ဂျော့ ဂဲလပ်

ဝီကီပီးဒီးယား မှ
(ဂဲလပ်ဂျော့ဟိုးရေ့ မှ ပြန်ညွှန်းထားသည်)
ဂျော့ဂဲလပ်

ဂဲလပ် ဆန္ဒမဲကောက်ယူနည်းကို တီထွင်ခဲ့သော အမေရိကန်စိတ်ပညာနှင့် စာရင်းအင်းပညာရှင် ဂျော့ဂဲလပ်ကို ၁၉ဝ၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အိုင်အိုဝါပြည်နယ် ဂျက်ဖာဆင်မြို့၌ မွေးဖွားသည်။ အိုင်ယိုးဝါးတက္ကသိုလ်တွင် ပညာဆည်းပူးပြီး ၁၉၂၃ ခုနှစ်မှ ၁၉၂၉ ခုနှစ်အထိ အိုင်အိုဝါတက္ကသိုလ်မှာပင် ကတိကအဖြစ် စာပေပို့ချသည်။ ၁၉၂၅ ခုနှစ် တွင် အိုဖီလီယာ စမစ်မီလာနှင့် အိမ်ထောင်ပြုသည်။ အိုင်ယိုးဝါးပြည်နယ် ဒရိတ်တက္ကသိုလ်တွင် ၁၉၂၉ ခုနှစ်မှ ၁၉၃၁ ခုနှစ်ထိ စာနယ်ဇင်းပညာဌာန ဌာနမှူးအဖြစ် ဆောင်ရွက်သည်။ ၁၉၃၁ ခုနှစ်မှ ၁၉၃၂ ခုနှစ်အထိ အီလီနွိုင်း ပြည်နယ် နော့ဝက်စတန်တက္ကသိုလ်၌ စာနယ်ဇင်းပညာ ပါမောက္ခ ဖြစ်ခဲ့သည်။


ဂျော့ဂဲလပ်သည် ၁၉၃၂ ခုနှစ်တွင် နယူးယောက်မြို့ရှိ ယန်းနှင့် ရူဗီကမ်ကြော်ငြာ အေဂျင်စီ သုတေသန ညွှန်ကြားရေး မှူးရာထူးကို ရသည်။ ထိုစဉ်က ဈေးကွက်သုတေသနမှ တစ တစ ဖွံ့ဖြိုးတိုးတက်လာသော လူထုဆန္ဒ သဘောထား သုတေသနလုပ်ငန်းတွင် မဂ္ဂဇင်းစာစောင်ကို မှန်မှန်ဖတ်မဖတ်၊ ရေဒီယို အစီအစဉ်တစ်ခုကို မှန်မှန် နားသောတဆင် မဆင်၊ လူသုံးကုန်ပစ္စည်းတစ်ခုကို ကြိုက်မကြိုက်စသည့် မေးခွန်း မျိုးကိုသာ နမူနာ ဆန္ဒအနည်းအကျဉ်းမျှ ကောက်ယူပြီး သုတေသန ပြုလုပ်နေသော ကာလ ဖြစ်သည်။ ၁၉၃၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ပစ္စက္ခနိုင်ငံရေး၊ စီးပွား ရေး အခြေအနေများအပေါ် လူထုဆန္ဒသဘောထားကို တစ်နိုင်ငံတဝန်းလုံး ခြုံငုံ၍ ကောက်ခံတွက်ချက် ခန့်မှန်းသည့် နည်းစနစ်တစ်ရပ်ကို ဂဲလပ်က တီထွင်နိုင်ခဲ့သည်။ ၁၉၃၅ ခုနှစ် တွင် ဂဲလပ်တည်ထောင်သော အမေရိကန် လူထုဆန္ဒ ကောက်ခံ လေ့လာရေးအဖွဲ့က စတင် အသုံးပြုသော နည်းစနစ်ဖြစ်၍ ယင်းစနစ်သည် အမေရိကန်နိုင်ငံရေးကို ဆယ်စုနှစ်ပေါင်းများစွာ ဩဇာညောင်းခဲ့လေသည်။


အမေရိကန်နိုင်ငံတွင် ကမ္ဘာ့စီးပွားရေးကပ်ဆိုးမှ နာလန် ထူနိုင်ရန် သမ္မတဖရန်ကလင်ဒီ ရူးစဗဲ့က နယူးဒီး အမည် တွင်သည့် စီမံကိန်းကို ချမှတ်ဆောင်ရွက်ရာ အောင်မြင်မှု အတော်အတန်ရရှိခဲ့သည်။ ထိုစဉ်က ၁၉၃၅ ခုနှစ်တွင် ဂဲလပ်က နယူးဒီးစီမံကိန်းတွင် ပြန်လည်ထူထောင်ရေးဆိုင်ရာ အစိုးရ အသုံးစရိတ်သည် များလှသလော၊ နည်းလွန်းသလော၊ သင့်မြတ်သလော ဟူသော မေးခွန်းကိုမေး၍ ဂဲလပ် နည်းစနစ်ဖြင့် လူထုဆန္ဒသဘောထားကို ပွဲဦးထွက် ကောက်ခံ ခဲ့ရာ ၆ဝ ရာခိုင်နှုန်းက များလွန်းသည်။ ကိုးရာခိုင်နှုန်းမျှက နည်းလွန်းသည်။ ကျန် ၃၁ ရာခိုင်နှုန်းက သင့်မြတ်သည်ဟု လေ့လာတွေ့ရှိသည်။ သမ္မတရူးစဗဲ့သည် အစွန်းရောက်သော စီမံချက်များ ဆောင်ရွက်နေသည်ဟု အတိုက်အခံများက အပြင်း အထန် ဆန့်ကျင် တိုက်ခိုက်နေစဉ် ၁၉၃၆ ခုနှစ်တွင် သမ္မတ ရွေးကောက်ပွဲ ကျင်းပရာ ထိုစဉ်က လူထုဆန္ဒသဘောထား ကောက်ခံမှု၌ ဩဇာညောင်းသည့် လစ်ထရေရီ ဒိုင်ဂျက်အဖွဲ့က အတိုက်အခံ အဲလဖရက်အမ်လန်ဒန်နိုင်မည်ဟု ဟောကိန်း ထုတ်ခဲ့သော်လည်း ဂဲလပ်တို့ကမူ ရူးစဗဲ့ပင် နိုင်မည်ဟု ခန့်မှန်းပြသည်။ ရူးစဗဲ့က လန်ဒန်ကို အပြတ်အသတ် အနိုင် ရရှိသွားသောကြောင့် ဂဲလပ်၏ လူထုဆန္ဒ သဘောထား ကောက်ခံ လေ့လာနည်းသည် လူထု၏ ယုံကြည်ကိုးစားမှု ခံယူလာနိုင်သည်။


ဂဲလပ်သည် ၁၉၃၆ ခုနှစ်တွင် ဗြိတိသျှလူထု ဆန္ဒ သဘောထား လေ့လာရေးအဖွဲ့ကို တည်ထောင်သည်။ ၁၉၃၉ ခုနှစ်တွင် ပရိသတ်သဘောထား သုတေသနပြုရေးအဖွဲ့ကို ထူထောင်ပြန်သည်။ ဂဲလပ်သည် ခရစ်ယန် ဘာသာဝင်ဖြစ်ရာ အမေရိကန်လူမျိုးတို့၏ ဘာသာရေးအမြင်သဘောထားနှင့် စပ်လျဉ်း၍ ခရစ်ယာန် ဘာသာရေး အသင်းအဖွဲ့များအတွက် အကြိမ်ကြိမ် လေ့လာပေးခဲ့ဖူးသည်။ အမေရိကန်လူမျိုး ၆ဝ ရာခိုင်နှုန်း ကျော်သည် ခရစ်ယာန်ဘာသာကို ယုံကြည် ကိုင်းရှိုင်းကြ၍ ဘာသာရေးဝေယျာဝစ္စများ တက်ကြွစွာ ဆောင်ရွက်သည်ဟု ဂဲလပ်က ဆန်းစစ်လေ့လာခဲ့သည်။ ဂဲလပ်သည် ဒီမိုကရေစီရင်ခုန်သံ၊ စာဖတ်သူအကြိုက် တိုင်းတာ ဆန်းစစ်သည့် နည်းစနစ်သစ်၊ ဒီမိုကရေစီအတွင်းက လူထုဆန္ဒသဘောထား (၁၉၃၉)၊ လူထုဆန္ဒသဘောထား ကောက်ခံလေ့လာမှု လမ်းညွှန် (၁၉၄၄)၊ သမီရကယ်အဟက် (၁၉၆၄)၊ လူထုဆန္ဒလေ့လာသူအတွက် အဆင့်မြင့်လမ်းညွှန် (၁၉၇၂) စသည့် စာအုပ်အများအပြားကို ရေးသားပြုစုခဲ့သည်။ ဂဲလပ်သည် တက္ကသိုလ်ကောလိပ် အများအပြားမှ ဂုဏ်ထူး ဆောင် ပါရဂူဘွဲ့များ အကြိမ်ကြိမ် ချီးမြှင့်ခံရသူ ဖြစ်သည်။ ဂဲလပ်သည် ၁၉၈၄ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ တွန်းရေအိုင်အနီးရှိ ရှင်ဂဲရွာလေး၌ အနား ယူနေစဉ် နှလုံးရောဂါဖြင့် ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာစွယ်စုံကျမ်း၊ အတွဲ(၃)