ဂလိုရီရာ မာဂါပါကယ် အာရိုယို

ဝီကီပီးဒီးယား မှ
ဂလိုရီရာ မာဂါပါကယ် အာရိုယို
၂၀၀၉ခုနှစ်တွင် တွေ့ရစဉ်
ဖိလစ်ပိုင်နိုင်ငံ၏ ၁၄ယောက်မြောက် သမ္မတ
တာဝန်သက်တမ်း
၂၀ ဇန်နဝါရီ ၂၀၀၁ – ၃၀ ဇွန် ၂၀၁၀
ဒုတိယ သမ္မတTeofisto Guingona Jr. (၂၀၀၁ - ၂၀၀၄)
Noli de Castro (၂၀၀၄ - ၂၀၁၀)
ယခင်လူဂျိုးဇက် အက်ထရာဒါ
ဆက်ခံသူဘီနင်နို အကွီနို (၃)
ဖိလစ်ပိုင်နိုင်ငံ၏ ၁၀ယောက်မြောက် ဒုတိယသမ္မတ
တာဝန်သက်တမ်း
၃၀ ဇွန် ၁၉၉၈ – ၂၀ ဇန်နဝါရီ ၂၀၀၁
သမ္မတဂျိုးဇက် အက်ထရာဒါ
ယခင်လူဂျိုးဇက် အက်ထရာဒါ
ဆက်ခံသူTeofisto Guingona Jr.
၂၅ယောက်မြောက် အောက်လွှတ်တော် ဥက္ကဋ္ဌ
တာဝန်သက်တမ်း
၂၃ ဇူလိုင် ၂၀၁၈ – ၃၀ ဇွန် ၂၀၁၉
အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး (ယာယီ)
တာဝန်သက်တမ်း
၃၀ နိုဝင်ဘာ ၂၀၀၆ – ၁ ဖေဖော်ဝါရီ ၂၀၀၇
သမ္မတကိုယ်တိုင်
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးမှုဝန်ကြီး
တာဝန်သက်တမ်း
၃၀ ဇွန် ၁၉၉၈ – ၁၂ အောက်တိုဘာ ၂၀၀၀
သမ္မတဂျိုးဇက်အက်ထရာဒါ
အထက်လွှတ်တော်အမတ်
တာဝန်သက်တမ်း
၃၀ ဇွန် ၁၉၉၂ – ၃၀ ဇွန် ၁၉၉၈
အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ
တာဝန်သက်တမ်း
၁၅ ဩဂုတ် ၂၀၁၆ – ၁၅ မတ် ၂၀၁၇
ယခင်လူRoberto Puno
ဆက်ခံသူLinabelle Villarica
အောက်လွှတ်တော်အမတ်
တာဝန်သက်တမ်း
၃၀ ဇွန် ၂၀၁၀ – ၃၀ ဇွန် ၂၀၁၉
ကိုယ်ရေး အချက်အလက်များ
မွေးဖွားMaria Gloria Macaraeg Macapagal
(1947-04-05) ဧပြီ ၅၊ ၁၉၄၇ (အသက် ၇၆)
San Juan, Metro Manila
ကြင်ဖော်(များ)ဟိုဆေးမီဂဲလ်အာရိုယို
သားသမီး
ကြွယ်ဝချမ်းသာမှုပီဆို ၄၇၉.၅ သန်း (၂၀၁၈ အရ))[၁]
လက်မှတ်

ဂလိုရီရာ မာဂါပါကယ် အာရိုယိုသည် ဖိလစ်ပိုင်နိုင်ငံ၏ (၁၄)ယောက်မြောက် သမ္မတဖြစ်သည်။၂၀၀၁ခုနှစ်မှ ၂၀၁၀ပြည့်နှစ်အထိ ဖိလစ်ပိုင်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ဖာဒီနန်မားကို့စ်နောက်ပိုင်း တာဝန်ထမ်းဆောင်ခဲ့သည့် သမ္မတများတွင် သက်တမ်းအရှည်ဆုံးဖြစ်သည်။သမ္မတဖြစ်မလာမီက ၁၉၉၈ခုနှစ်မှ ၂၀၀၁ခုနှစ်အထိ (၁၀)ယောက်မြောက် ဒုတိယသမ္မတအဖြစ် လုပ်ကိုင်ခဲ့သည်။၁၉၉၂ခုနှစ်မှ ၁၉၉၈ခုနှစ်အထိ လွှတ်တော်အမတ်အဖြစ် လုပ်ကိုင်ခဲ့သည်။သမ္မတအဖြစ်မှ အနားယူပြီးနောက် ပမ်ပန်ဂါပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ရွေးကောက်ခံရပြီး လွှတ်တော်အမတ် ဖြစ်လာခဲ့သည်။နောက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

ယခင်သမ္မတဟောင်း ဒီရိုစတာဒို မာဂါပါကယ်၏ သမီးဖြစ်ကာ အမေရိကန်နိုင်ငံတွင် စီးပွားရေးပညာ သင်ကြားခဲ့သည်။ထိုကျောင်းတွင် အမေရိကန်သမ္မတဖြစ်လာမည့် ဘီလ် ကလင်တန်နှင့် ခင်မင်ရင်းနီးခဲ့သည်။ထို့နောက် ဖိလစ်ပိုင်နိုင်ငံ၊ ကွီဇုန်မြို့ရှိ ပုဂ္ဂလိက တက္ကသိုလ်တစ်ခုတွင် စီးပွားရေးပါမောက္ခအဖြစ် လုပ်ကိုင်ခဲ့သည်။ဖိလစ်ပိုင်နိုင်ငံ၏ (၁၅)ယောက်မြောက်သမ္မတ ဖြစ်လာမည့် ဘီနင်နို အကွီနို (၃)သည် အာရိုယို၏ တပည့်ဖြစ်သည်။၁၉၈၇ခုနှစ်တွင် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတွင်  လက်​ထောက်ဝန်ကြီး၊ဒုတိယဝန်ကြီးအဖြစ် စတင်လုပ်ကိုင်ခဲ့ကာ အစိုးရအလုပ်သို့ ဝင်ရောက်ခဲ့သည်။ဘီနင်နို၏ မိခင်ဖြစ်သူ (၁၁)ယောက်မြောက်သမ္မတ အာကီနိုက ဖိတ်ခေါ်၍ ဝင်ရောက် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

၁၉၉၂ခုနှစ်မှ ၁၉၉၈ခုနှစ်အထိ လွှတ်တော်အမတ်အဖြစ် လုပ်ကိုင်ခဲ့ပြီးနောက် သမ္မတ ဂျိုးဇက် အက်ထရာဒါလက်ထက်တွင် ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံခဲ့ရသည်။သမ္မတဖြစ်သူ ဂျိုးဇက် အကျင့်ပျက်ခြစားမှုဖြင့် စွပ်စွဲခံရပြီးနောက် အာရိုယိုသည် အစိုးရအဖွဲ့အတွင်း ပူးတွဲနေရာယူထားသည့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးမှုဝန်ကြီးနေရာမှ နုတ်ထွက်ခဲ့သည်။ထို့နောက် အင်အားကြီးမားလာသည့် အတိုက်အခံများနှင့် ပူးပေါင်းခဲ့သည်။နောက်ပိုင်းတွင် သမ္မတဖြစ်သူ ဂျိုးဇက်သည် ရာထူးမှ နုတ်ထွက်ခဲ့ရသည်။ဂျိုးဇက်နုတ်ထွက်ပြီးနောက် ဒုတိယသမ္မတဖြစ်သူ အာရိုယိုက သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။၂၀၀၄ခုနှစ် သမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ် တရားဝင်သက်တမ်း (၆)နှစ်အတွက် ရွေးချယ်ခံခဲ့ရသည်။သမ္မတသက်တမ်းပြီးနောက် လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။သူသည် သမ္မတကဲ့သို့ အဆင့်အမြင့်ဆုံးရာထူးမှ အနားယူပြီးနောက် အဆင့်ပိုနိမ့်သောနေရာတွင် တာဝန်ထမ်းဆောင်သည့် ဒုတိယမြောက်သမ္မတဖြစ်လာခဲ့သည်။

၂၀၁၁ခုနှစ် နိုဝင်ဘာ ၁၈ရက်နေ့တွင် ရွေးကောက်ပွဲလိမ်လည်မှုဖြင့် အာရိုယိုသည် ကွီဇုံမြို့ရှိ စစ်ပြန်ဆေးရုံတွင် ထိန်းသိမ်းခံခဲ့ရသည်။၂၀၁၂ခုနှစ် ဇူလိုင်လတွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။အထောက်အထားမခိုင်လုံသဖြင့် နောက်ပိုင်းတွင် ဤစွဲချက်များကို ပြန်လည်ရုပ်သိမ်းခဲ့သည်။သို့သော် ၂၀၁၂ခုနှစ် အောက်တိုဘာလတွင် အစိုးရထီရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈.၈သန်းကို အလွဲသုံးစားလုပ်မှုဖြင့် ထပ်မံဖမ်းဆီးခံခဲ့ရသည်။သူ၏ဆရာဝန်များက အသက်အန္တရာယ်ရှိနိုင်သော ကျန်းမာရေးအခြေအနေများကြောင့် ဆေးရုံတွင်နေထိုင်ခွင့် တောင်းသဖြင့် ဆေးရုံတွင်သာ ထိန်းသိမ်းခဲ့သည်။အာရိုယို၏ မဟာမိတ်ဖြစ်သော ရော်ဒရီဂို ဒူတာတေးလက်ထက် ၂၀၁၆ခုနှစ် ဇူလိုင် ၁၉ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံတရားရုံးချုပ်မှ ၁၁ - ၄ မဲခွဲရလဒ်ဖြင့် သူ့အား တရားသေလွှတ်ခဲ့သည်။၂၀၁၈ခုနှစ် ဇူလိုင်လ ၂၃ရက်နေ့တွင် ဖိလစ်ပိုင်အောက်လွှတ်တော်၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံခဲ့ရသည်။[၂] [၃][၄]

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

၁၉၄၇ခုနှစ် ဧပြီလ ၅ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံ ရီဇယ်ပြည်နယ်၌ ဖွားမြင်ခဲ့သည်။ဖခင်ဖြစ်သူမှာ နိုင်ငံရေးသမား ဒီရိုစတာဒို မာဂါပါကယ် ဖြစ်သည်။ဖခင်၏ ယခင်အိမ်ထောင်နှင့် ပါလာသော အစ်မ (၂)ဦးရှိသည်။ငယ်ဘဝသည် ပမ်ပန်ဂါပြည်နယ်တွင် ကုန်ဆုံးခဲ့သည်။အာရိုယိုသည် ဘာသာစကားများစွာတွင် ကျွမ်းကျင်သည်။အင်္ဂလိပ်ဘာသာစကား၊ တဂ္ဂလော့ဘာသာစကား၊ ဖိလစ်ပိုင်နိုင်ငံတွင်သုံးသော စပိန်စကား၊ ပြင်သစ်စကားနှင့် အခြားသော ဖိလစ်ပိုင်ဒေသိယစကားများကို ကျွမ်းကျင်စွာပြောဆိုတတ်သည်။

နောက်ပိုင်းတွင် မိသားစုနှင့်အတူ မနီလာမြို့ရှိ  မာလာကန်ညင်နန်းတော်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။၁၉၆၄ခုနှစ်တွင် အထက်တန်းပြီးမြောက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ တက္ကသိုလ်တစ်ခုတွင် ပညာဆက်လက်သင်ကြားခဲ့သည်။ထိုတက္ကသိုလ်တွင် အမေရိကန်သမ္မတဖြစ်လာမည့် ဘီလ်ကလင်တန်နှင့် အတန်းဖော်ဖြစ်ခဲ့သည်။ဖိလစ်ပိုင်နိုင်ငံတွင် မာစတာဘွဲ့နှင့် ဒေါက်တာဘွဲ့များ ဆက်လက်ယူခဲ့သည်။၁၉၇၇ခုနှစ်မှ ၁၉၈၇ခုနှစ်အထိ ကျောင်းများစွာတွင် ဆရာမအဖြစ် စာသင်ကြားခဲ့သည်။၁၉၈၇ခုနှစ်တွင် ကိုရာဇွန် အကွီနို၏ ဖိတ်ကြားချက်အရ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနတွင် ဒုတိယဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။

လွှတ်တော်အမတ်ဘဝ[ပြင်ဆင်ရန်]

အာရိုယိုသည် ၁၉၉၂ လွှတ်တော်ရွေးကောက်ပွဲတွင် အထက်လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်ကာ နိုင်ငံရေးလောကသို့ ဝင်ရောက်လာခဲ့သည်။ထိုရွေးကောက်ပွဲသည် ၁၉၈၇အခြေခံဥပဒေအရ ပထမဆုံးကျင်းပသော ရွေးကောက်ပွဲဖြစ်ကာ အထက်လွှတ်တော် (၂၄)နေရာအတွက် မဲအများဆုံးရသော အမတ်(၁၂)ယောက်သည် ၆နှစ်သက်တမ်းဖြစ်ကာ ကျန်သော (၁၂)ယောက်သည် ၃နှစ်သက်တမ်းဖြစ်သည်။အာရိုယိုသည် အဆင့် (၁၃)တွင်ဖြစ်သဖြင့် ၃နှစ်သက်တမ်းသာဖြစ်သည်။သို့သော် ၁၉၉၅ရွေးကောက်ပွဲတွင် ပြန်လည်ရွေးချယ်ခံခဲ့ရသည်။

ဒုတိယသမ္မတဘဝ[ပြင်ဆင်ရန်]

အာရိုယိုသည် ၁၉၉၈ အထွေထွေရွေးကောက်ပွဲတွင် သမ္မတလောင်းနေရာမှ ဝင်ရောက်ယှဉ်ပြိုင်ရန်စီစဉ်ခဲ့သော်လည်း ထိုစဉ်က လက်ရှိသမ္မတ ဖီဒယ် ရာမိုစ့်နှင့် အာဏာရပါတီခေါင်းဆောင်များက လက်ရှိအောက်လွှတ်တော်ဥက္ကဋ္ဌ ဂျိုးဗန်ဆီယာကိုသာ သဘောကျခဲ့သည်။ထို့ကြောင့် အာရိုယိုသည် ဒုတိယသမ္မတနေရာမှ ဝင်အရွေးခံခဲ့သည်။သို့သော် ၎င်းတို့ပါတီမှ သမ္မတလောင်း ဂျိုးဗန်ဆီယာသည် ပြိုင်ဖက်ပါတီမှ သမ္မတလောင်း ဂျိုးဇက် အက်ထရာဒါကို ရှုံးနိမ့်ခဲ့သည်။အာရိုယိုမှာမူ ပြိုင်ဖက်ပါတီမှ ဂျိုးဇက် အက်ထရာဒါ၏ မိတ်ဖက်ကို မဲရလဒ်တစ်ဝက်ကျော်အသာဖြင့် အနိုင်ရခဲ့သည်။

အာရိုယိုသည် ၁၉၉၈ခုနှစ် ဇွန်လ (၃၀)ရက်နေ့တွင် ဒုတိယသမ္မတသက်တမ်းကို စတင်ထမ်းဆောင်ခဲ့သည်။ဖိလစ်ပိုင်သမိုင်းတွင် ပထမဆုံးသော အမျိုးသမီး ဒုတိယသမ္မတဖြစ်သည်။ဒုတိယသမ္မတရာထူးအပြင် အစိုးရအဖွဲ့၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးမှုဝန်ကြီးအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့သည်။

အကျင့်ပျက်ခြစားမှုဖြင့် စစ်ဆေးခံနေရသော သမ္မတ ဂျိုးဇက်နှင့် ခပ်ခွာခွာနေရန်အတွက် အစိုးရအဖွဲ့အတွင်းရာထူးဖြစ်သော ဝန်ကြီးနေရာမှ ၂၀၀၀ပြည့်နှစ် အောက်တိုဘာလတွင် နုတ်ထွက်ခဲ့သည်။အာရိုယိုက မဟာမိတ်များ၏ သမ္မတဂျိုးဇက်ကို ဆန့်ကျင်ရန်ပြောကြားမှုများကို အစပိုင်းတွင် ဆန့်ကျင်ခဲ့သော်လည်း နောက်ပိုင်းတွင် ထိုသူများနှင့် ပူးပေါင်းပြီး သမ္မတကိုရာထူးမှ နုတ်ထွက်ရေး တောင်းဆိုမှုတွင် ပါဝင်ခဲ့သည်။

သမ္မတဘဝ[ပြင်ဆင်ရန်]

ပထမသက်တမ်း (၂၀၀၁ -၂၀၀၄)[ပြင်ဆင်ရန်]

၂၀၀၀ပြည့်နှစ် နောက်ဆုံးလေးလနှင့် ၂၀၀၁ခုနှစ် အစောပိုင်းသည် ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးအတွက် အကြပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရသည်။စွပ်စွဲပြင်တင်ခြင်း တရားခွင်တွင် သမ္မတဂျိုးဇက်ပိုင်ဆိုင်သည့် ဘဏ်စာရွက်စာတမ်းများပါဝင်​သော အညိုရောင်စာအိတ်ကို ဖွင့်ဖောက်ခြင်းအား ဂျိုးဇက်ကို လိုလားသော အမတ်များက တားဆီးရာ ရှေ့နေအချို့က သပိတ်မှောက်ကြသည်။တရားခွင်လည်း ပျက်စီးသွားခဲ့သည်။ဖိလစ်ပိုင်ပြည်သူများသည် သမ္မတ ဂျိုးဇက်နုတ်ထွက်ရေး လမ်းပေါ်ထွက်၍ တောင်းဆိုခဲ့ကြသည်။ လူထုသည် အာဏာရှင်ဟောင်း ဖာဒီနန်မားကို့စ်ကို ဖြုတ်ချခဲ့သည့် ပြည်သူ့စွမ်းအားတော်လှန်ရေးများစတင်ရာ နေရာဖြစ်သည့် ဆန်းတို့စ်ရိပ်သာတွင် ၂၀၀၁ခုနှစ် ဇန်နဝါရီ ၁၇ မှ ၂၀အတွင်း စုဝေးခဲ့ကြသည်။ထိုစုဝေးပွဲသို့ သရုပ်ဆောင်များ၊ နာမည်ကျော်များ၊ ကျောင်းသာများ၊ လက်ဝဲနိုင်ငံရေးသမားများ၊ လက်ယာနိုင်ငံရေးသမားများ စသည်ဖြင့် စုစည်းခဲ့ကြပြီး EDSA IIဟု လူသိများခဲ့သည်။လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သော ဖိလစ်ပိုင်တပ်မတော်နှင့် ဖိလစ်ပိုင်ရဲတပ်ဖွဲ့တို့သည် သမ္မတဂျိုးဇက်အား ထောက်ခံမှုမပေးတော့ပေ။

မာလာကန်ညင်နန်းတော်မှ ထွက်ခွာလာပြီးနောက် သမ္မတ ဂျိုးဇက်၏ ရှေ့နေများက အာရိုယို၏သမ္မတဖြစ်ခွင့်ကို မေးခွန်းထုတ်ခဲ့သည်။သမ္မတ ဂျိုးဇက်သည် ရာထူးမှ တရားဝင် နှုတ်မထွက်ရသေးချိန်တွင် အာရိုယိုက ယာယီသမ္မတအဖြစ် ထမ်းဆောင်နေပြီဖြစ်သည်။သို့သော် ဗဟိုတရားရုံးက အာရိုယို၏ ဆက်ခံမှုကို အသိအမှတ်ပြုခဲ့သည်။၂၀၀၁ခုနှစ် ဧပြီလတွင် သမ္မတဟောင်း ဂျိုးဇက်နှင့် သူ၏သားကို ဖမ်းဆီးခဲ့သည်။ရက်အနည်းငယ်အကြာတွင် ဂျိုးဇက်ကိုထောက်ခံသူများက စုဝေးဆန္ဒပြခဲ့ပြီး ၎င်းကို EDSA IIIဟု ခေါ်ခဲ့ကြသည်။ထောင်ပေါင်းများစွာသော ဆန္ဒပြသူများက အာရိုယိုကို ဖယ်ရှားပြီး ယခင်အတိုင်း ဂျိုးဇက်ကို ပြန်ထားရန် တောင်းဆိုကြသည်။၂၀၀၁ခုနှစ် မေလ ၁ရက်နေ့တွင် ဆန္ဒပြသူများက သမ္မတရုံးစိုက်ရာ မာလာကန်ညင်နန်းတော်သို့ ဦးတည်ဆန္ဒပြခဲ့ကြသည်။ထို့နောက် နန်းတော်အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းကြသည့်အခါ စစ်သားနှင့် ရဲများက ပြန်လည်ခုခံခဲ့ကြသည်။ဤ EDSA IIIသည် အာရိုယို၏ သမ္မတသက်တမ်းအတွက် ပထမဆုံးသော နိုင်ငံရေးစိန်ခေါ်မှုဖြစ်လာခဲ့သည်။

၂၀၀၄ အထွေထွေရွေးကောက်ပွဲ[ပြင်ဆင်ရန်]

၁၉၈၇အခြေခံဥပဒေအရ သမ္မတတစ်ဦးသည် (၆)နှစ်သက်တမ်းကို တစ်ကြိမ်သာ ထမ်းဆောင်ခွင့်ရှိသည်။သို့သော် သမ္မတတစ်ဦး သက်တမ်းမပြည့်မီ ထွက်ခွာသွားပြီး ၎င်းကိုဆက်ခံသော သမ္မတသည် ၄နှစ်ထက်မပိုဘဲ တာဝန်ထမ်းဆောင်ခဲ့ပါက ရွေးကောက်ပွဲတွင် ဝင်ပြိုင်နိုင်ပြီး အနိုင်ရလျှင် (၆)နှစ်သမ္မတသက်တမ်း ထမ်းဆောင်ခွင့်ရှိသည်။၂၀၀၁ခုနှစ် ဇန်နဝါရီ ၂၀ရက်နေ့မှ စတင်၍ သမ္မတဖြစ်လာသော အာရိုယိုသည် နောက်ထပ်ရွေးကောက်ပွဲအပြီး သမ္မတအသစ် ကျမ်းကျိန်ရမည့် ၂၀၀၄ခုနှစ် ဇွန်လ (၃၀)ရက်နေ့တွင် သမ္မတသက်တမ်း (၄)နှစ်ပြည့်ဦးမည် မဟုတ်ပေ။ထို့ကြောင့် ၎င်းအနေဖြင့် ၂၀၀၄အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံခွင့်ရှိသည်။၂၀၀၂ခုနှစ် ဒီဇင်ဘာလ ၃၀ရက်နေ့တွင် အာရိုယိုက သူ့အနေဖြင့် ရွေးကောက်ပွဲကို ဝင်ပြိုင်မည်မဟုတ်ဘဲ နိုင်ငံ၏ စီးပွားရေးတိုးတက်ရန် ကဏ္ဍမှပင် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ၂၀၀၃ခုနှစ်တွင် စိတ်ပြောင်းသွားပြီး ၂၀၀၄ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ထို့ကြောင့် အစပိုင်းတွင် ဝေဖန်ခံခဲ့ရသည်။ရွေးကောက်ပွဲတွင် မဲအရေအတွက် ၁၂.၉သန်း၊ ရာခိုင်နှုန်း ၃၉.၉၉ရာခိုင်နှုန်းဖြင့် အနိုင်ရခဲ့သည်။ဒုတိယအများဆုံးရသည့် ဖာနန်ဒိုပိုး ဂျူနီယာမှာမူ ၁၁.၇သန်း (၃၆.၅၁ရာခိုင်နှုန်း) ရရှိခဲ့သည်။ထို့ကြောင့် အာရိုယိုသည် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကာ သမ္မတအဖြစ် (၆)နှစ် တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့သည်။

ဒုတိယသက်တမ်း (၂၀၀၄ - ၂၀၁၀)[ပြင်ဆင်ရန်]

၂၀၀၄ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် အခြားသမ္မတများနည်းတူ အာရိုယိုသည် သမ္မတသက်တမ်း (၆)နှစ်အတွက် ကျမ်းသစ္စာကျန်ဆိုခဲ့သည်။ကျမ်းကျိန်ဆိုခြင်းကို မနီလာရှိ ကူရီနိုကွင်းပြင်တွင် ကျင်းပခဲ့ကာ သမိုင်းကြောင်းတွင် လူဇုန်ကျွန်းပြင်ပတွင် ကျမ်းကျန်သော ပထမဆုံးသမ္မတဖြစ်လာခဲ့သည်။

၂၀၀၄ခုနှစ်ရွေးကောက်ပွဲအပြီး တစ်နှစ်အကြာတွင် ရွေးကောက်ပွဲတွင် လိမ်လည်သည့်ဟူသည့် အာရိုယိုအား စွပ်စွဲချက်များသည် အရှိန်မြင့်လာခဲ့သည်။၂၀၀၅ခုနှစ် ဇွန်လ ၁၀ရက်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားထောက်လှမ်းရေးဗျူရိုမှ ဒုတိယညွှန်ကြားရေးမှူးဟောင်းဖြစ်သူ ဆမ်မြူရမ် အွမ်းက သူ့တွင်ရှိသော သမ္မတအာရိုယိုနှင့် ရွေးကောက်ပွဲကော်မရှင်မှ ကော်မရှင်နာတို့စကားပြောထားသော အသံမှတ်တမ်းများကို ထုတ်ဖော်ပြခဲ့သည်။ထိုအသံမှတ်တမ်းတွင် အာရိုယိုက ရွေးကောက်ပွဲကော်မရှင်အား ပြိုင်ဖက်ဖြစ်သူ ဖာနန်ဒိုပိုးထက် မဲရလဒ်တစ်သန်းပိုရနိုင်ရန် အမိန့်ပေးခဲ့သည်။

ဆမ်မြူရမ် အွမ်း၏ အသံမှတ်တမ်းများကြောင့် အာရိုယိုအား ကြီးမားသောဆန့်ကျင်မှုများ ပြုလုပ်လာခဲ့ကြသည်။ထိုအသံဖိုင်များကို Hello Garci Controversy ဟု ခေါ်တွင်ခဲ့သည်။ အစိုးရအဖွဲ့မှ အရေးပါသူအချို့ နုတ်ထွက်ခဲ့ကြပြီး အာရိုယိုကိုလည်း နုတ်ထွက်ရန် တိုက်တွန်းခဲ့ကြသည်။ ၂၀၀၅ခုနှစ် ဇွန်လ ၂၇ရက်နေ့တွင် အာရိုယိုက သူ့အနေဖြင့် သမ္မတရာထူးလက်ကိုင်ယူထားပြီး ရွေးကောက်ပွဲကော်မရှင်မှ အရာရှိနှင့် ဆွေးနွေးခြင်းမှာ မသင့်လျော်ကြောင်း ဝန်ခံခဲ့သည်။သို့သော် ရွေးကောက်ပွဲတွင် ဝင်ရောက်စွက်ဖက်ခဲ့ခြင်းမရှိဘဲ မျှတစွာယှဉ်ပြိုင်၍ အနိုင်ရခဲ့ကြောင်း စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ ကဏ္ဍအသီးသီးမှ ဖိအားပေးလာသော နုတ်ထွက်ရန်တောင်းဆိုမှုများကိုလည်း ငြင်းဆိုခဲ့သည်။ Hello Garci Controversy ဖိုင်များသည် ၂၀၀၅ခုနှစ်တွင် အာရိုယိုအား တရားစွဲဆိုမှုများအတွက် အခြေခံစွဲချက်များ ဖြစ်လာခဲ့သည်။ ၂၀၀၅ခုနှစ်နှောင်းပိုင်းတွင် အာရိုယိုအားစွဲချက်များသည် မအောင်မြင်လာခဲ့ပေ။ ၂၀၀၆ခုနှစ်တွင် နောက်ထပ်စွဲချက်များဖြင့် စွဲခဲ့သော်လည်း အောက်လွှတ်တော်တွင် ရှုံးနိမ့်ခဲ့သည်။

၂၀၀၇ခုနှစ် အောက်တိုဘာလတွင် ရှေ့နေတစ်ဦးက လာဘ်ပေးမှုဖြင့် အာရိုယိုအား ထပ်မံစွဲချက်တင်ခဲ့ပြန်သည်။ ထိုစွဲချက်သည် ပမ်ပန်ဂါပြည်နယ်အုပ်ချုပ်ရေူမှူး၏ ထွက်ဆိုချက်အပေါ်အခြေခံပြီး အုပ်ချုပ်ရေးမှူးများသည် ဗဟိုအစိုးရထံမှ ဝ.၅သန်း ပီဆိုရရှိခဲ့ကြောင်းဆိုသည်။ ထိုစွဲချက်သည် ၂၀၀၇ခုနှစ် အောက်တိုဘာလတွင် အောက်လွှတ်တော်၏ တရားရေးကော်မတီသို့ ရောက်ရှိခဲ့သည်။

နိုင်ငံတော် အရေးပေါ်အခြေအနေ[ပြင်ဆင်ရန်]

၂၀၀၆ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် ဗိုလ်ကြီး ဒန်နီလီရို လင်းမ် နှင့် လက်ယာသမားများက အစိုးရထံမှ အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ခု ဖြစ်ပွားခဲ့သည်။သို့သော် မအောင်မြင်ခဲ့ဘဲ ဖမ်းဆီးခံခဲ့ရသည်။ မသမာသူများ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန်အတွက် ထိုနေ့တွင်ပင် မာလာကန်ညင်နန်းတော်မှ အရေးပေါ်အခြေအနေကြေညာခဲ့သည်။ အာရိုယို၏ အဆိုအရ ဤကြေညာချက်သည် စစ်တပ်၏ လုပ်ရပ်ကို ထိန်းချုပ်ရန်၊ ဥပဒေမဲ့အကြမ်းဖက်မှုများကို ရပ်တန့်ရန်၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို မြှင့်တင်ရန်ဖြစ်သည်။

၂၀၀၆ခုနှစ် ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် အာရိုယိုအား အမြဲဝေဖန်လေ့ရှိသည့် Daily Tribuneသတင်းစာတိုက်ကို ရဲများက ဝင်ရောက်ရှာဖွေခဲ့သည်။ ထို့နောက် အစိုးရက ဂျာနယ်လစ်လမ်းညွှန်ချက်များ ချမှတ်ခဲ့သည်။ တိုင်းပြည်အတွင်း ဆူပူမှုများမရှိရန်၊ တရားမဝင်စုဝေးမှုများမရှိရန်နှင့် အများပြည်သူအနှောင့်အယှက်မဖြစ်ရန်အတွက် အရေးပေါ်အခြေအနေကို တစ်ပတ်ခန့် ကြေညာခဲ့သည်။ ၂၀၀၆ခုနှစ် မတ်လ ၃ရက်နေ့တွင် အရေးပေါ်အခြေအနေကို ရုပ်သိမ်းခဲ့သည်။

သမ္မတရာထူးပြီးနောက်ပိုင်းဘဝ[ပြင်ဆင်ရန်]

အောက်လွှတ်တော်အမတ်[ပြင်ဆင်ရန်]

အာရိုယိုက ၂၀၀၉ခုနှစ် နိုဝင်ဘာလ၌ ၂၀၁၀အထွေထွေရွေးကောက်ပွဲတွင် အောက်လွှတ်တော်အတွက် ဝင်အရွေးခံမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ သမိုင်းကြောင်းတွင် ရာထူးအမြင့်မှ အနားယူပြီး ပို၍နိမ့်သောရာထူးတွင် တာဝန်ထမ်းဆောင်သည့် ဒုတိယမြောက် ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။ အာရိုယို၏ယှဉ်ပြိုင်ခြင်းကို ပိတ်ပင်ရန်အတွက် အချို့သောလူများက အသနားခံစာတင်ခဲ့ကြသော်လည်း ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့သည်။ ထို့နောက်တွင် တရားရုံးချုပ်က အတည်ပြုခဲ့သည်။၂၀၁၀ရွေးကောက်ပွဲတွင် ပမ်ပန်ဂါပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။ ၂၀၁၀ပြည့်နှစ် ဇွန်လ ၃၀ရက်နေ့တွင် သမ္မတအသစ်ဖြစ်သူ ၎င်း၏တပည့်ဟောင်း ဘီနင်နို အကွီနို (၃) ကျမ်းကျိန်ဆိုခဲ့သည်။ ထိုနေ့၌ အာရိုယိုသည် မာလာကန်ညင်နန်းတော်တွင် ဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုမှုကို နောက်ဆုံးခံယူခဲ့ပြီး ၎င်း၏လွှတ်တော်အမတ်အဖြစ် ကျမ်းကျိန်ရန်အတွက် ပမ်ပန်ဂါသို့ ထွက်ခွာခဲ့သည်။

အောက်လွှတ်တော်၏ဥက္ကဋ္ဌအဖြစ် ရည်မှန်းခဲ့ကြသော်လည်း အာရိုယိုက ငြင်းဆိုခဲ့သည်။ အိန္ဒိယနိုင်ငံမှ အင်နီယာဂန္ဒီကဲ့သို့ ပါတီ၏ခေါင်းဆောင်အဖြစ်သာ နေထိုင်ရန် ကြံရွယ်ခဲ့သည်။ လွှတ်တော်အမတ်အဖြစ် ပထမဆုံးနေ့တွင် အာရိုယိုနှင့် သားဖြစ်သူ ဒေတိုတို့က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပက်သက်ကာ အဆိုတင်သွင်းခဲ့သည်။

ခွဲစိတ်မှုများ[ပြင်ဆင်ရန်]

၂၀၁၁ခုနှစ် ဇူလိုင်၂၅ရက်နေ့တွင် သမ္မတ အကွီနိုက လွှတ်တော်တွင် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားပြီး မကြာမီတွင် အာရိုယိုသည် ဆေးရုံသို့ အမြန်သွားခဲ့ရသည်။ ဇူလိုင် ၂၉ရက်နေ့တွင် ၅နာရီကြာ ခွဲစိတ်မှု ခံယူခဲ့ရသည်။ဩဂုတ်လ အတွင်းတွင် နောက်ထပ်ခွဲစိတ်မှု (၂)ခု ထပ်မံပြုလုပ်ခဲ့ရသည်။ အောက်လွှတ်တော်က အာရိုယိုအား ဂျာမနီတွင် ဆေးကုသနိုင်ရန်အတွက် ခရီးသွားခွင့် ခွင့်ပြုခဲ့သည်။

၂၀၁၁ခုနှစ် ဆေးရုံတွင် ထိန်းသိမ်းခံရခြင်း[ပြင်ဆင်ရန်]

ပါစီတရားရုံးက ဝရမ်းထုတ်ပေးပြီးနောက် ၂၀၁၁ခုနှစ် နိုဝင်ဘာ ၁၈ရက်နေ့တွင် အာရိုယိုကို ရွေးကောက်ပွဲကိစ္စများအတွက် ထိန်းသိမ်းခဲ့သည်။ ၎င်းအား စိန့်လုခ်ဆေးရုံတွင် ထိန်းသိမ်းခဲ့သည်။ အာရိုယိုအား နိုင်ငံခြားသို့ သွား၍ဆေးကုခွင့်ကို ပိတ်ပင်ရန်အတွက် တရားရေးဝန်ကြီးဌာန၏ တားမြစ်ချက်ကို တရားရုံးချုပ်က ထုတ်ပြန်ခဲ့သည်။ ၂၀၁၁ခုနှစ် ဒီဇင်ဘာ ၉ရက်နေ့တွင် ကွီဇုန်မြို့ရှိ စစ်ပြန်ဆေးရုံတွင် ပြောင်း၍ ထိန်းသိမ်းခဲ့သည်။ ၂၀၁၂ခုနှစ် ဇူလိုင် ၂၅ရက်နေ့တွင်မှ အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။

၂၀၁၂ခုနှစ် အောက်တိုဘာလ ၂၉ရက်နေ့တွင် ရာထူးလက်ဝယ်ရှိစဉ်က အစိုးရထီလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၈.၈သန်း အလွဲသုံးစားလုပ်သည်ဟူသော စွဲချက်ကို ငြင်းပယ်ခဲ့သည်။၂ ၀၁၃ခုနှစ်တွင် စစ်ပြန်ဆေးရုံ၌ ပြန်လည်ချုပ်နှောင်ခံထားရပြန်သည်။ ၂၀၁၆ခုနှစ် ဇူလိုင် ၁၉ရက်နေ့တွင် တရားရုံးချုပ်မှ ၎င်း၏အမှုများကို ရုပ်သိမ်းခဲ့ကာ ၄နှစ်ကြာ ဆေးရုံတွင် ထိန်းသိမ်းခံရမှုမှ လွတ်မြောက်လာခဲ့သည်။

၂၀၁၃ အောက်လွှတ်တော်အမတ် ပြန်အရွေးခံရခြင်း[ပြင်ဆင်ရန်]

စစ်ပြန်ဆေးရုံတွင် နေရစဉ်အတွင်းကပင် အာရိုယိုသည် ၂၀၁၃ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြန်၍ဝင်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ပြန်သည်။

၂၀၁၈ လွှတ်တော်ဥက္ကဋ္ဌ[ပြင်ဆင်ရန်]

၂၀၁၈ခုနှစ်တွင် အောက်လွှတ်တော်၏ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပြီး ပထမဆုံးအမျိုးသမီးဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ဥက္ကဋ္ဌအဖြစ် ၂၀၁၉ အောက်လွှတ်တော်ရွေးကောက်ပွဲအပြီး ရွေးကောက်ခံကိုယ်စားလှယ်အသစ်များ စတင်သည့် ၂၀၁၉ ဇွန်လ ၃၀ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ရာထူးများ[ပြင်ဆင်ရန်]

  • ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး (၁၉၈၇ - ၁၉၉၂)
  • အထက်လွှတ်တော်အမတ် (၁၉၉၂ - ၁၉၉၈)
  • ဖိလစ်ပိုင်နိုင်ငံ ဒုတိယသမ္မတ/လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးမှုဝန်ကြီး (၁၉၉၈ - ၂၀၀၁/၂၀၀၀)
  • ဖိလစ်ပိုင်နိုင်ငံ သမ္မတ (၂၀၀၁ - ၂၀၁၀)
  • အောက်လွှတ်တော်အမတ် (၂၀၁၀ - ၂၀၁၉)
  • အောက်လွှတ်တော်ဥက္ကဋ္ဌ (၂၀၁၈ - ၂၀၁၉)

မိသားစုဘဝ[ပြင်ဆင်ရန်]

၁၉၆၈ခုနှစ်တွင် ရှေ့နေနှင့် စီးပွားရေးသမားဖြစ်သူ ဟိုဆေးမီဂဲလ်အာရိုယိုနှင့် လက်ထပ်ခဲ့သည်။သူတို့တွင် သားသမီး (၃)ဦးထွန်းကားခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "Who's who: Richest, poorest House lawmakers in 2018"၊ Manila: The Philippine Star၊ June 14, 2019။ 
  2. House OKs lowering crime liability age threshold to 12။ March 10, 2019 တွင် ပြန်စစ်ပြီး။
  3. Former President Arroyo's neck brace not needed 24/7 - lawyer။ 13 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 13 December 2021 တွင် ပြန်စစ်ပြီး။
  4. ဒီမိုကရေစီအသွင်ကူးပြောင်းခြင်းများInstitute for Democracy and Electoral Assistance