစီးယပ်စ် အက်ဖရေးနီးယပ်စ်
ဆက်ခံသူအယ်လ်၊ ကယ်လ်ပါးနီးယပ်စ် ပစ်ဆို ဆီဆိုးနီးယပ်စ်နှင့် အောလပ်စ် ဂါဘီးနီးယပ်စ်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားဘီစီ ၁၀၀ ဂျူလိုင် ၁၃
ရောမြို့၊အီတလီ၊ရောမသမ္မတနိုင်ငံ။
ကွယ်လွန်ဘီစီ ၄၄ မတ် ၁၅ (အသက် ၅၅နှစ်)
ရောမမြို့၊အီတလီ၊ရောမသမ္မတနိုင်ငံ။
ကွယ်လွန်ရသည့် အကြောင်းရင်းလုပ်ကြံခံရခြင်း(ဓားဒဏ်ရာဖြင့်)
သင်္ဂြိုဟ်ရာနေရာဆီဇာ၏ဘုရားကျောင်း၊ရောမမြို့။( Temple of Caesar)(Rome)
နိုင်ငံသားရောမ
နိုင်ငံရေးပါတီပြည်သူ့ဘက်တော်သား
ကြင်ဖော်(များ)
  • ကော်ဆူတီယာ(ကောလဟာလ)
  • ကော်နယ်လီယာ(ဘီစီ ၈၄မှ ၆၉၊ သူမကွယ်လွန်ချိန်အထိ)
  • ပွန်ပီယာ(ဘီစီ ၆၇မှ၆၁၊ကွာရှင်းလိုက်သည်)
  • ကယ်လ်ပါနီယာ(ဘီစီ ၅၉မှ၄၄၊ သူကွယ်လွန်ချိန်အထိ)
သားသမီး
  • ဂျူလီယာ
  • ဆီဆာရီရွန်
  • မားကပ်စ် ဂျူးနီးယပ်စ် ဘရူးတပ်စ်(ကောလဟာလ)
  • ဩဂတ်စတက် (မွေးစား
မိဘဂိုင်းယပ်စ် ဂျူးလိယက် ဆီဇာနှင့် အော်ရယ်လ်လီးယပ်စ် ကော်တာ
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံဖိုင်:Roman military banner.svg ရောမသမ္မတနိုင်ငံ (Roman Republic)
တပ်/တပ်ဖွဲ့ခွဲရောမစစ်တပ် (Roman Army)
တိုက်ပွဲ/စစ်ပွဲများ
  • ဂေါလ်စစ်ပွဲများ(ဘီစီ ၅၈ မှ ၅၁ အထိ)
  • ဆီဇာ၏ပြည်တွင်းစစ်(ဘီစီ ၅၀ မှ ၄၅ အထိ)

ဂိုင်းယပ်စ် ဂျူးလိယက် ဆီဇာ (လက်တင်: Gaius Julius Caesar; /ဂိုင်ယု(စ်) ယူလီယု(စ်) ကိုင်ဇာ/ ) သည် ရောမသမ္မတနိုင်ငံ ပျက်သုန်းခြင်း၊ ရောမဧကရာဇ်နိုင်ငံတော် ပေါ်ပေါက်လာခြင်း ဖြစ်စဉ်များ၌ အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သော ရောမစစ်ဗိုလ်ချုပ်၊ နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။ မျိုးရိုး အမည်နှင့် ကိုယ်ပိုင် အမည်တို့ ပေါင်းစပ်ထားသော ဂျူးလိယက် ဆီဇာ ဟူသည့် အမည်ဖြင့် ပို၍လူသိများသည်။ ဂျူးလိယက် ဆီဇာသည် သူ၏အမည်ကို ဂျာမန် ဘာသာတွင် "Kaiser" အဖြစ်လည်းကောင်း၊ ဆလပ်ဗ်ဘာသာတွင် "Tsar" အဖြစ်လည်းကောင်း၊ အစ္စလာမ်ကမ္ဘာမှ ဘာသာစကားများတွင် "Qaysar" ဟူ၍လည်းကောင်း ဧကရာဇ်များ အဆင့်အမြင့်ဆုံးအုပ်ချုပ်သူများကို ရည်ညွှန်းသည့် စကားလုံးအဖြစ် အသုံးပြုရ‌‌လောက်အောင်ပင် နိုင်ငံရေးနယ်ပယ်တွင် ထူးချွန်ပြောင်မြောက်လှသူ ဖြစ်သည်။[၁] ထို့အပြင် သမိုင်းပညာရှင်အများအပြားကလည်း ဂျူးလိယက် ဆီဇာကို ထက်မြက်သော စစ်ဗိုလ်ချုပ်အဖြစ်လည်း လက်ခံထားကြ၏။[၂] ဆီဇာသည်ကား စစ်ရေးနှင့်နိုင်ငံရေးတွင်သာကျွမ်းကျင်သည်မဟုတ် စာပေဖက်တွင်လည်း ထူးချွန်သူဖြစ်သည်။ ဂေါလ် (Gaul) နယ်ကို သိမ်းသွင်းစဉ် တိုက်ခိုက်နေရင်း မအားလပ်သည့်ကြားမှ လက်တင်ဘာသာဖြင့် သူရေးသားခဲ့သော မှတ်တမ်းများ (ဥပမာ : Commentāriī dē Bellō Gallicō) သည်လည်း ရိုးရှင်းပြတ်သားသောကြောင့် လက်တင်ဘာသာကို လေ့လာသင်ယူလိုသူတိုင်း လက်စွဲအဖြစ် ယ​နေ့တိုင် လေ့လာနေကြရလေသည်။[၃] သို့သော်လည်း ရောမသမ္မတနိုင်ငံတော် ပျက်စီးခြင်းတွင် အဓိကကျသူ ဖြစ်သောကြောင့် အာဏာရှင်၊ ဒီမိုကရေစီ၏ရန်သူ စသည်ဖြင့်လည်း သတ်မှတ်ခံရသူဖြစ်သည်။[၄]

ဂျူးလိယက် ဆီဇာသည် အထင်ကရ ရောမနိုင်ငံရေးသမား စစ်ဗိုလ်ချုပ်အတိုင်ပင်ခံအဖြစ် စံချိန်တင် ခုနှစ်ကြိမ်အထိ ရွေးကောက်တင်မြှောက်ခံရသူ ဂိုင်းယပ်စ်မရိုင်းယပ်စ်၏ တူတော်သူလည်းဖြစ်သည်။[၅] မရိုင်းယပ်စ် (Gaius Marius) နှင့် ဆာလာ(Sulla) တို့ပြည်တွင်းစစ်ဖြစ်၍ မရိုင်းယပ်စ်ကွယ်လွန်ကာ ဆာလာ အာဏာရလာချိန်တွင် ဆာလာက ဆီဇာကို သာသနာ့ဘောင်မှထုတ်ကာ ဇနီးကော်နယ်လီယာနှင့် ကွာရှင်းစေသည်။ ဆီဇာက ကွာရှင်းရန်ငြင်းဆို၏။ ထို့အပြင် ဆာလာက ဆီဇာကို သတ်ရန်လည်းကြိုးစားပြန်သည်။ အကြောင်းပြချက်မှာ ဆီဇာ့ထံတွင် မရိုင်းယပ်စ်၏ စိတ်ဓာတ်များ အပြည့်ရှိနေသောကြောင့်ဟု ဆိုသည်။ ဆာလာ၏လူများက ဆီဇာကဲ့သို့ငယ်ရွယ်သူကို သတ်ရန်အကြောင်းမရှိဟု ပြောကြသောကြောင့် ချမ်းသာရာရခဲ့၏။ သို့သော် စိတ်မချရသောကြောင့် ရပ်ဝေးတွင်တိမ်းရှောင်ရသည်။[၆] ဆာလာအာဏာကျဆင်းလာချိန်တွင် ရောမသို့ပြန်လာကာ နိုင်ငံရေးလုပ်၏။ ဘီစီ ၅၉တွင် ပထမဆုံးအကြိမ် ကောင်ဆယ်အဖြစ် အရွေးခံရပြီး ဘီစီ ၆၀တွင် နာမည်ကျော် ရောမစစ်ဗိုလ်ချုပ် ပွန်ပီ (Pompei)၊ လူချမ်းသာ ကရက်ဆပ်စ်(Crassus) တို့နှင့်ပေါင်းကာ ပထမသုံးပွင့်ဆိုင်အဖွဲ့ (First Triumvirate) ကိုဖွဲ့ကာ ရောမသမ္မတနိုင်ငံကို အုပ်ချုပ်သည်။[၇] ဂေါလ်စစ်ပွဲများ(ဘီစီ ၅၈ မှ ၅၁)အပြီးတွင် ဂေါလ်နယ်ကို သိမ်းပိုက်သည်။ ထိုအတောအတွင်း အရှေ့ဘက်စစ်ပွဲများတွင် ကရက်ဆပ်စ်ကွယ်လွန်ပြီး သုံးပွင့်ဆိုင်အဖွဲ့ပျက်ကာ ဘီစီ ၄၉တွင် ပွန်ပီနှင့်ဆီဇာ စစ်ဖြစ်ပြီး ပြည်တွင်းစစ်စတင်၏။ ဘီစီ ၄၅တွင် ဆန့်ကျင်ဘက် အင်အားစုများကို အနိုင်ရကာ ပြည်တွင်းစစ်ပြီးဆုံး၍ ရောမတွင် ပြိုင်ဘက်မရှိသူဖြစ်လာသည်။ ဆီးနိတ် (Roman Senate) ကလည်း မတတ်သာသဖြင့် ဆီဇာအလိုကျ အာဏာရှင်အဖြစ်ခန့်အပ်သည်။ ပြက္ခဒိန်ကိုပြင်ဆင်ခြင်း၊ နယ်ဘက်အုပ်ချုပ်ရေးကို ပြင်ဆင်ခြင်းစသည်တို့ကို ဆောင်ရွက်ဆဲမှာပင် အာဏာကိုတစ်ဦးတည်း ချုပ်ကိုင်ထားမှုကြောင့် ဆီးနိတ်အတွင်းမှ သက်ဦးဆံပိုင်အာဏာရှင်စနစ် ဖြစ်သွားမည်ကို မလိုလားသူများက လုပ်ကြံသဖြင့် ဘီစီ ၄၄ မတ် ၁၅ တွင် ကွယ်လွန်သည်။ ဆီဇာကွယ်လွန်သွားသောအခါ တူတော်သူ အော့တေးဗီးယန်းက ဆီဇာ၏အမွေခံယူပြီး ဆီဇာ၏ပြုပြင်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သည်။ နောက်ဆုံးတွင် ဩဂတ်စတက် အမည်ဖြင့် ပထမဆုံး ရောမဧကရာဇ် ဖြစ်လာကာ ရောမသမ္မတနိုင်ငံမှ ရောမဧကရာဇ် နိုင်ငံတော် ဖြစ်လာသည်။ တနည်းအားဖြင့် ဆိုသော် ဆီဇာ၏လုပ်ရပ်များက ရောမသမ္မတနိုင်ငံ ကျဆုံးခြင်းအတွက် အဓိကနေရာမှပါဝင်ခဲ့သည် ဟုဆိုရပေမည်။ [၈]

ငယ်ဘဝနှင့်ရောမနိုင်ငံရေးအခြေအနေ[ပြင်ဆင်ရန်]

ဂျူးလိယက်ဆီဇာကို ဘီစီ ၁၀၀ခုနှစ်တွင် ရောမသူကောင်းမျိုးမိသားစုမှ မွေးဖွားခဲ့သည်။ ငယ်စဉ်ကတည်းက ပညာကိုကောင်းစွာသင်ယူရသူဖြစ်ပြီး နိုင်ငံရေးတွင်လည်းပါဝင်ခဲ့သူဖြစ်သည်။ ထိုအချိန်က ရောမမှာ ဒုတိယပျူးနစ်စစ်ပွဲတွင် ကာသေ့ခ်ျကိုအောင်နိုင်၍ ကြွယ်ဝချမ်းသာလာသော်လည်း မြို့ငယ်လေးကိုသာအုပ်ချုပ်ဖူးသည့် အတွေ့အကြုံသာရှိသော ဆီးနိတ်၏ စီမံခန့်ခွဲမှုအမှားများကြောင့် လူတန်းစားကွာဟမှုကြီးလာကာ တည်ငြိမ်အေးချမ်းမှုပျက်ပြားနေချိန်ဖြစ်သည်။

နိုင်ငံရေးလှုပ်ရှားမှု၊ကွန်ဆာအရွေး‌ခံရခြင်းနှင့်သုံးပွင့်ဆိုင်အဖွဲ့[ပြင်ဆင်ရန်]

ဆာလာကွယ်လွန်ပြီးနောက် ဘီစီ ၇၈ ခုနှစ်တွင် ဆီဇာ သည် ရောမသို့ပြန်လာခဲ့၏။ ထိုအချိန်မှစ၍ ပြည်သူတို့၏ အကျိုးကို ရှေးရှုလျက် ပြည်သူ့ ဝန်ထမ်းလုပ်ငန်းများကို အား ကြိုးမာန် တက်ဆောင်ရွက်ခဲ့လေသည်။ ဘီစီ ၆၆ ခုနှစ်တွင် ပြည်သူ့ကျမ်းမာရေးကစားခုန်စားပွဲများ၌ ကြီးကြပ်သူ ဖြစ်လာ သောအခါ၊ ခန်းနားထည်ဝါသော ကစားပွဲများ ဖြစ်မြောက်စေ ရန် ကိုယ်တိုင်ကြွေးတင်ခံ၍ပင် စီမံလုပ်ကိုင်ခဲ့၏။ ထိုအတွက် ကြောင့် ဆီဇာသည် အများ၏ ခင်မင်လေးစားမှုကို ရရှိခဲ့လေ သည်။ ဂျူးလယပ် ဆီဇာသည် ရောမနိုင်ငံတော်အုပ်ချုပ်ရေး၌ ချွတ်ယွင်းနေပုံကို သိမြင်ထား၏။ ရောမ နိုင်ငံတော်ကြီးမပျက် စီးစေရန် တစ်ဦးတစ်ယောက်၏ လက်ထဲတွင် အချုပ်အချာ အာဏာရှိသည့် အုပ်ချုပ်ရေးမျိုး လိုအပ်သည်ဟု ယုံကြည် ထား၏။ ထိုအခြေအနေကို သူသည်ဖန်တီးပေးနိုင်လိမ့်မည် ဟုလည်း ယူဆထားလေသည်။ ဆီဇာသည် သူ၏ ရည်မှန်းချက်ထမြောက်အောင်မြင်ရေး အတွက် လူချစ်လူခင်ပေါသော စစ်ဗိုလ်ချုပ်ကြီး ပွန်ပီ၊ ငွေ ကြေးတောင့်တင်းသောသဌေး ကရက်ဆပ်တို့နှင့် မိတ်ဖွဲ့ပူး ပေါင်း၍ နိုင်ငံရေးလုပ်ငန်းများကို ဆောင်ရွက်လေသည်။ ထိုသို့ ဆောင်ရွက်သဖြင့် ဘီစီ ၅၉ ခုနှစ်တွင် ကွန်ဆာလူကြီးအဖြစ် ရွေးချယ်တင်မြောက်ခြင်းခံခဲ့ရ၏။ ဘီစီ၆ဝ ပြည့်နှစ်တွင် ပွန်ပီ၊ ကရက်ဆပ်တို့နှင့်အတူ ပထမသုံးပွင့်ဆိုင်အဖွဲ့ဟူ၍ဖွဲ့ကာ ရောမ နိုင်ငံကို အုပ်ချုပ်လေသည်။

ဂေါလ်ဒေသကိုသိမ်းသွင်းခြင်းနှင့် စစ်ရေးစွမ်းဆောင်ရည်[ပြင်ဆင်ရန်]

ဆီဇာသည် ပြင်သစ် နိုင်ငံဟုခေါ်သော ဂေါလနယ်ကို တာဝန်ခံအုပ်ချုပ်ရ၏။ ထိုအခါဆီဇာသည် သူ၏ ရည်မှန်းချက်အကောင်အထည် ပေါ်ရေးအတွက် ဆောင်ရွက်ရန် အခွင့်ကောင်းရလာတော့၏။ ဂေါလနယ်တွင် ၉ နှစ်ကျော်ခန့်နေ၍၊ အနောက်ဘက်ဒေသ များကို ရောမလက်အောက်သို့ တိုက်ခိုက်သိမ်းသွင်းခဲ့၏။ ဤသို့ဖြင့် ထိုစဉ်က လူအကြည်ညိုများသော ပွန်ပီကဲ့သို့ပင် မိမိလည်း စစ်သားကောင်းပီသကြောင်းကို အစွမ်းပြနိုင်ခဲ့လေ သည်။ ဆီဇာသည် ဂျာမန်နှင့် ဗဲလဂျီယန်လူမျိုးတို့အား တိုက် ခိုက်နှိမ်နင်းခဲ့၏။ ဗြိတိန်နိုင်ငံကိုလည်း ဘီစီ ၅၅ ခုနှစ်တွင် တစ်ကြိမ်၊ ဘီစီ ၅၄ ခုနှစ်တွင်တစ်ကြိမ်၊ ပေါင်းနှစ်ကြိမ်မျှ ဝင်ရောက်တိုက်ခိုက်ခဲ့၏။ ဆီဇာသည် ခေါင်းဆောင်မှုနှင့် စည်းရုံးမှုဘက်တွင် သာမက၊ စစ်ရေးစစ်မှုဖက်၌လည်း ထူးချွန် သည်ကို ထင်ရှားစေခဲ့သည်။ စစ်တိုက်ရာတွင် အေးအတူပူအမျှ သဘောထား၍ သာမန်စစ်သားတို့နှင့်အတူ ပြုမူလုပ်ကိုင်တတ် ခြင်းကြောင့် စစ်သည်တော်တို့၏ ချစ်ကြောက်ရိုသေမှုကို ခံယူ ခဲ့ရလေသည်။

သုံးပွင့်ဆိုင်အဖွဲ့ပျက်စီးခြင်းနှင့် ပွန်ပီနှင့်စစ်ဖြစ်ခြင်း[ပြင်ဆင်ရန်]

ထိုသို့ အနောက်နိုင်ငံများတွင် စစ်ပွဲများကို အောင်နိုင်ကာ တန်ခိုးကြီးလာသောအခါ၊ ဆီဇာကို ရောမမြို့ရှိ ပွန်ပီသည် မနာ လိုစိတ်ဖြစ်ပေါ်လာတော့၏။ ထိုအတွင်း သုံးပွင့်ဆိုင်အဖွဲ့ဝင်၊ ကရက်ဆပ်ကွယ်လွန်သွား၏။ ဤသုံးပွင့်ဆိုင်အဖွဲ့ပျက် သွား လေရာ၊ ပွန်ပီသည် ဆီဇာကို နှိမ်နင်းရန် အခွင့်ကောင်းယူ၍၊ ဘီစီ ၄၉ ခုနှစ်တွင် ဆီနိတ်အဖွဲ့အား ဆွဲဆောင်ပြီးလျှင် ဆီဇာ ၏ စစ်တပ်များကို ဖျက်သိမ်းရန် အမိန့်ထုတ်စေလေသည်။ သို့သော် ဆီဇာသည်ရရှိပြီးသော တန်ခိုးအာဏာကို လက် မလွှတ်တော့ဘဲ၊ ၅ဝဝဝ တပ်ကိုဦးစီး၍ ဂေါလနယ်နှင့် ရောမ နိုင်ငံ၏နယ်ခြားဖြစ်သော ရူးဗီကွန်မြစ်ကိုဖြတ် ကျော်ကာ ရောမ မြို့သိုရှေးရှု ချီတက်လေသည်။ ဆီဇာ၏ စစ်တပ်နှင့် ပွန်ပီ၏ စစ်သည်များ တိုက်ခိုက်ကြရာ၌ ပွန်ပီ၏ စစ်သည်များရှုံးနိမ့်၍ ပွန်ပီသည် ဂရိနိုင်ငံသို့ ထွက်ပြေးရလေသည်။ ဆီဇာကလည်း ပွန်ပီဆုတ်ပြေးရာသို့ လိုက်၍ တိုက်ခိုက်လေရာ၊ ဘီစီ ၄၈ ခုနှစ်တွင်၊ ဖားဆေးတပ်တိုက်ပွဲ၌ ပွန်ပီမလှန်နိုင်အောင်နိုင်လိုက် လေသည်။ ထိုစစ်မြေပြင်မှ တစ်ဖန် ပွန်ပီသည် အီဂျစ်သို့ ထွက်ပြေးပြန်တော့၏။ ဆီဇာသည် ပွန်ပီထွက်ပြေးသော အီဂျစ် သို့ဆက်၍ လိုက်ပြန်သည်။ သို့သော် ဆီဇာအီဂျစ်သို့မရောက်မီ ပွန်ပီမှာ လုပ်ကြံခြင်းခံရလေ၏။

ကလီယိုပါထရာနှင့်တွေ့ဆုံခြင်းနှင့် ငြိမ်ဝပ်ပိပြားမှုကို တည်ဆောက်ခြင်း[ပြင်ဆင်ရန်]

ထိုသို့ ရန်သူအားနှိမ်နင်းရန် လိုက်လံတိုက်ခိုက်ရာမှ ဆီဇာသည် အီဂျစ်ဘုရင်မ၊ ကလီယိုပါးထရားနှင့် တွေ့လေ သည်။ ကယ်လီယိုပါးထရားသည် ဆီဇာအား သူ၏ ရူပါရုံနှင့် ဖြားယောင်း၍၊ အီဂျစ်ပြည်၏ တစ်ဦးတည်းသော ဘုရင်မအဖြစ် သို့ ရောက်အောင် သူ၏ ရန်သူအပေါင်းတို့အား တိုက်ခိုက်ရှင်း လင်းစေရာ၊ ဆီဇာကလည်း ထိုဘုရင်မ၏အလိုကျ ဆောင်ရွက် ပေးလေသည်။ ကယ်လီယိုပါးထရားနှင့် သားတစ်ယောက်ရရှိ ပြီးမှ၊ ဆီဇာသည် ရောမသို့ပြန်ခဲ့၏။ အီဂျစ်ဘုရင်မ ကယ်လီယိုပါးထရားကိုလည်း ရောမသို့ခေါ်ဆောင်ခဲ့လေသည်။ အီဂျစ်တွင်အောင်ပွဲများရရှိ ပြီးနောက် ဆီဇာသည် အာဖရိကနှင့် အာရှမိုင်းနားဖက်သို့ စစ်ဦးလှည့်၍ ရန်သူတို့အား နှိမ်နင်းခဲ့သေး၏။ စစ်ပွဲများတွင် ရှုံးသည်ဟူ၍မရှိ၊ နိုင်သည်ချည်းသာဖြစ်သောကြောင့် ဆီဇာသည် အာရှမိုင်းနားမှ ရောမမြို့တော်၌ရှိသော ဆီနိတ်အဖွဲ့သို့ 'ကျွန်ုပ် ရောက်ခဲ့ရာအရပ်၊ မြင်တွေ့ခဲ့ရာအရပ်တို့၌ အောင်မြင်ခဲ့သည် ချည်းသာရှိ၏'ဟူသော အဓိပ္ပာယ်ရှိသည့် စကားသုံးလုံး ရေး သားပို့ခဲ့ရာ၊ ထိုစကားများမှာ ဥဒါန်းတွင်ရစ်ခဲ့သည်။ ဘီစီ ၄၆ ခုနှစ်တွင် ဆီဇာသည် အရှေ့ဘက်နိုင်ငံများမှ ရောမသို့ပြန်ခဲ့၏။ သို့ရာတွင် အေးဆေးစွာ မနေရသေးဘဲ၊ စပိန်ဖက်သို့ချီတက်ရ ပြန်သည်။ ပွန်ပီ၏သား ၂ ဦးသည် စစ်သည်အင်အားစုဆောင်း ၍ စပိန်တွင် ပုန်ကန်ထကြွကြ၏။ ဆီဇာသည် သူပုန်တို့အား မန်ဒါစစ်ပွဲတွင် နှိမ်နင်းလိုက်ပြီးနောက် တိုင်ပြည်ငြိမ်ဝပ်မှုကို အရယူခဲ့လေသည်။

ရောမသို့ပြန်ရောက်ခြင်းနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကိုဆောင်ရွက်ခြင်း[ပြင်ဆင်ရန်]

ဆီဇာသည် ရောမမြို့တော်သို့ ဘီစီ ၄၅ ခုနှစ်တွင် ပြန် လည်ရောက်ရှိ၏။ ကျယ်ပြန့်သော ရောမနိုင်ငံတော်ကြီးသည် ဆီဇာ၏ လက်သို့ရောက်ခဲ့လေပြီ၊ အောင်ပွဲခံ ဆီဇာအား တိုင်းသူပြည်သားများသည် သောင်းသောင်းဖြဖြ ကြိုဆိုကြ၏။ ဆီနိတ်လူကြီးများသည် ဆီဇာအား များစွာချီးကျူး၍ တစ်သက် ပန် အာဏာရှင်ဘွဲ့ကို အပ်နှင်းကြ၏။ ဆီဇာ၏ ရုပ်ပုံတံဆိပ် ကိုရောမဒင်္ဂါးများပေါ်တွင် ခတ်နှိပ်သုံးစွဲကြ၏။ ပြည်သူ့စည်း ဝေးပွဲတစ်ရပ်တွင် ပြည်သူ့ကိုယ်စားလှယ် မတ်အန်တိုနီသည် ဆီဇာအား သရဖူကိုပင်ဆက်သခဲ့၏။ သို့ရာတွင် ဆီဇာသည် လက်မခံခဲ့ချေ။ ဆီဇာသည် မိမိလက်ဝယ်ရရှိလာသော တန်ခိုးအာဏာများ ကို တိုင်းပြည်ကောင်းကျိုးအတွက် အသုံးချ၍ ပြုပြင်မှုများကို စတင်ဆောင်ရွက်လေသည်။ ချွတ်ယွင်းချက်တို့နှင့် ပြည့်နှက်နေ သော ပြက္ခဒိန်ကို စနစ်တကျ ပြင်ဆင်စေခဲ့၏။ ဤီတလီနိုင်ငံ အနှံ့အပြား၌ ဒေသန္တရအုပ်ချုပ်ရေး ထွန်းကားလာစေရန် စီစဉ် ခဲ့၏။ မရိုးသားသော ဘုရင်ခံများကိုပယ်၍ တည်ကြည်သူများ ကို ခန့်အပ်အစားသွင်းခဲ့၏။ ပွန်ပီ၏ ဖက်သား ဖြစ်စေကာမူ၊ အရည်အချင်းပြည့်စုံက နိုင်ငံဝန်ထမ်းရာထူးများတွင် လုပ်ကိုင် ခွင့်ပြု၏။ ရောမဆင်းရဲသားများအား ကားသေ့နှင့်ကော်ရင့်ပြည် တို့သို့ သွားရောက်နေထိုင်၍ နယ်သစ်ဖွင့်စေရန် အားပေးခဲ့၏။ လယ်ယာစိုက်ပျိုးရေးတိုးတက်စေရန် စီမံခဲ့၏။ သို့သော် ထိုသို့ သော တိုင်းပြည်ပြုလုပ်ငန်းများကို ဆီဇာသည် ခြောက်လခန့် မျှသာ ဆောင်ရွက်နိုင်ခဲ့လေသည်။

လုပ်ကြံခံရခြင်း[ပြင်ဆင်ရန်]

သရဖူကိုဆင်မြန်း၍ ဘုရင်အဖြစ်ခံယူရန် ဆီဇာငြင်းပယ် ခဲ့သည်မှာမှန်၏။ သို့ရာတွင် အချုပ်အချာအာဏာကို သူတစ်ဦး တည်းလက်၌သာ ထားရှိသဖြင့် ဆီနိတ်အဖွဲ့မှာ အုပ်ချုပ်ရေး ဖက်တွင် အရေးမပါတော့ဘဲ၊ အကြံပေးအဖွဲ့ဘဝသို့ လျှောကျ ခဲ့ရလေသည်။ ထိုအတွက်ကြောင့် သူ၏မိတ်ဆွေများကပင် ဆီဇာသည် အသက်ဦးဆံပိုင်ဘုရင်သဖွယ် အုပ်စိုးသွားတော့မည် ဟု အယူရှိလာကြသည်။ ထိုကြောင့် ဆီဇာအား လုပ်ကြံရန် စိုင်းပြင်းကြတော့သည် ဘီစီ ၄၄ ခုနှစ် မတ်လ ၁၅ ရက်နေ့ တွင် ဆီနိတ်လွှတ်တော်အစည်းအဝေးရှိ၍ လွှတ်တော်ခန်းမကြီး၌ ဆီဇာထိုင်လိုက်သည်နှင့် မရှေးမနှောင်းပင် လုပ်ကြံမည့်လူတစ်စု သည် ဆီဇာအားဝိုင်း၍ ဓားနှင့်ထိုးရန်ဟန်ပြင်ကြ၏။ ဆီဇာ သည် ခုခံရန်ပြင်သည်တွင် လုပ်ကြံမည့်လူစု၌ မိမိနှင့်ရင်းနှီးသူ ဗရူးတပ် ပါဝင်သည်ကို မြင်သောအခါ 'အော်၊ ဗရူးတပ်၊ သင် ကပင်ကြံရာပါဖြစ်နေပါတကား'ဟု မြည်တမ်းလျက် အားလျှော့ လိုက်လေသည်။ ဆီဇာသည် ဓား ချက်ပေါင်း ၂ဝ ကျော်မျှ အထိုးခံရပြီးနောက်၊ ရန်သူဟောင်း ပွန်ပီ၏ ကျောက်ရုပ်ခြေရင်းတွင် အသက်ပျောက်သွားရလေသည်။

ကွယ်လွန်ပြီးနောက်ပိုင်းဖြစ်ရပ်များ[ပြင်ဆင်ရန်]

ဆီဇာသေလွန်သဖြင့် တစ်ပိုင်းတစ်စကျန်ရစ်ခဲ့သော ပြုပြင် ရေးလုပ်ငန်းများမှာ အုပ်ချုပ်ရေးဥပဒေများ ပြဋ္ဌာန်းခြင်း၊ ပြည် သူ့စာကြည့်တိုက်များ တည်ထောင်ခြင်း၊ ပွန်တိုင်ညွန်ပျောင်း ဒေသကို ခန်းခြောက်စေရန် ရေထုတ်မြောင်း တူဖော်ခြင်း၊ အော့စတီးယားဆိပ်ကမ်းကို တိုးချဲ့ခြင်း၊ သန်းကောင်စာရင်း ကောက်ယူခြင်း စသည်တို့ပင်ဖြစ်၏။ ဆီဇာ၏ ရန်သူများကား အသက်ဦးဆံပိုင် ဘုရင့်အုပ်ချုပ်ရေး စနစ်ကို တွန်းလှန်၍၊ သမ္မတနိုင်ငံထူထောင်ရန် ရည်မှန်းပြု လုပ်ခဲ့ကြသော်လည်း၊ နောင် ၁၇ နှစ်ကြာသောအခါ ဆီဇာ၏ အဆက်အနွယ်များသည် ရောမနိုင်ငံကို အသက်ဦးဆံပိုင်ဘုရင့် စနစ်ဖြင့်သာလျှင် အုပ်စိုးသွားကြလေသည်။

အရည်အသွေးနှင့်အမွေအနှစ်[ပြင်ဆင်ရန်]

ဆီဇာသည်ကား စစ်ရေးနှင့် အုပ်ချုပ်ရေးဖက်တို့တွင်သာ ကျွမ်းကျင်သည်မဟုတ်၊ စာပေဖက်တွင်လည်း ထင်ရှားခဲ့ပေသည်။ တိုက်ယင်း ခိုက်ယင်းမအားလပ်ဖြစ်လျက်နှင့်ပင် လက်တင်ဘာသာဖြင့် မိမိတိုက်ခိုက်ခဲ့သော စစ်ပွဲများအကြောင်းကို မှတ်တမ်းတင်ခဲ့သည်။ သူ၏ရေးသားပုံမှာ ရိုးရိုးနှင့်ပြတ်သား ရှင်းလင်းလှသောကြောင့်လက်တင်စာပေလိုက်စားသူတိုင်း ယနေ့တိုင် လေ့လာနေကြရလေသည်။ဤသို့ အဘက်ဘက်တွင့် ပြည့်စုံထူးချွန်သူ ဆီဇာမှာ မနာလိုသူများလက်ချက်ဖြင့် ကျဆုံးရလေရာ၊ ရောမနိုင်ငံတော်ကြီးသည် အဖိုးတန်သားကောင်းတစ်ယောက် ဆုံးရှုံးရလေတော့၏။[၉]

Version2[ပြင်ဆင်ရန်]

C. Iulii Caesaris quae extant, 1678

ဂျူးလိယက်ဆီဇာ(Julius Caesar)(ဘီစီ၁၀၀-၄၄)သည်ရောမခေတ် စစ်ဗိုလ်ချုပ်အာဏာရှင်ဖြစ်သည်။ သမိုင်းတွင် အလွန်တော်သည့် စစ်ဗိုလ်ချုပ်၊နိုင်ငံရေးသမား၊မိန့်ခွန်းပြောသူ၊စာရေးဆရာ အစရှိသဖြင့် မှတ်တမ်းတင်ခဲ့ကြသည်။ အခြားမကောင်းသည့်ဖက်တွင်လည်း ကာမကျူးလွန်းသူ(အီဂျစ်ဘုရင်မ ကလီယို ပတ်ထရာ နှင့်အချစ်ဇာတ်လမ်းမှာ ကျော်ကြားသည်။)၊ရက်စက်သူ၊အာဏာမက်သူ အဖြစ်လည်း ကဲ့ရဲ့ခြင်းခံရသည်။

ဂျူးလိယက်ဆီဇာကို ဘီစီ၁၀၀ ကဖွားမြင်သည်ဟုသာ ခန့်မှန်းကြသည်။ ရောမသူကောင်းမျိုးမှဆင်းသက်ပေါက်ဖွားလာပြီး ငယ်စဉ်ကပင် ပညာကောင်းစွာ သင်ကြားခွင့်ရခဲ့ကာ အရွယ်ရောက်လျှင် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။ သူမမွေးဖွားခင် ရာစုနှစ်တစ်ခုမျှအတွင်း ရောမသည် ကာသေ့ချ်တို့ကို ဒုတိယပူနစ်စစ် တိုက်ပွဲတွင်အနိုင်ရသဖြင့် အင်ပါယာကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့ကြသည်။ သို့ဖြင့် ရောမသည် အလွန်ကြွယ်၀လာသည် မှန်သော်လည်း စစ်ဒဏ်ကြောင့် လူမှုရေးနှင့် စီးပွားရေးတို့တွင် အကြီးအကျယ်ပျက်စီးခဲ့ရသည်။

ထို့ပြင် မူလကတည်းက သမ္မတစနစ်ကျင့်သုံးနေသည့် ရောမ၏ဆီးနိတ်(လွှတ်တော်)မှာ မြို့ငယ်လေးမှ သာမန်ပြည်သူများဖြင့်ဖွဲ့စည်းထားသည့်အတွက် အင်ပါယာကြီးတစ်ခုကို နိုင်နှင်းအောင် အုပ်ချုပ်စီမံနိုင်ခြင်းမရှိသဖြင့် မြေထဲပင်လယ်ဒေသရှိအင်ပါယာတစ်ဝှမ်း လာဘ်ပေးလာဘ်ယူမှုများ၏ ဒဏ်နှင့် စစ်ဘက်မှထင်သလိုပြုမူခြင်း၊ ဆိုးသွမ်းလုယက်ခြင်းတို့ ကိုခံစားနေရသည်။ စစ်ဘက် နှင့် အရပ်ဘက်မှ ဩဇာရှိသူများအချင်းချင်း အာဏာလုပွွဲများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့ပြီး ဘီစီ၈၇ တွင် မရိုင်းယက်စ်၏တပ်များကလည်းကောင်း၊ ဘီစီ၈၂တွင် ဆာလာ၏ တပ်များကလည်းကောင်း ရောမမြို့တော်သို့ဝင်ရောက်လာကြပြီး အသီးသီး စိတ်ထင်တိုင်းလုယက်ဖျက်စီးကြသည့် အတွက် ပြည်သူတို့ကများစွာ ထိပ်လန့်တုန်လှုပ်ကြရရှာသည်။ သို့သော် သမ္မတစနစ်၏ အားနည်းချက်ကြောင့်ဟု မထင်ပဲ ယခင်ကအတိုင်း အလွန်ကောင်းသည့် အုပ်ချုပ်ရေးစနစ်ဟုသာ ထင်မြင်နေကြပြီး ဆက်လက်ကျင့်သုံးရန် ဆန္ဒရှိနေကြဆဲ ဖြစ်သည်။ သို့သော် အခြေအနေအရ ထိုအုပ်ချုပ်ရေးစနစ်မှာ ဆက်လက်ကျင့်သုံးရန် မဖြစ်နိုင်တော့မှန်း ဂျူးလိယက်ဆီဇာ အပါအဝင် အမြော်အမြင်ရှိသူ၊ အရေးပါသည့် နိုင်ငံရေးသမားတို့က နားလည်သဘောပေါက်ကြသည်။

ဘီစီ ၅၈၊ အသက် ၄၂နှစ်အရွယ်တွင် ရောမ၏ လက်အောက်ခံနယ်သုံးခုဖြစ်သည့် စစ်ဆယ်ပိုင်ဂေါလ်(ယနေ့ အီတလီမြောက်ပိုင်း)၊အီလီရိကမ် မှ ပင်လယ်နက်အထိကျယ်ဝန်းသည့် ဒေသ နှင့် နာဗွန်နို့စ်ဂေါလ် တို့တွင် ဘုရင်ခံအဖြစ် ခန့်အပ်ခံရသည်။ သို့ဖြင့် သူ့လက်အောက်တွင် တပ်မကြီး ၄ခု၊စစ်သည်အင်အား နှစ်သိန်း နီးပါးမျှရှိနေကာ ဩဇာကြီးသည့် အဖြစ်ကိုရပြီဟု ဆိုနိုင်သည်။ ဘီစီ၅၁-မှ ၅၈အတွင်း ထိုတပ်များကို ဦးဆောင်ကာ ဥရောပတဝှမ်းရှိဂေါလ် အနွယ်ဝင်များကိုတိုက်ခိုက်ပြီး နယ်ပယ်များကိုသိမ်းယူသည်။ အကြမ်းအားဖြင့် သိမ်းပိုက်ရရှိသည့်နယ်မြေများမှာ ယနေ့ ပြင်သစ်၊ဘယ်လ်ဂျီယံ၊ဆွစ်ဇာလန်၊ဂျာမနီ နှင့်ဟော်လန် တို့ဖြစ်သည်။ သူသိမ်းပိုက်ရာဒေသများတွင် ရောမစာပေ၊ယဉ်ကျေးမှု နှင့် ဘာသာတရားတို့ကို သွပ်သွင်းပေးသည်။ (ထို့ကြောင့် ယနေ့ ဥရောပ နေရာအတော်များများ၊ အထူးအဖြင့် ဂေါလ်မှတိုက်ရိုက်ဆင်းသက်သည့် ပြင်သစ်တို့သုံးစွဲနေသည့် စာပေမှာ လက်တင်စာမှ ဆင်းသက်လာခြင်း ဖြစ်သည်။) ဗြိတိန်ကျွန်းပေါ်သို့ နှစ်ကြိမ်တိုင်တိုင် တက်ရောက်တိုက်ခိုက်သော်လည်း ကာလကြာရှည် ထိန်းသိမ်းထားနိုင်ခြင်းမရှိခဲ့ပေ။

ထိုသို့ စစ်ပွဲအများအပြားကိုအောင်နိုင်သဖြင့် ဆီဇာသည် ရောမသားတို့၏ သူရဲကောင်းဖြစ်လာပြီး နိုင်ငံရေးအရပါ အလွန်လူကြိုက်များလာပြီဖြစ်တော့သည်။ တစ်ဖက်တွင်လည်း ပြိုင်ဖက်နိုင်ငံရေးသမားတို့ အတွက် မျက်စိစပါးမွေးစူးစရာလည်း ဖြစ်လာကာ နောက်ဆုံး ဆီဇာစစ်မှုထမ်းသက်ကုန်ပြီဖြစ်သည့် ဘီစီ ၄၉တွင် တပ်များကို ချန်ထားရစ်ခဲ့ပြီး ရောမသို့ သာမန်အရပ်သားပြည်သူအနေဖြင့် ပြန်လာရန် ဆင့်ခေါ်ခြင်းခံရသည်။ ထို့သို့ အာဏာလက်လွတ်ပြန်လျှင် ဖိစီးနှိပ်ကွပ်ခံရခြင်းမှ တစ်ပါးမရှိသည်ကိုသိသဖြင့် ဆီဇာသည် ဆီးနိတ်ကို ပြောင်ပြောင်တင်းတင်းအာခံကာနေသည်။၁၀-၁၁၊ဇန်နဝါရီ၊ဘီစီ ၄၉တွင် မိမိတပ်များဖြင့် အီတလီမြောက်ပိုင်းရှိ ရူဗီကွန်မြစ်အား ဖြတ်ကျော်ကာ ရောမသို့ဦးတည်ချီတက်လာတော့သည်။ သို့ဖြင့် ဂျူးလိယက်ဆီဇာ၏ တပ်များနှင့် ဆီးနိတ်ကိုသစ္စာခံသည့် ပြည်တွင်းတပ်များ လေးနှစ်ကြာ အကြီးအကျယ်စစ်ဖြစ်ခဲ့သည်။ ရ၊မတ်၊ဘီစီ ၄၅ စပိန်၊မွန်ဒါ တွင်တိုက်သည့် နောက်ဆုံးစစ်ပွဲအပြီးတွင် ဆီဇာသည်ရောမသို့ အောင်နိုင်သူအဖြစ် ပြန်လာနိုင်ပြီဖြစ်သည်။

ရောမပြန်ရောက်ပြီးနောက် ရာသက်ပန်အာဏာရှင်အဖြစ်တင်မြှောက်ခြင်းခံရသည်။ ဘုရင်အဖြစ် နန်းတင်ကြသော်လည်း လက်မခံခဲ့ပေ။ အာဏာရပြီးချိန်မှစကာ နိုင်ငံတဝှမ်း ပြုပြင်ရေးများကို တက်တက်ကြွကြွပင်ဆောင်ရွက်သည်။

  1. စစ်ပြန်ရဲဘော်များကို နေရာချထားပေးသည်။
  2. ရောမမြို့ကြီးတွင် ဆင်းရဲသားများ အတည်တကျဖြစ်ရေးကို ဆောင်ရွက်ပေးသည်။
  3. ယခင်က အနည်းငယ်မျှသာ သတ်မှတ်ထားသည့် ရောမမြို့သား အရေအတွက်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရန် ပြင်ဆင်ပေးသည်။
  4. အီတလီတဝှမ်းမှ မြို့များရှိ စည်ပင်သာယာရေးအဖွဲ့များကို တူညီသည့် စနစ်များချပေးပြီးဆောင်ရွက်စေသည်။
  5. ရောမဥပဒေကို စာဖြင့်ချရေးပြီး စနစ်တကျရှိစေရန် ကြိုးပမ်းခဲ့သည်။

သို့သော် အာဏာလက်ကိုင်ရပြီး တစ်နှစ်ပင်မရှိသေးသည့် ၁၅၊မတ်၊ ဘီစီ ၄၄ တွင်ကျင်းပသည့် ပွဲတော်နေ့ လွှတ်တော်အစည်းအေ၀းတွင် ဆန့်ကျင်လိုသူတို့က လုပ်ကြံသဖြင့် ဆီဇာတစ်ယောက် ကွယ်လွန်ရသည်။ သမ္မတစနစ်ကို ပြန်လည်အသက်သွင်းလိုသူများက လုပ်ကြံကြသည်ဟု ဆိုသည်။ သူသေလွန်ပြီးနောက် သူ့မွေးစားသားလည်းဖြစ်၊ မြေးလည်းတော်စပ်သည့် ဩဂတ်စတက်ဆီဇာက စုစည်းတည်ထောင်သဖြင့် ရောမအင်ပါယာကြီးဖြစ်ပေါ်လာသည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]

  1. https://www.britannica.com/biography/Julius-Caesar-Roman-ruler
  2. Tucker, Spencer (2010). Battles That Changed History: An Encyclopedia of World Conflict. ABC-CLIO. p. 68. Froude, Jam
  3. မြန်မာ့စွယ်စုံကျမ်း၊အတွဲ(၄)
  4. ကျော်စွာ ၁၀၀ -ဒေါက်တာသန်းထွန်း
  5. Plutarch,Marius 6
  6. Plutarch,Caesar
  7. မြန်မာ့စွယ်စုံကျမ်း၊အတွဲ(၄)
  8. ခေတ်ဟောင်းသမိုင်း- ဒေါက်တာသန်းထွန်း
  9. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)