ဂေါက်သီးကစားနည်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂေါက်သီးရိုက် ကစားသမား တစ်ဦးကို ဂေါက်သီးကို ရိုက်ထုတ်လိုက်ပြီး အနေအထားဖြင့် တွေ့ရပုံ

'ဂေါ့ဖ်'ဟူသောစကားကို မြန်မာဆန်ဆန် ဂေါက်သီးဟု ခေါ်ကြသည်။ ထိုအမည်ကို စတင်သုံးစွဲသူမှာ ခေတ်စမ်းစာပေသမားတစ်ဦးဖြစ်သူ သိပ္ပံမောင်ဝ အမည်ခံ ဦးစိန်တင်ပင် ဖြစ်သည်။

ဤသည်မှစ၍ ဂေါ့ဖ်ရိုက်ခြင်းကို ဂေါက်သီး ကစားသည်ဟု ပြောဆိုလာကြ၏။ ဂေါက်သီးကစားခြင်းမှာ ဂေါက်သီးကွင်း တစ်လျှောက်တွင် ဂေါက်သီးရိုက်တံ အမျိုးမျိုး တို့ဖြင့် ဂေါက်သီးကို ရိုက်၍ သတ်မှတ်ထားသော ကျင်း အတွင်းသို့ ဝင်အောင်သွင်းခြင်းပင် ဖြစ်သည်။ စနစ်တကျ ပြုလုပ်ထားသော ဂေါက်သီးကွင်းတွင် ကျင်းပေါင်း ၁၈ ကျင်း မျှ ရှိလေသည်။ စ၍ရိုက်ရသော တီခေါ် နေရာနှင့်ကျင်း တို့၏ အကွာအဝေးမှာ တစ်ခုနှင့်တစ်ခု မတူညီကြချေ။

ကိုက် ၁ဝဝ မှ ကိုက် ၅ဝဝ အထိ ကွာတတ်သည်။ တီမှာ ၁၂ ပေပတ်လည်ခန့် ကျယ်ပြန့်သော မြေကွက် ကလေးဖြစ်၏။ ထိုမြေကွက်မှ ဂေါက်သီးကိုစတင်၍ ရိုက်သော အခါ ဂေါက်သီးကို သစ်သားငုတ်ပေါ်၌ဖြစ်စေ၊ သဲပုံပေါ်၌ ဖြစ်စေ စူ၍ထားရသည်။ ပထမအကြိမ်ရိုက်ရန် စူပေးရာ၌သာ ဂေါက်သီးကို ဂေါက်သီးရိုက်သူသည် လက်နှင့် ကိုင်ခွင့်ရှိ၏။ နောက်တွင် ကျင်းအတွင်းသို့ သွင်းလိုက်သည်အထိ သင့်တော်ရာ ဂေါက်သီးရိုက်တံတို့ကိုသာ အသီးသီး အသုံးပြုသွားရ၏။ အလျား၊ အနံ ပေ ၄ဝ ခန့်စီရှိ၍ ညီညာသည့် မြက်ခင်းပြင်၏ အလယ်တွင် အချင်း ၄ လက်မရှိသော ကျင်းရှိ၏။ ထို မြက်ခင်းပြင်ကို ဂရင်းဟုခေါ်သည်။ တီနှင့် ဂရင်းအကြားတွင် ဂေါက်သီးရိုက်ရန် မြက်ပင်များကို အညီအညာ ရိတ်ဖြတ် ရှင်းလင်းထားသော ဖဲယားဝေးခေါ် ဂေါက်သီးလမ်းကြောင်း ရှိသည်။ ဂေါက်သီးလမ်းကြောင်းနှင့်တကွ ဂရင်းမြက်ခင်း ပြင်တို့၏ ပတ်ဝန်းကျင်တွင် ရေအိုင်ငယ်၊ ချိုင့်ငယ်၊ တောင် ပူစာကလေး စသော အဆီးအတားများကို သင့်တော်သလို ပြုလုပ်ထားနိုင်လေသည်။ ထိုအဆီးအတားများကို ဂေါက်သီးရိုက်သူတို့က ဗန်ကာဟု ခေါ်ကြသည်။ အဆိုပါ ဗန်ကာခေါ် အဆီးအတားများသည် မူလကပင် သဘာဝအတိုင်း တည်ရှိနေကြသည်လည်း ရှိ၏။ ထိုသို့မဟုတ်လျှင် ကစားသူ များက ဖန်တီးယူကြရသည်လည်း ရှိသည်။ ဗန်ကာများမှာ ပေါ့ပေါ့ဆဆ သဘောထားပါက ကစားကြသူများအတွက် ထောင်ချောက်များပင် ဖြစ်တော့သည်။ အဆိုပါ ထောင်ချောက် များထဲသို့ ကျသွားသော ဂေါက်သီးကို အပြင်သို့ ရိုက်ထုတ် ရန်မှာ မလွယ်ကူလှပေ။ ကျွမ်းကျင်သော ကစားသူသာလျှင် ဂေါက်သီးကို ထိုထောင်ချောက်များမှ လွတ်အောင် ရိုက်ထုတ် နိုင်ကြပေသည်။

ဂေါက်သီးကစားရာတွင် ဂေါက်သီးရိုက်သူတို့သည် ဂေါက် သီးကို ကျင်းအသီးသီးအတွင်းသို့ တစ်ကျင်းပြီးလျှင် နောက် ကျင်း၏ တီးမှစ၍ ဆက်ကာဆက်ကာ အချက်အနည်းဆုံးနှင့် ရိုက်သွင်းနိုင်ရန် အားထုတ်ကြရသည်။ သာမန်အားဖြင့် ၄ ချက်ရိုက်လျှင် တစ်ကျင်းသွင်းနိုင်သည်ဖြစ်ရာ ၁၈ ကျင်းစလုံး အောင်၍ တစ်ပွဲရရန် ၇၂ ချက်မျှ ရိုက်ကြရလေသည်။ ခရစ် ၁၉၂၆ ခုနှစ် ၁၉၂၇ခုနှစ်များတွင် ဗိုလ်စွဲခဲ့သော အမေရိကန် လူမျိုး ဗော်ဗီဂျူန်းဆိုသူသည် ထိုထက်ပင် အချက်နည်း၍ ရိုက် ကာ အောင်ပွဲ ယူခဲ့ဘူးလေသည်။

ဂေါက်သီးမှာကြက်ပေါင်စေး ဘောလုံးကလေးဖြစ်၍ အချင်း ၁ ဒသမ ၆၈ လက်မအနည်းဆုံးရှိရပြီးလျှင် အလေးချိန် ၁ ဒသမ ၆၂ အောင်စထက် မပိုရချေ။ အများသုံးဖြစ်သော ဂေါက်သီးရိုက်တံမှာ အလျား ၄၂ လက်မမှ ၄၃ လက်မအထိ ရှိ၍ အလေးချိန် ၁၃ အောင်စနှင့် ၁၄ အောင်စအကြား၌ ရှိသည်။ ဂေါက်သီးရိုက်တံခေါင်းများကို နေရာအမျိုးမျိုးတို့၌ ရိုက်နိုင်ရန် ရည်သန်လျက် ပုံမျိုးစုံပြုကာ သစ်သားဖြင့်၎င်း၊ သံဖြင့်၎င်း ပြုလုပ်ထားသည်။ ဂေါက်သီးရိုက်သူတစ်ဦးလျှင် ဂေါက် တံ ၆ မျိုးမျှ အနည်းဆုံးထား၍ ကစားလေ့ရှိ၏။ ထို့ကြောင့် ဂေါက်သီးကွင်းတွင် ဂေါက်တံအိတ်များကိုလွယ်၍ ဂေါက်သီး ရိုက်သူနောက်သို့ လိုက်နေကြသော ကယ်ရီခေါ် သူငယ်ကလေးများကို တွေ့နိုင်လေသည်။

ဂေါက်သီးကို တစ်ယောက်တစ်ဖက် သို့မဟုတ် အဖော်များ နှင့် ၂ စုခွဲကာ ကစားနိုင်သည်။ အများအားဖြင့်ကား တစ်ယောက်ချင်း သူနိုင်ကိုယ်နိုင် ကစားလေ့ရှိကြ၏။ တစ်ခါ တစ်ရံလည်း တစ်ဖက် ၂ ယောက်နေ၍ အပြိုင်အဆို်င် ကစား တတ်ကြသည်။

ဂေါက်သီးရိုက်သူသည် ရှုခင်းသာယာ၍ ကြည်နူးဖွယ် ကောင်းသော မြက်ခင်းပေါ်တွင် လေကောင်း လေသန့်ကို ရှူရှိုက်ရသောကြောင့် စိတ်ကြည်လင် ရွှင်လန်းခြင်း၊ ကိုယ် လက်လှုပ်ရှားရ၍ အညောင်းအညာ ပြေပြီးလျှင် ကျန်းမာလာ ခြင်း၊ အကိုင်အတွယ် အချိန်အဆတို့၌ ကျွမ်းကျင်ခြင်းစသော အကျိုးထူးများအပြင် ယဉ်ကျေး မြင့်မြတ်သည့် စိတ်ထားများကို လည်း မွေးမြူရရှိလာနိုင်သောကြောင့် ဂေါက်သီးကစားခြင်း သည် ကိုယ်လက် လှုပ်ရှားကစားနည်း အမျိုးမျိုးတို့တွင် နှစ်သက်ဖွယ်အကောင်းဆုံး ကစားနည်းဟု ဆိုနိုင်ပေသည်။ သို့သော် ဂေါက်သီးအသင်းဝင်ကြေး ဂေါက်သီး ဂေါက်တံ တို့၏တန်ဖိုးစသော စရိတ်များမှာ အတော်ပင်ကြီးမားပေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)