ဂိုဏ်းတော်ချုပ်ဘုန်း

ဝီကီပီးဒီးယား မှ

ဂိုဏ်းတော်ချုပ်ဘုန်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ဇောင်ချမ်းပင်တိုက် ဆရာတော်၏ ဘုန်းအသရေတော်ကို ချီးကျူးဖွဲ့ဆိုထားသည့် သံချိုကဗျာဖြစ်သည်။

ဂိုဏ်းတော်ချုပ်ဘုန်း[ပြင်ဆင်ရန်]

အဏ္ဏဝါ မန္ဒာဝိနှင့်၊ သလ္လာဝတီ ဖန်ပြာအနှစ်လိုပ၊ စီရစ်ခွေသုန်သုန်နှင့်၊ ပြေအလုံ ရွှေမုံကမ်းငယ်က၊ ဘုံမန်းတိုင် နိုင်ငံကျော်လို့၊ ရဟန်းတော်တွေ၊ အသရမ်းအချော် မရှုပ်ထွေးရအောင်၊ နှိုင်းမျှော်ကာ သမိုင်းအပေါ်က အုပ်ပါဟု၊ ဂိုဏ်းတော်ချုပ် ခန့်တော်မူ။

ဗုဒဓဟေ ရွှေညောင်နန်းကဲ့သို့၊ ဇောင်ချမ်းပင် အခြေခံတဲ့၊ ဝေဇယန်ဝိဟာရက သီလသိက္ခာပုဒ်ကယ်တို့၊ အာနှုတ်တွင် သင်ဝိနည်းနှင့်၊ နိသျှည်းအမှန်ကျမ်းဂန်ပြနိုင်တဲ့၊ စွမ်းအန်စုံဂန္တန္တရနှင့်၊ ရဟန်းများအပေါ် မမော်အုံးပြီဘု၊ ဥပေက္ခာ မေတ္တာနှလုံးရယ်နှင့်၊ သုံးတဲ့လျစ်လျူ။

လူမျိုးစုံ အဖြာဖြာတို့၊ ဝါသနာ ဘာသာစရိုက်နှင့်၊ တိုက်နန်းစံအလံတင်လှစ်တဲ့၊ မန်းခွင်မှာ ရဟန်းသင်္ဃရာဇ်ကယ်က၊ ဆန်းစစ်ခါ ရွှေမုံကျေးတွင်မှ၊ ဂုဏ်ရွေးချယ် နယ်ခရိုင်ထိ၊ ရေးတော်ပိုင် မဟာမယ်ကယ်နှင့်၊ ထွေးစပ်လို့ ပေးအပ်လှူ၊ လေးရပ်စတူ ချိမ့်အုံး။

ကျောင်းပါးတိုင် ခြံအရံမို့၊ အောင်ငါးပြန်အိမ်တရာနှင့်၊ ဗိမ္ဗသာကြည်ညိုတဲ့၊ ရာဇဂြိုဟ်ပြည်သီရိတွင်မှ၊ ရှင်ပိလိန် ဘွဲ့တော်သတဲ့၊ ဝစ္ဆရယ် မထေရ်ကျော်ကဲ့သို့၊ ပြည်ပေါ်တွင် သည်ဆရာတော်တပါးကိုမှ၊ စည်ကားစွာ အများတကာဖူးလှာကြ၊ ရာထူးခံမှူးရံမတ်တွေနှင့်၊ ထူးမြတ်စွာ ရတနာသူဌေးတို့၊ ရပ်ဝေးမြေတာက၊ စေတနာခွေလှာညွှတ်သောကြောင့်၊ ပဒေသာ ချွေကာဆွတ်ပေရ၊ ဆွမ်းဝတ်တွေ ကုဋေဆုံမိလိမ့်၊ ပြေအလုံ ရွှေမုံတိုင်းရယ်က၊ တေဇဂုဏ် မြေတုန်၍ လှိုင်းပေလိမ့်၊ ဂိုဏ်းတော်ချုပ်ဘုန်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ အဏ္ဏဝါမန္ဒာဝီ = မန္ဒာကိနိ နတ်မြှစ်ကဲ့သို့ ရေရှိသောဟု အနက်ကြံမိသည်၊ မဏ္ဍာဝီ၊ ကြည်လင်သော ရေရှိသော ဟုလည်း ဖြစ်နိုင်သည်။

၂။ သလ္လာဝတီ = သလ္လာဝတီမြစ်၊ ချင်းတွင်းမြစ်။

၃။ ဝေဇယန် = သိကြားမင်း၏ နန်းတော်။

၄။ ဝိဟာရ = ကျောင်း။

၅။ သိက္ခာပုဒ် = ရဟန်းတို့ကျင့်ဆောင်ရသော တရား။

၆။ ဂန္တန္တရ = ကျမ်းအဖုံဖုံ။

၇။ သင်္ဃရာဇ် = သံဃရာဇာ၊ ရဟန်းတို့၏ အကြီးအကဲ။

၈။ လေးရပ်စတူ = လေးရပ်စတူ၊ နယ်လေးရပ်။

၉။ ရှင်ပိလိန် = ပိလိန္ဒဝစ္ဆမထေရ် နတ်တို့ချစ်ရာတွင် ဧတဒဂ်ရသူ။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။