ဂါတာ ဖွန်ယိုဟန်း ဝုဖဂန်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂါတာကို ၁၈၂၈ ခုနှစ်တွင် တွေ့ရပုံ

ဂါတာ ဖွန်ယိုဟန်း ဝုဖဂန် (ခရစ် ၁၇၄၉-၁၈၃၂)[ပြင်​ဆင်​ရန်​]

ဂျာမန်စာဆိုတော်ကြီးဂါတာသည် ၁၇၄၉ ခုနှစ်တွင် ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့၌ ဖွားမြင်သည်။ အမိဖက်မှ အဖိုးမှာ မြို့မျက် နှာဖုံးတရားသူကြီးတစ်ဦး ဖြစ်သည်။ ငယ်စဉ်က အဖိုးဖြစ်သူနှင့် မိခင်ဖြစ်သူတို့က များစွာအလိုလိုက်ခဲ့၍ ဖခင်ကိုယ်တိုင် သား ငယ်ကို အိမ်၌စာသင်ပေးလေသည်။ အသက် ၁၆ နှစ်ပြည့်မှ ဥပဒေပညာ ဆည်းပူးရန် လိုက်ပဆစ်မြို့သို့ ပို့လိုက်၏။ ဂါတာ သည် ငယ်စဉ်အခါက ရုပ်သေးရုပ်များနှင့် ဇာတ်ခင်းကျင်းပြသ ကစားလေ့ရှိရာ နောင်အခါတွင် ပြဇာတ်ရေးဆရာကြီးဖြစ်မည့် နိမိတ်ဟု ပြောဆိုကြ၏။

ဂါတာသည် လိုက်ပဆစ်မြို့၌ ကဗျာလင်္ကာများကို စပ်ဆို သေးသည်။ထို့နောက် မကျန်းမာသဖြင့် ဖရန့်ဖို့မြို့သို့ပြန်လာပြီး လျှင် စထရက်ဇဗူးတက္ကသိုလ်၌ ဥပဒေပညာများကို ဆက်လက် ဆည်းပူးရာ ၁၇၇၁ ခုနှစ်တွင် ဥပဒေဘွဲ့ထူးကို ဆွတ်ခူးနိုင်ခဲ့ သည်။ စထရက်ဇဗူးတက္ကသိုလ်တွင် ယိုဟန်းဟာဒါဆိုသူ စာဆို တစ်ဦးနှင့် မိတ်ဖြစ်ခဲ့၍ ဟာဒါကဂါတာအား ရှေးသီချင်းကြီး များကို စိတ်ဝင်စားအောင် ဆွဲဆောင်ခဲ့၏။ ထိုပြင် ရှိတ်စပီး ယား၏ စာများကိုလည်းဖတ်ရန် တိုက်တွန်းခဲ့သည်။ ထိုစဉ်က စပ်ဆိုသော ကဗျာများသည် ဂျာမနီပြည်၏ ခေတ်စမ်းကဗျာ ညွန့်များ ဖြစ်၏။ သူ၏ကဗျာများ စပ်ပုံစပ်နည်းကို သူကိုယ်တိုင် ထွင်ယူ၍၊ သူရေးပုံရေးနည်းကို 'ဂါတာ၏ စာဟန်'ဟုပင် ခေါ်တွင်ကြသည်။ ကဗျာများအပြင် ပြဇာတ်များ ကိုလည်း ရေးခဲ့၏။ ဓားပြဗိုလ်ကြီးကို ဇာတ်လိုက်အရာတင်၍ ရေးသောပြဇာတ်တစ်ခုကြောင့် နာမည်ကျော်ကြားလာလေသည်။ ထို့နောက် ဝတ္ထုများဆက်ရေးသားရာ မင်းချီးမြှောက်ခြင်း ခံရ သည်အထိ ဖြစ်ခဲ့၏။

ကမ္ဘာတွင် ကျော်ကြားတည်တံ့စေသော ဂါတာ၏ လက်ရာ မှာ 'ဖော့'ခေါ် ပြဇာတ်ဖြစ်သည်။ ထိုပြဇာတ်ကို ၁၇၇၃ ခုနှစ် တွင် စတင်ရေးခဲ့ရာ ပထမပိုင်းကို ၁၈ဝ၆ ခုနှစ် ၃၃ နှစ်ကြာမှ ပြီးစီးလေသည်။ ဒုတိယပိုင်းကို ၁၈၃၁ ခုနှစ်မှပြီးသဖြင့် စုစုပေါင်း ၅၈ နှစ်မျှကြာအောင် ရေးခဲ့လေသည်။ ထိုပြဇာတ်ကို အကြိမ်ပေါင်း ၃ဝ၊ ၄ဝ ခန့်မျှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆို ခဲ့သည်။

ဂါတာ ထင်ရှားကျော်စောလာသောအခါ အရပ်ရပ်မှ ပညာ လိုလားကြသော လူငယ်များသည် သူ့ထံသို့လာရောက် ဆည်း ကပ်ကြလေသည်။ ထိုလူငယ်များတွင် ဂါတာကဲ့သို့ပင် ဂျာမန် စာပေလောက၌ ကျော်စောထင်ရှားသော စာဆိုတော် ရှီးလား လည်း ပါဝင်၏။ ဂါတာသည် ရှီးလားကို အလွန်ချစ်ခင် လေးစား၏။ ရှီးလားနှင့် အသက်ထက်ဆုံး ခင်မင်ရင်းနှီးသော မိတ်ဆွေဖြစ်ခဲ့သည်မှာ ဂါတာအဖို့များစွာ အကျိုးရှိလေသည်။ ရှီးလားမှာ လုံ့လဝီရိယဇွဲသန်သူတစ်ယောက်ဖြစ်၍ ဂါတာကို အစဉ်အမြဲ နှိုးဆော်အားပေးလေ့ရှိသောကြောင့် 'ဖော့'ပြဇာတ် ပထမပိုင်းကို ပြီးစီးအောင် ရေးသားနိုင်လေသည်။ အခြားကဗျာ များကိုလည်း အများအပြား ရေးသားခဲ့၏။ ရှီးလားကွယ်လွန် သောအခါ ဂါတာမှာ စာမဖွဲ့နိုင်လောက်အောင် ပူဆွေးခဲ့လေ သည်။

ဂါတာသည် ၁၈၃၂ ခုနှစ်တွင် ကွယ်လွန်လေရာ အလောင်း ကို သူ၏မိတ်ဆွေ ရှီးလား၏ ဂူအနား၌ပင် မြှုပ်နှံလိုက်ကြ၏။ ငယ်ရွယ်စဉ်ကစ၍ သေသည်အထိ ဂါတာသည် လူ့လောကကို အသေးစိတ် ကြည့်ရှုမှတ်သားတတ်သူ ဖြစ်သည်။ မည်ကဲ့သို့ သော အဖြစ်အပျက်မျိုးမဆို ဂါတာအတွက် သေးလွန်းနုပ်လွန်း သည်ဟု မရှိခဲ့။ စေ့စေ့စပ်စပ် လေ့လာသုံးသပ်သည်သာ များ လေသည်။

ဂါတာသည် သူ၏ကဗျာများနှင့် ပြဇာတ်များတွင် လူ့ဘဝကို အသေးစိတ်ဝေဖန်၍ ထိရောက်စွာ ရေးသားခဲ့လေသည်။ သူ၏ အတွေးအခေါ်များမှာ လက်နှင့်ကိုင်၍ ပြနိုင်လောက်အောင် မယ်မယ်ရရရှိသော စိတ်ကူးစိတ်သန်းများဖြစ်၍ သာမန်လူများ ဉာဏ်မမီနိုင်အောင် ပြောင်မြောက်ပေသည်။ သို့ဖြစ်ရာ ဂါတာ သည် ကမ္ဘာ့စာပေတွင် ရှိတ်စပီးယားကဲ့သို့ ထင်ရှားသော စာဆိုတော်တစ်ဦး ဖြစ်သည်။ ဂါတာသည် စာပေကဗျာလင်္ကာ ဘက်၌သာထူးချွန်သည်မဟုတ်။ သဘာဝသိပ္ပံပညာရပ်များ၌၎င်း၊ တိုင်းပြည် အုပ်ချုပ်မှု၌၎င်း ပါရမီရင့်သန်ခဲ့သော စွယ်စုံပညာရှိကြီး ဖြစ်ပေသည်။ သူသည် လူတို့၏ သဘာဝကို အကြွင်းမဲ့ နားလည်သူ ဖြစ်၏။ ဂါတာသည် တစ်ကမ္ဘာလုံးက လေးစားကြည်ညိုရသော စာဆိုတော်ပညာရှိကြီးဖြစ်သည်ကို အမျိုး ဘာသာမရွေး ဝန်ခံကြရသည်။ ဥရောပတိုက်နှင့် အမေရိက တိုက်ရှိ များစွာသောမြို့ကြီးပြကြီးများ၌ ဂါတာကိုဂုဏ်ပြု သောအားဖြင့် သူ၏ကျောက်ရုပ်ကို စိုက်ထူထားကြသည်။ သူမွေးဖွားရာနေရာဖြစ်သော ဖရန့်ဖွတ်မြို့ရှိ အိမ်နှင့်သူ နှစ်ပေါင်း များစွာ နေထိုင်သွားသော ဗိုင်းမားရှိ အိမ်တို့ကို နောင်လာ နောက်သားတို့ ကြည့်ရှုရန် အမှတ်တရထားရှိလေသည်။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)