မန်ဂို ပတ်ခ်

ဝီကီပီးဒီးယား မှ
(ဂိုပတ်၊ မန် မှ ပြန်ညွှန်းထားသည်)
မန်ဂို ပတ်ခ်၏ ပုံတူ

စကော့လူမျိုးရေသစ်မြေသစ်ရှာဖွေသူ မန်ဂိုပတ်သည် စင်စစ်အားဖြင့် ဆရာဝန်တစ်ဦးဖြစ်သည်။ သူ့အား စကော့တလန်ပြည် ဆဲလကတ်မြို့အနီးရှိယာတော၌ ခရစ် ၁၇၇၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဖွားမြင်သည်။ ၁၇၈၉ ခုနှစ်၌ သဘာဝတ္တပညာရှင်ဆာ ဂျိုးဇက်ဗင့်၏ ကျေးဇူးကြောင့် ဆူမတြားကျွန်းသို့ သွားသောသင်္ဘောတွင် ဆရာဝန်အဖြစ် ဝင်ရောက်အမှုထမ်း ခဲ့ရသည်။ ယင်းသို့ခရီးသွားယင်းပင် ပတ်သည် သဘာဝတ္တပညာကို လေ့လာခဲ့၏။ ၁၇၉၃ ခုနှစ်တွင်သူ၏ သင်္ဘောသည် အင်္ဂလန်ပြည်သို့ တစ်ခေါက်ပြန်ရောက်သောအခါ ဗင့်နှင့် အာဖရိကအသင်းကြီးက သူ့အား အာဖရိကတိုက်ရှိ နိုင်ဂျာမြစ်ကြောင်းတစ်လျှောက် သွားရောက်စူးစမ်းရှာဖွေရန် စေလွှတ်လိုက်သည်။ အာဖရိကန်အသင်းကြီးသည် ၁၇၉၀ ပြည့်နှစ်က မေဂျာဒန်နီယယ်ဟိုတန် ဆိုသူအား နိုင်ဂျာမြစ်ကြောင်းကို စူးစမ်းရှာဖွေရန် ခွတ်ခဲ့ဖူးသော်လည်း လူပါပြန်မလာသဖြင့် မအောင်မြင်ခဲ့ချေ။

ပတ်သည် ၁၇၉၅ ခုနှစ်တွင် အင်္ဂလန်ပြည်မှ စတင်ထွက်ခွာခဲ့၍ အာဖရိကတိုက်သို့ ရောက်ရှိလေသော် ဂမ်ဗီယာမြစ်အတိုင်း ဆန်တက်ကာ ပီဆာနီယာမြို့(ယခုကယ်ရန်တဗာမြို့)တွင် ငါးလမျှနေထိုင်ပြီးလျှင် မန်ဒင်းဂိုး ဘာသာစကားကို သင်ယူသည်။ ယင်းမြို့မှ ဒီဇင်ဘာ၂ရက်နေ့တွင် အဖော်၂ယောက်နှင့်အတူ မြင်းစီး၍ထွက်ခဲ့ရာ ဒုက္ခပေါင်းများစွာနှင့် ရင်ဆိုင်ရခဲ့ပြီးနောက် ဇူလိုင်လ ၂၀ ရက်နေ့တွင်ရောက်သည်။ နိုင်ဂျာမြစ်ကြောင်းအတိုင်း မိုင် ၈၀ ခန့်သွားမိလျှင်ပင် သူ၏မြင်းအမောဆို့သွားသဖြင့် ခြေလျင်တစ်မျိုး၊ လှည်းတပ်နှင့်တစ်ဖုံ ပြန်လှည့်ခဲရာ ပီဆာနီယာမြို့သို့ ၁၇၉၇ ခုနှစ် ဇွန်လ ၁၀ ရက်နေ့တွင် ပြန်လည်ရောက်ပြီးနောက် အင်္ဂလန်သို့ ပြန်ခဲ့လေသည်။ ၁၇၉၉ ခုနှစ်တွင် သူသွားလာစူးစမ်းခဲ့သော အကြောင်းများကို စုပေါင်း၍၊ အာဖရိကတိုက်တွင်းလှည့်လည်စဉ်ဟူသော စာအုပ်တစ်အုပ်ရေးသားထုတ်ဝေရာ တစ်နှစ်တည်း သုံးကြိမ်ပြန်လည်ထုတ်လုပ်ရသည်အထိ လူကြိုက်များသည်။

၁၈၀၄ ခုနှစ်တွင် ဗြိတိသျှအစိုးရက ပတ်အား နိုင်ဂျာမြစ်စူးစမ်းရေးအဖွဲ့တွင် ဦစီးရန် ဖိတ်ခေါ်ပြန်သဖြင့် လက်ခံလိုက်သည်။ ပတ်သည် ခရီးအတွက်အပြည်အစုံ စီစဉ်ပြီးနောက် ၁၈၀၅ ခုနှစ်တွင် စစ်သား ၃၇ ယောက်ပါဝင်သော အဖွဲ့ကို ခေါင်းဆောင်၍ နိုင်ဂျာမြစ်ကို စူးစမ်းရန် စတင်ထွက်ခဲ့သည်။ နိုင်ဂျာမြစ်သို့ ဆန်တက်ကာနီးတွင် နိုင်ဂျာမြစ်အဆုံးကို တွေ့ရှိသည်အထိ ရှာဖွေမည်ဖြစ်၍၊ သေဘေးကိုပင် ရင်ဆိုင်ရသော်လည်း ပြန်မလှည့်ရန် သန္နိဌာန်မြဲမြံစွာချထားကြောင်းနှင့် ကိုလိုနီဆိုင်ရာရုံးသို့ စာတစ်စောင် ပေးပို့ခဲ့သေးသည်။ ပီဆာနီယာမြို့မှ ထွက်လျှင်ပင် အဖွဲ့ဝင်များသည် ဝမ်းကိုက်ခြင်း၊ နာဖျားခြင်းဖြစ်ကြသည်။ ဆန်ဒင်မြို့သို့ရောက်သောအခါ ပတ်၏ ယောက်ဖ အယ်လက်ဇန္ဒာအင်ဒါဆန်အပါအဝင် အဖွဲ့ဝင်များ တဖွဲဖွဲသေဆုံးကြသည်။ ရောဂါဘေး၊ လူရိုင်းဘေးတို့ကြောင့်အဖွဲ့ဝင်တစ်ယောက်ပြီးတစ်ယောက် သေဆုံးခဲ့ရာ ထိုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့တွင် ဆန်ဆင်ဒင်မြို့မှ ထွက်ခွာလာသောအခါ သူတို့အဖွဲ့တွင် ဥရောပတိုက်သား လေးဦးနှင့် တိုင်းရင်းသားလေးဦးသာ ကျန်တော့သည်။ မြစ်ဝသို့ရောက်ရန် ခရီးသုံးပုံတစ်ပုံခန်အလိုတွင် ဗူဆာရေမော်သို့ ရောက်သောအခါ ပတ်၏လှေငယ်သည် ကျောက်ဆောင်ကို ဝင်တိုက်မိလေသည်။ ထိုအခိုက် လူရိုင်းများရောက်လာကာ အတင်းဝင်ရောက်တိုက်ခိုက်သဖြင့် အခြေမလှသည့်အဖြစ်ကိုသိသော ပတ်တို့လူစုသည် မြစ်ထဲသို့ ခုန်ဆင်းထွက်ပြေးကြလေရာ လမ်းပြအဖြစ်ခေါ်သွားသော တိုင်းရင်းသားတစ်ဦးမှတစ်ပါး အားလုံးရေနစ်သေဆုံးကြသည်။ အသက်မသေဘဲ ကျန်ခဲ့သည့် ထိုတိုင်းရင်းသား၏ ပြောပြချက်အရ ပတ်တို့၏ ဒုတိယစူးစမ်းရေးခရီးစဉ်ကို သိခဲ့ရသည်။ ထိုအကြိမ်က မန်ဂိုပတ်ရေးမှတ်ထားခဲ့သော မှတ်တမ်းလည်း ပျောက်သွားခဲ့လေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ-၇