ဂန္ထဗေဒ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဂန္ထဗေဒ[ပြင်​ဆင်​ရန်​]

ဂန္ထဗေဒ၏ အဓိပ္ပာယ်မှာ စာပေကျမ်းဂန် သို့မဟုတ် စာအုပ်များအကြောင်းကို ခွဲခြမ်းစိတ်ဖြာ၍ပြသော ပညာရပ်ဖြစ်သည်။ ဂန္ထဗေဒကို အင်္ဂလိပ်ဘာသာအားဖြင့် ဘစ်ဘလီယိုဂရပ်ဖီဟု ခေါ်သည်။ ဂန္ထဗေဒ၏ မူလသဘောမှာ စာအုပ်စာတမ်းများ အကြောင်းကို ရေးသားပြုစု၍ စာပေ လေ့လာသူတိုင်းအား မိမိတို့ နှစ်သက်ရာ ဘာသာရပ်အသီးသီးကို နှိုက်နှိုက်ချွတ်ချွတ် စေ့စုံစွာ လေ့လာနိုင်စေရန်အတွက် ကူညီပေးသည့် သဘောပင်ဖြစ်သည်။ ဂန္ထဗေဒသဘော သက်ဝင်သော လုပ်ငန်းများကို ကမ္ဘာပေါ်တွင် ခရစ်နှစ် ၁၈ ရာစုများအတွင်းက စတင် လုပ် ဆောင်ခဲ့ကြသည်။ စာပေလောကတွင် တစ်နေ့တစ်ခြား တိုးတက်များပြားလာသော စာအုပ်စာတမ်းများကို စာရင်းပြုလုပ်ကာ စာဖတ်သူတို့အား အကျိုးပြုရန် လိုအပ်လာသည့် အတွက်ကြောင့်သာ ဤဂန္ထဗေဒပညာရပ်မှာ ထူးထူးခြားခြားပင် အသုံးများလာခဲ့ပေသည်။ အင်္ဂလန်ပြည် လန်ဒန်မြို့တော်တွင် ခရစ်နှစ် ၁၈၉၂ ခုနှစ်က စတင်တည်ထောင်ခဲ့သော ဂန္ထဗေဒ အသင်းကြီး ရှိလေသည်။

ဤဂန္ထဗေဒပညာရပ်ကို ၁၈ ရာစုနှစ်များအတွင်းမှ ယနေ့အထိ သုံးစွဲလာခဲ့ရာ အများသိရှိနေသော ဝေါဟာရအဖြစ် ဤပညာရပ်တွင် လုပ်ကိုင်နည်း ၂ မျိုး သက်ဝင်လျက် ရှိသည်။

  • ပထမအမျိုးကား စာအုပ်များကို စနစ်တကျ အမည်စာရင်း တင်သွင်းနည်းဖြစ်သည်။ သို့ရာတွင် ဤလုပ်ငန်းနှင့် စာအုပ် ကတ်တလောက်ခေါ် စာအုပ်စာရင်းတို့မှာ ခြားနားလေသည်။

စာအုပ်ဆိုင်တွင် ရှိရှိသမျှ စာအုပ်များကို ဝယ်ယူသူ သိရှိနိုင်ရန် စုပေါင်းစာရင်း တင်ထားခြင်းမှာ ကြော်ငြာသဘောသာဖြစ်၍ ဂန္ထဗေဒလုပ်ငန်းနှင့် များစွာ ကွာခြားလှပေသည်။

  • ဒုတိယအမျိုးကား စာအုပ်စာတမ်းများ၏ အကြောင်းကို စုံလင်အောင် ဝေဖန် ဖော်ထုတ်၍ စာရင်းတင်ခြင်း ဖြစ်သည်။ ဥပမာဆိုသော် စာအုပ်အမည်၊ စာရေးဆရာအမည်၊ ပုံနှိပ်

ထုတ်ဝေသူအမည်၊ ရိုက်နှိပ်သည့်ခုနှစ် စသော ထည့်ရိုးထည့်စဉ် အချက်အလက်များဖြင့် စာအုပ်အရွယ်အစား၊ စာအုပ်၏တန်ဖိုး၊ မည်သည့် အကြိမ်မြောက် တည်းဖြတ်ခြင်း၊ သို့မဟုတ် ပုံနှိပ် ခြင်း၊ ပါဝင်သည့်ရုပ်ပုံ၊ ပုံကြမ်းနှင့် မြေပုံများ၊ စုစုပေါင်း စာမျက်နှာ စသည်တို့နှင့်တကွ စာအုပ်ပါ အကြောင်းအချက် များကိုပါ စုံလင်နိုင်သရွေ့ စုံလင်အောင် ဝေဖန် ထည့်သွင်း ဖော်ပြခြင်း ဖြစ်လေသည်။

ဂန္ထဗေဒဟူ၍ မြန်မာဂန္ထဝင်တွင် အထင်အရှား လိုက်စားပြုစု ခြင်း နည်းပါးလှငြားသော်လည်း ဂန္ထဗေဒသဘောသက်ဝင်သော ပြုစုထားချက်များကို တွေ့ရသည်။ ပုံစံအားဖြင့် ကုန်းဘောင် ခေတ် မိုင်းခိုင်းမြို့စား အတွင်းဝန် မဟာသီရိဇေယျသူ၏ ပိဋကတ်သမိုင်းတွင် ရှေးခေတ်မှစ၍ ကျမ်းပြုဆရာပေါင်း ၃၃၈ ဦးတို့ ပြုစုခဲ့သော ပျို့၊ ကဗျာ၊ လင်္ကာ၊ ဝတ္ထု၊ ဋီကာ၊ ကျမ်း၊ ရာဇဝင်ကျမ်း၊ ဆန်းကျမ်း၊ တက်ကျမ်း၊ ပူရာဏ်ကျမ်း၊ ဆေးကျမ်း၊ ဗေဒင်ကျမ်း၊ ဓမ္မသတ်ကျမ်း စသည့် ကျမ်းမျိုး စုံကို ရေးသူအမည်၊ ရေးသည့်ကာလနှင့် ကျမ်းလာအကြောင်း အရာအမြွက်နှင့်တကွ ဖော်ပြထားလေသည်။ ထို့ပြင် မြောင်လှ မြို့စား နိုင်ငံခြားဝန်ထောက်တော်မင်း၊ မင်းကြီးသီရိမဟာဇေယျ သူ ရေးသားသော ကဝိလက္ခဏဒီပနီကျမ်းတွင်လည်း ကျမ်းပြု ရာတွင် မိမိကိုးကားထောက်ထားခဲ့သော ၅ဝဝ နီးပါးမျှ ကျမ်း တို့ကို ပါဠိ၊ အဋ္ဌကထာ၊ ဋီကာ၊ သုတ်၊ ဇာတ်၊ သဒ္ဒါ၊ ဝတ္ထု၊ ရာဇဝင်၊ သမိုင်း၊ မော်ကွန်း၊ ဧချင်း၊ မဟာဝင်၊ နီတိ၊ဓမ္မသတ်၊ လင်္ကာ၊ ကျောက်စာစသော ခေါင်းစဉ်များဖြင့် ခွဲခြား စာရင်း တင်ခဲ့လေသည်။

ယခုအခါ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရတို့၏ သုံးလတစ်ကြိမ်ထုတ် မြန်မာနိုင်ငံတွင် ထုတ်ဝေသော စာအုပ်များ စာရင်းမှာ ဂန္ထဗေဒဝင်ကျမ်းဖြစ်သည်ဟု ဆိုသော် ရသင့်လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)