ဂျာနယ်ကျော် မမလေး
ဂျာနယ်ကျော်မမလေး | |
(၁၉၁၇ - ၁၉၈၂) | |
မွေးသက္ကရာဇ် | ၁၉၁၇ ခု ဧပြီလ ၁၃ ရက် သောကြာနေ့ |
အမည်ရင်း | မတင်လှိုင် |
မိဘအမည် | ဦးပျားချို + ဒေါ်ကွီ |
မွေးဖွားရာဒေသ | ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ကမာကလူကျေးရွာ |
နိုင်ငံသား | |
လူမျိုး | မြန်မာ |
ကိုးကွယ်သည့်ဘာသာ | ဗုဒ္ဓဘာသာ |
ပညာအရည်အချင်း | နဝမတန်း |
အလုပ်အကိုင် | စာရေးဆရာ၊ သတင်းစာဆရာ၊ တိုင်းရင်းဆေးပညာရှင် |
ကြင်ဖော် | ဂျာနယ်ကျော် ဦးချစ်မောင်၊ ဦးအောင်ဇေယျ |
သားသမီး | သားနှစ်ဦး၊ သမီးတစ်ဦး |
ထင်ပေါ်ကျော်ကြားမှု | ရသစာပေရေးသားသော စာရေးဆရာမကြီး |
ထင်ရှားသည့်လက်ရာများ | သူလိုလူ၊ မုန်း၍မဟူ |
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ | စာပေဗိမာန်ဆု |
ကွယ်လွန်ရက် | ၁၉၈၂-ခု ဧပြီလ ၆ ရက် |
ကွယ်လွန်ရာဒေသ | ရန်ကုန်မြို့ ပြည်သာယာလမ်း ဘောက်ထော် |
လက်မှတ် | [[Image:|100px]] |
ကွန်ယက် | [၁] |
မမလေးကို ဧရာဝတီတိုင်း ဖျာပုံခရိုင် ဘိုကလေးမြို့နယ် ကမာကလူကျေးရွာ၌ အဖ ဦးပျားချို(ဒေါ်ဆင်ဘဏ်မန်နေဂျာ)၊ အမိ ဒေါ်ကွီ တို့က ၁၉၁၇ ခု ဧပြီလ ၁၃ ရက် သောကြာနေ့တွင် မွေးဖွားသည်။ မွေးချင်းငါးဦးအနက် စတုတ္ထမြောက် ဖြစ်သည်။ အမည်ရင်း မတင်လှိုင် ဖြစ်သည်။ ၁၉၂၂ ခုတွင် ဖျာပုံ အေဘီအမ် ကျောင်း၌ အစိုးရကျောင်းမှ ၁၉၂၇ ခုတွင် သတ္တမတန်းအောင်သည်။ ထို့နောက် ရန်ကုန်မြို့ မြို့မ အထက်တန်းကျောင်း ရန်ကုန် မြို့မ အမျိုးသမီးကျောင်း၌ နဝမတန်း (၁၉၃၂) အထိ ပညာသင်ကြားခဲ့သည်။ ၁၉၃၈ ခုတွင် မြန်မာ့အလင်းသတင်းစာ အယ်ဒီတာချုပ်ဦးချစ်မောင် နှင့် လက်ထပ်သည်။ ၁၉၄၆ ခု ဧပြီလ ၃ ရက်တွင် ခင်ပွန်း ဂျာနယ်ကျော် ဦးချစ်မောင် ကွယ်လွန်၍ သားနှစ်ဦးနှင့် သမီးတစ်ဦး ကျန်ရစ်ခဲ့သည်။ ၁၉၅၉ ခု မေလ ၁၄ ရက်တွင် ဦးအောင်ဇေယျနှင့် အိမ်ထောင်ပြုသည်။
ဘိုကလေးမြို့ တို့ဗမာ အစည်းအရုံးတွင် အဖွဲ့ဝင်နှင့် တက်ခေတ်အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌ (၁၉၃၆ - ၃၇)၊ ဂျာနယ်ကျော် ထုတ်ဝေသူ၊ ဂျာနယ်ကျော်နှင့် ပြည်သူ့ဟစ်တိုင် သတင်းစာ အယ်ဒီတာ (၁၉၃၉)၊ အမျိုးသမီးကလောင်ရှင်အသင်း ဒုတိယဥက္ကဋ္ဌနှင့် ကလောင်ရှင်မဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ (၁၉၄၇)၊ မြန်မာနိုင်ငံ စာရေးဆရာ အသင်း ဥက္ကဋ္ဌနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် မြန်မာနိုင်ငံ ဒုတိယ ဥက္ကဋ္ဌ (၁၉၅၅)၊ မြန်မာနိုင်ငံ စာရေးဆရာ စာပေကလပ် အတွင်းရေးမှူးချုပ် (၁၉၆၁ - ၆၂) တာဝန်များကို ထမ်းဆောင်ခဲ့သည်။ တရုတ်နှင့် ဆိုဗီယက်သို့ ယဉ်ကျေးမှု ကော်မတီ အဖွဲ့ဝင် (၁၉၅၂)၊ အာရှတိုက် စာရေး ဆရာများ ကွန်ဖရင့် နယူးဒေလီ (၁၉၅၅)၊ အဏုမြူဆန့်ကျင်ရေးကွန်ဖရင့် [ဂျပန်] (၁၉၅၈)၊ ဂျပန် ဘာသာပြန် "သွေး" ဝတ္ထု အတွက် ဂုဏ်ပြုဖိတ်ကြားခြင်း ဂျပန် (၁၉၈ဝ) စသည်ဖြင့် နိုင်ငံရပ်ခြားသို့ သွားခဲ့သည်။
စာပေရေးသားပြုစုခြင်း
[ပြင်ဆင်ရန်]ပုဂ္ဂိုလ်ရေး 'ပစ်စာ' တစ်စောင်ကို တုံ့ပြန်ဆောင်းပါး ရေးရာမှ သတင်းစာတိုက်နှင့် ဆက်သွယ်မိပြီး စာပေနယ်ထဲ ရောက်ခဲ့သည်ဆို၏။ "အမျိုးသမီးများ 'ဏကြီးသတ်' ဉာဏ် ရှိကြရန်" (မြန်မာ့အလင်း၊ ၁၉၃၆ - ၃၇) သည် ပထမပုံနှိပ်ဆောင်းပါး ဖြစ်သည်။ ပထမ ပုံနှိပ်ဝတ္ထုမှာ "မသိရလေခြင်း" [ဂျာနယ်ကျော်၊ ၃၁ - ၅ - ၁၉၄၁] ဖြစ်သည်။ ထင်ရှားသော စာအုပ်များမှာ သူမ (၁၉၄၅)၊ သူလိုလူ (၁၉၄၇)၊ သူလိုမိန်းမ (၁၉၄၈)၊ ရှုမငြီး (၁၉၄၈)၊ စိတ် (၁၉၅၁)၊ ကမ္ဘာမြေဝယ် (၁၉၅၂)၊ မုန်း၍မဟူ (၁၉၅၅)၊ တွေးတစိမ့်စိမ့် (၁၉၆၃) [လှတမျက်နှာ - ၁၉၆၉]၊ ရင်နင့်အောင်မွှေး (၁၉၆၇)၊ ရင်မှတရှိုက် (၁၉၇၉)၊ သွေး (၁၉၇၃)၊ ဂျာနယ်ကျော် မမလေး၏ ဘဝ ပုံရိပ်များ (၂ဝဝ၂) တို့ ဖြစ်ကြ၏။ မုန်း၍မဟူ ဖြင့် ၁၉၅၅ ခု စာပေဗိမာန်ဆု၊ တွေးတစိမ့်စိမ့် ဖြင့် ၁၉၆၃ ခု အနုပညာ စာပေဆု ဝတ္ထုတို ပေါင်းချုပ် တတိယဆု ရရှိ ခဲ့သည်။ နိုင်ငံခြားဘာသာသို့ ပြန်ဆိုခဲ့သည်များမှာ မြက်ကလေးတပင် (ဂျာမန် - ၁၉၆၈)၊ တွေးတစိမ့်စိမ့် (ရုရှ - ၁၉၈၄)၊ သွေး (ဂျပန် - ၁၉၇၇)၊ မုဆိုးမ (အင်္ဂလိပ်)၊ မုန်း၍မဟူ (ရုရှ၊ ဥဇဘက်၊ ပြင်သစ်၊ တရုတ်) တို့ ဖြစ်ကြသည်။
ဂျာနယ်ကျော်မမလေး၏ ကလောင်ခွဲ များမှာ ရဝေလှိုင်၊ လှတခိုင်၊ ဘိုကလေး မတင်လှိုင် တို့ဖြစ် ကြသည်။ စာရေးဆရာ၊ သတင်းစာဆရာအဖြစ်သာမက တိုင်းရင်းဆေးပညာရှင် အဖြစ်လည်း ထင်ရှား၏။ ဆေးပညာ ဆောင်းပါးများ (၁၉၆၂) (မြန်မာ့ ဆေးပညာ - ၁၉၆၇) ကို ပြုစု ခဲ့သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]၁၉၈၂ ခု ဧပြီလ ၆ ရက် အင်္ဂါနေ့ နံနက် ၆:၃ဝ နာရီတွင် ရန်ကုန်မြို့ ပြည်သာယာလမ်း ဘောက်ထော် နေအိမ်၌ ကွယ်လွန်ခဲ့သည်။
ရေးသားခဲ့သောစာအုပ်များ
[ပြင်ဆင်ရန်]- အဖြူ
- သူမ (၁၉၅၄)
- သူလိုလူ (၁၉၄၇)
- သူလိုမိန်းမ (၁၉၄၈)
- ရှုမငြီး (၁၉၄၈)
- စိတ် (၁၉၅၁)
- ကမ္ဘာမြေဝယ် (၁၉၅၂)
- မုန်း၍မဟူ (၁၉၅၅) စာပေဗိမာန်ဆု
- တွေးတစိမ့်စိမ့် (ဝတ္ထုတိုစုစည်းမှု) (၁၉၆၃)
- လှတစ်မျက်နှာ (၁၉၆၅)
- ရင်နင့်အောင်မွှေး(၁၉၆၇)
- ရင်မှတစ်ရှိုက် (၁၉၇၀)
- သွေး (၁၉၇၃)
- နတ်ရေးငယ်ရွှေစာ
- လောကီရတနာ
- မေတ္တာ
- စိတ်
- ဘဝပုံရိပ်များ
- ဟီရိုရှီးမား
- အရှေ့နှင့်အနောက် (ဆောင်းပါးစုစည်းမှု)
- ရွှေလင်းယုန်
- ဆေးပညာဆောင်းပါးများ
- မြန်မာ့ဆေးပညာ
- မာလာရီ။
- သူလိုလူ (ပ)+(ဒု)တို့ဖြစ်သည်။
ဘာသာပြန်စာအုပ်များ
[ပြင်ဆင်ရန်]- မြက်ကလေးတစ်ပင် (ဝတ္ထတို) (ဂျာမန်ဘာသာသို့ ပြန်ဆိုသည်။)
- တွေးတစိမ့်စိမ့် (ဝတ္ထုတို) (ရုရှားဘာသာသို့ ပြန်ဆိုပါ သည်။)
- သွေး (လုံးချင်းဝတ္ထု) (ဂျပန်ဘာသာသို့ ပြန်ဆိုပါ သည်။)[၁]
စာညွှန်း
[ပြင်ဆင်ရန်]- ↑ ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ် (၂ဝဝ၅ ခု၊ ဇူလိုင်)
- ဒဂုန် ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ။ စာ ၄၈ - ၄၉။
- မလိခ။ မြန်မာ စာပေ အဘိဓာန် (၁)။ စာ ၂၆၆ - ၂၆၇။
- မလိခ။ မြန်မာ ဝတ္ထု အညွှန်း (၁)။ စာ ၁၃၆ - ၁၅၁။
- ပြန်/ဆက် စာတည်း အဖွဲ့။ နှစ်ဆယ်ရာစု မြန်မာ စာရေးဆရာများနှင့် စာစုစာရင်း။ စာ ၃၃ - ၃၆။
- မြန်မာ့ စွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၃)။ စာ ၂၃၇ - ၂၃၈။
- နတ်နွတ်။ မိမိနှင့် စာရေး ဆရာများ။ စာ ၂၂၈ - ၂၃၄။
- ဒဂုန်တာရာ။ ရုပ်ပုံလွှာ (၁၉၅၅)။ စာ ၂၉၃ - ၃၁၁။
- ရဲဘော် အေးသန်း။ ငြိမ်းချမ်းသူ၊ ရှုမဝ (မေ ၁၉၅၆)။ စာ ၁ဝရ - ၁၁ဝ။-
- ရာပြည့် စာအုပ် ၁ဝဝ အညွှန်း (၁၉၉၉)။ စာ ၉ဝ။
- မောင်ဇေယျာ။ မြန်မာ စာပေ ပညာရှင်များ၊ ဂျာနယ်ကျော် မမလေး (၁၉၁၇ - ၁၉၈၂)၊ ဟန်သစ် မဂ္ဂဇင်း (ဇူလိုင် ၂ဝဝ၂)။ စာ ၁ဝ၃ - ၁ဝ၅။
- နာရေး ကြော်ငြာ၊ လုပ်သား ပြည်သူ့ နေ့စဉ် (၉ - ၄ - ၈၂)။ စာ ၇။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ ရာပြည့် ဦးစိုးညွန့် စုစည်း တည်းဖြတ်သော '၂ဝ ရာစု မြန်မာ စာရေး ဆရာ ၁ဝဝ အတ္ထုပ္ပတ္တိ အကျုဉ်း' စာအုပ် (၂ဝဝ၅ ခု၊ ဇူလိုင်)