မောင်ကိုကို (ဂီတလုလင်)

ဝီကီပီးဒီးယား မှ
(ဂီတလုလင် မောင်ကိုကို မှ ပြန်ညွှန်းထားသည်)
ဂီတလုလင် မောင်ကိုကို
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းကိုကို
မွေးဖွား(1928-11-12)နိုဝင်ဘာ ၁၂၊ ၁၉၂၈
ဧရာဝတီတိုင်းဒေသကြီးဘိုကလေးမြို့
ကွယ်လွန်၂ဝဝ၇ အောက်တိုဘာလ ၁ဝ (အသက် ၈ဝ)
ရန်ကုန်
ဂီတဟန်ပြဇာတ်ဂီတ၊ သံစုံတီးဝိုင်းဂီတ၊ ရုပ်ရှင်ဂီတ
အလုပ်အကိုင်ဂီတစာဆို၊ ဂီတမှူး၊ ဂီတထုတ်လုပ်သူ၊ ဂီတစာရေးဆရာ
တက်ကြွသည့်နှစ်များ၁၉၄ဝ–၂ဝဝ၇
Notable instruments
စန္ဒရား

ဂီတလုလင်မောင်ကိုကို(ခေါ်)ဦးကိုကိုသည် ၁၉၂၈ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးဘိုကလေးမြို့၌အဖ ဦးဘသင်နှင့် အမိ ဒေါ်ဖွားသိန်းတို့မှ မွေးဖွားသည့် မွေးချင်း ခြောက်ယောက်အနက် စတုတ္ထမြောက်သားဖြစ်သည်။ ဒုတိယ သားဖြစ်သည့် ဗိုလ်ကလေးတင့်အောင်သည်လည်း မြန်မာ့ဂီတနှင့် စာပေလောကတွင် ထူးချွန်သော အနုပညာရှင်ကြီးတစ်ဦး ဖြစ်သည်။

၁၉၃၉ ခုနှစ်တွင် ဂီတလုလင်မောင်ကိုကိုသည် ဂီတပညာကို ရန်ကုန်မြို့၌ ဖွင့်လှစ်သော ပန်းချီနှင့် တူရိယာသင်တန်းကျောင်းတွင် စတင် သင်ကြားခဲ့သည်။ ၁၉၄ဝ ပြည့်နှစ် တွင် အသံလွှင့်ခြင်းနှင့် ကိုလံဘီယာ ဓာတ်ပြားသွင်းခြင်းများ ကို စတင်လုပ်ဆောင်ခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် အသံတိတ် ရုပ်ရှင်ဇာတ်ကားများတွင် တီးဝိုင်းခေါင်းဆောင်အဖြစ် လိုက်လံ တီးမှုတ်ပေးခဲ့သည်။ ၁၉၄၆ခုနှစ်တွင် ပြဇာတ်တီးဝိုင်း ခေါင်း ဆောင်အဖြစ်လည်းကောင်း၊ ၁၉၄၇ ခုနှစ်မှစ၍ အသံထွက် ရုပ်ရှင်ဇာတ်ကားများ၌ တီးဝိုင်းခေါင်းဆောင်အဖြစ်လည်း ကောင်း ရပ်တည် လှုပ်ရှားခဲ့၏။ ၁၉၇၀ တွင်ထွက်ရှိ​သော မှုံရွှေရည်ဇာတ်ကားတွင် ဂီတဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ကာ ဂီတလုပ်ကွက်များစွာဖြင့် ရုပ်ရှင်ကို ပံ့ပိုးခဲ့သည်။ သို့သော် ဂီတအတွက် အကယ်ဒမီဆု မပေးသောကာလဖြစ်သဖြင့် ဆုမရရှိခဲ့ပေ။[၁][၂]

ရုပ်ရှင်တေးဂီတအဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော် ဆင်ဖိုနီ တီးဝိုင်းဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးခဲ့သူ ဖြစ်၏။ ၁၉၄၆ ခုနှစ်တွင် မြေပဒေသာပြဇာတ်၊ ပြည်ထောင် စုနေ့ အထိမ်းအမှတ် ပြဇာတ်၊ အလုပ်သမားနေ့ ပြဇာတ်၊ တောင်သူလယ်သမားနေ့ပြဇာတ်နှင့် တပ်မတော်နေ့ ပြဇာတ် များအား ဂီတဒါရိုက်တာအဖြစ်လည်းကောင်း၊ တေးဂီတရေး စပ်ပေးခြင်းနှင့် တင်ဆက် ပြသခြင်းအဖြစ်လည်းကောင်း ဆောင်ရွက်ပေးခဲ့သည်။


၁၉၅ဝ ပြည့်နှစ်၌ ဝင်းဝင်းပြဇာတ်အဖွဲ့တွင် တေးဂီတ ဒါရိုက်တာအဖြစ် ဦးဆောင် ဆောင်ရွက်ခဲ့၏။ ဆရာဦးကိုကို သည် နိုင်ငံရပ်ခြား တိုင်းပြည်များ၌ ဂီတဆိုင်ရာ လှုပ်ရှားမှု အဖြစ် ၁၉၆ဝ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ကျင်းပသော တရုတ်-မြန်မာ နယ်နိမိတ် လက်မှတ်ရေးထိုးပွဲသို့ ရုပ်ရှင်ပြဇာတ် အနုပညာရှင်များ၊ ကာလပေါ်တေးဂီတအဖွဲ့ဝင် များအား ဦးဆောင်၍ သွားရောက်ဖြေဖျော်ခဲ့၏။ ဂီတလုလင် မောင်ကိုကိုသည် ၁၉၆၆ ခုနှစ်တွင် မြန်မာနိုင်ငံ ဂီတကောင်စီ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့၏။ ၁၉၈၉ ခုနှစ်တွင် ဝဇီရာ၊ ပြဇာတ်အဖွဲ့ကြီးအား ဖွဲ့စည်းရာ၌ ဦးဆောင်သူအဖြစ် ပါဝင်ခဲ့ပြီး ဝဇီရာပြဇာတ်များကို တင်ဆက်ခဲ့၏။ ၁၉၉၃ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ Asian Cultural- Council of New York, Northern Illinois University, University of Wisconsin, Medison, Illinois Wesleyan University, Kent State University, Ohio, Wesleyan and Yale University, Connecticut, University of Caluformia, Berkley, University de Montreal, Canada တက္ကသိုလ်များတွင် Visiting Professor အဖြစ် မြန်မာ့ဂီတနှင့် တူရိယာများအကြောင်းကို ဘွဲ့လွန်နှင့် မဟာဘွဲ့လွန် သင်တန်းများတွင် သင်ကြားပေးခဲ့၏။

၁၉၉၄ ခုနှစ်မှ ၂ဝဝဝ ပြည့်နှစ်အတွင်း မလေးရှား နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ မင်းကွန်းဆရာတော် ဘုရားကြီး ဖွဲ့စည်းပေးခဲ့သော တိ-နိအနုပညာရှင်အဖွဲ့အား ဦးဆောင်၍ သာသနာတော်ပြန့်ပွားရေး ကိစ္စရပ်များအား ဆောင်ရွက်ပေးခဲ့ခြင်း၊ မြန်မာ-ဂျပန် နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များအား ဦးဆောင်၍ဂျပန်နိုင်ငံသို့ သွားရောက် တင်ဆက်ခဲ့ခြင်း၊ အာဆီယံ နှစ် (၃ဝ) ပြည့် အထိမ်းအမှတ် ဂီတပွဲတော်သို့မြန်မာအနုပညာရှင် အဖွဲ့နှင့် သွားရောက်ခဲ့ခြင်းများ ဆောင်ရွက်ခဲ့သည်။ ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့ တက္ကသိုလ်တွင် မြန်မာ့ဂီတပညာရပ်များ ဟောပြောပို့ချ၊ သရုပ်ပြမှုများ ပြုလုပ်ပေးခဲ့၏။ ထို့ပြင်ဂျာမန် အသံလွှင့်ဌာန D.Wတွင် ရုပ်မြင်သံကြား ရိုက်ကူးထုတ်လွှင့်ခြင်း ပြုခဲ့၏။ ဘာလင်မြို့၌လည်း သရုပ်ပြ ဟောပြောမှုများ ပြုလုပ်ခြင်း၊ အသံလွှင့်ခြင်းများ ပြုလုပ်ခဲ့၏။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် မြန်မာ့ဂီတနှင့်ဆိုင်သော အကြောင်းအရာများကို ဟောပြော သရုပ်ပြ ဖြေဖျော်ပွဲများ ပြုလုပ်ဆောင်ရွက်ခဲ့၏။

ဆရာကြီး ဦးကိုကိုသည် တေးဂီတ၊ အငြိမ့်ပြဇာတ် နှင့်ဆိုင်သော ဆောင်းပါးများအား နေ့စဉ်ထုတ် သတင်းစာများ နှင့် လစဉ်ထုတ် မဂ္ဂဇင်းများတွင်လည်း ရေးသားခဲ့၏။ ထို့ပြင် ဂီတလုလင် မောင်ကိုကိုသည် ပြန်ကြားရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ်အဖြစ် လည်းကောင်း၊ ယဉ်ကျေးမှုဝန်ကြီး ဌာန၊ ယဉ်ကျေးမှုတက္ကသိုလ်၏ ယဉ်ကျေးမှုကော်မတီဝင် အနေဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ နာယကအနေနှင့်လည်းကောင်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံး၏ နာယကအနေနှင့်လည်းကောင်း ဆောင်ရွက်ခဲ့ရုံမျှမက မြန်မာ့ရုပ်မြင်သံကြားနှင့် အသံလွှင့်ဦးစီးဌာန၏ တေးဂီတ စိစစ်ရေးအဖွဲ့ဝင်၊ ပြဇာတ်ကဇာတ်နှင့် စင်တင်အနုပညာရှင်များ စိစစ်ရေးအဖွဲ့ဝင်များ ကျေးလက်တေးများ ရှာဖွေဖော်ထုတ်ရေး ခေါင်းဆောင်၊ နှစ်စဉ်ကျင်းပသော ဆိုကရေးတီးပြိုင်ပွဲ၊ အတီး ပြိုင်ပွဲဥက္ကဋ္ဌ National-Symphony အော်ခက်စထရာ အား ပြုစုပျိုး ထောင် လေ့ကျင့်၍ ဂီတဖွဲ့စည်းမှုများ ရေးသားခြင်း အဖွဲ့တာဝန်ခံ စသည့် တာဝန်များကို ထမ်းဆောင်ခဲ့သည်။

ဂီတလုလင် မောင်ကိုကိုသည် ဂီတပိုင်းဆိုင်ရာ ရုပ်ရှင် အကယ်ဒမီဆုအနေနှင့် ၁၉၉၁ ခုနှစ်တွင် 'မယ်သီတာလို မိန်းကလေး'ဇာတ်ကား၊ ၁၉၉၄ ခုနှစ်တွင် 'တိုက်ပွဲခေါ်သံ' ဇာတ်ကား၊ ၂ဝဝ၂ ခုနှစ်တွင် 'ဆန်ရေ' ဇာတ်ကားများနှင့် အကောင်းဆုံးတေးဂီတ ရုပ်ရှင် ထူးချွန်ဆုများကို ရရှိခဲ့၏။ ဆရာဦးကိုကို နောက်ဆုံးရေးပေးခဲ့သော သီချင်းသည် ရန်ကုန် တက္ကသိုလ် ဂျပ်ဆင်ဘုရားကျောင်း စိန်ရတုအတွက် ခရစ် ယာန် ဓမ္မတေး ၁ဝ ပုဒ် ဖြစ်သည်။ နောက်ခံ တေးဂီတအနေ နှင့် 'အရုဏ်တက်လေး ညဉ့်နက်လေ'ဟူသော ဒီဗီဒီဇာတ် ကားအတွက် တီးခတ်ပေးကာ မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြားအတွက် အောင်ခြင်းရှစ်ပါး တေးသီချင်း၊ မေတ္တာပို့တေး သီချင်းများ ရေးသားနေဆဲကာလ ဖြစ်သည်။

ဂီတလုလင်မောင်ကိုကိုသည် ၁၉၉၆ ခုနှစ်တွင် လူမှု ထူးချွန်-ပထမအဆင့်၊ ၂ဝဝ၄ ခုနှစ်တွင် ဝိဇ္ဇာပညာ ထူးချွန် (ပထမအဆင့်)များကို နိုင်ငံတော်က ချီးမြှင့်ခြင်း ခံခဲ့ရသည်။ ဤကဲ့သို့ ဂီတနယ်ပယ်တွင် မိမိ ပိုင်နိုင်တတ်စွမ်းသောပညာဖြင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ထူးချွန်ထက်မြက်စွာ ဆောင်ရွက်ခဲ့သော ပညာရှင်ကြီးအား မျိုးဆက်သစ် အနုပညာရှင်များက အားကျအတုယူ စံပြုထိုက်သူ ပုဂ္ဂိုလ်အဖြစ် မှတ်ယူနိုင်ရန် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)ပညာရေးအဖွဲ့မှ ဆရာကြီးဦးကိုကို (ဂီတလုလင် မောင်ကိုကို)အား ဂုဏ်ထူးဆောင် ဂီတပါရဂူဘွဲ့ (Doctor of Music)ကို ၂ဝဝ၇ ခုနှစ်၊ ဩဂုတ်လ (၁ဝ) ရက်နေ့ တွင် ချီးမြှင့်အပ်နှင်းခဲ့၏။

ဂီတလုလင် မောင်ကိုကိုသည် အသက်အရွယ် ကြီးရင့်လာသည်နှင့်အမျှ လူ့ဘဝတွင် ကျင်လည်ကျက်စားခဲ့သော ဂီတပညာရပ်နှင့်ဆက်နွှယ်၍ အမှတ်တရ စာငယ်တစ်ပုဒ်အနေ နှင့် 'ဂီတမှာ သံစဉ်ရွေးချယ်မှု၊ ဟန်ချက် ရွေးချယ်မှု၊ တေးသွားရွေးချယ်မှု အဆင်ပြေမှ ဂီတဖန်တီးမှုတစ်ခု ဖြစ်မယ်၊ လူရယ်လို့ဖြစ်လာရင်လည်း အထက်ကလို ဘက်စုံကောင်း လာမှ ဘဝမှာ သာယာမှာပါ'ဟူ၍ ရေးသား ဖွင့်ဆိုသွားခဲ့ သည်။


ဦးကိုကိုသည် ၁၉၃၉ ခုနှစ်တွင် အနုပညာ လောကသို့ ဂီတပညာရပ်ဖြင့် ဝင်ရောက်ခဲ့ပြီး ၁၉၄၃ ခုနှစ်မှ စတင်ကာ အသံတိတ် ရုပ်ရှင် ကားများတွင် စတင် တီးမှုတ် ခဲ့သည်။ ၁၉၄၅ ခုနှစ်မှ စ၍ ပြဇာတ်များ၌ တီးဝိုင်း ခေါင်းဆောင် အဖြစ် လည်းကောင်း၊ ရုပ်ရှင် ကားများတွင် တေးဂီတမှူး အဖြစ်နှင့် မြန်မာနိုင်ငံ ဂီတ ကောင်စီ ဗဟိုတွင် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် ခဲ့သည်။ ဂီတလုလင် တီးဝိုင်းကိုလည်း တည်ထောင် ခဲ့ကာ ကိုယ်တိုင် ရေးသားသော တေးသီချင်းပေါင်း ပုဒ်ရေ တသောင်းကျော် ရှိခဲ့သည်။


၁၉၉၃ ခုနှစ်တွင် မယ်သီတာလို မိန်းကလေး ရုပ်ရှင် ဇာတ်ကားဖြင့် တေးဂီတဆု (အကယ်ဒမီ) ရရှိ ခဲ့သည်။ တိုက်ပွဲခေါ်သံနှင့် ဆန်ရေ ရုပ်ရှင် ဇာတ်ကား များဖြင့်လည်း အကယ်ဒမီ ဆုများ ရရှိခဲ့သည်။


ထို့နောက် အမေရိကန်၊ ကနေဒါရှိ တက္ကသိုလ် များ၌ ဧည့်ပါမောက္ခအဖြစ် မြန်မာ့ ဂီတများကို သွားရောက်ပို့ချခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် တိုက်ပွဲခေါ်သံ ရုပ်ရှင် ဇာတ်ကားဖြင့် လူမှု ထူးချွန်ဆုကို ရရှိခဲ့သည်။


၁၉၆ဝ ပြည့်နှစ်တွင် တရုတ် နိုင်ငံသို့ သွားရောက်ခဲ့ကာ ၁၉၉၆ ခုနှစ် ကလည်း စင်ကာပူ နိုင်ငံ၊ မလေးရှား နိုင်ငံနှင့် ထိုင်းနိုင်ငံ များသို့ ဗုဒ္ဓ ပူဇော်ပွဲများ ကျင်းပရန် တိ-နိ အနုပညာရှင် အဖွဲ့ကို ဦးဆောင်သူ အနေဖြင့် သွားရောက်ခဲ့သည်။


၁၉၉၇ ခုနှစ် ကလည်း အင်ဒိုနီးရှား နိုင်ငံ၊ ဂျာကာတာ မြို့တွင် ကျင်းပသော နှစ် (၃၀) ပြည့် အာဆီယံ ပွဲတော်သို့ မြန်မာနိုင်ငံ ကိုယ်စားပြု အနုပညာရှင် အဖွဲ့ ခေါင်းဆောင် အဖြစ် သွားရောက် ခဲ့သည်။


မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး နာယက အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ ဂီတ အစည်းအရုံး နာယက အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော် အစိုးရက ချီးမြှင့်သော ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ (Doctor of Music) ကိုလည်း ရရှိခဲ့သည်။


မြန်မာ့ ရုပ်ရှင် နယ်ပယ်တွင် ရုပ်ရှင် တေးဂီတဖြင့် နာမည် ကျော်ကြားသူ တဦး ဖြစ်သော ဂီတလုလင် မောင်ကိုကိုသည် ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၁ဝ ရက်နေ့က ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် ကွယ်လွန် သွားခဲ့ကြောင်း သတင်း ရရှိသည်။ ကွယ်လွန်ချိန်တွင် အသက် ၈ဝ ရှိပြီး သားတစ်ယောက်နှင့် သမီးလေး ယောက် ကျန်ရစ်သည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Thida Htay (13 April 2020)။ ‘မှုံရွှေရည်’ရုပ်ရှင်ဇာတ်ကား စကားဝိုင်းဆွေးနွေးပွဲ (in Myanmar)။ 12 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 December 2020 တွင် ပြန်စစ်ပြီး။
  2. မှုံရွှေရည်နှင့် ကျွန်တော် (၁၂)၊ ဘကြီးအောင်(ရုပ်ရှင်) Archived 6 February 2021 at the Wayback Machine.)
  3. Weekly News Eleven Journal ကွန်ရက် စာမျက်နှာမှ