ခွန်ထီး၊ ဦး

ဝီကီပီးဒီးယား မှ

သမိုင်းဝင်ပင်လုံစာချုပ်လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သော ရှမ်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးခွန်ထီး (ခရစ် ၁၉၂၀- ၁၉၉၈) ကို အဖ ဦးလုံခွန်ဇံ၊ အမိ ဒေါ်ပါနန်းစံတို့က ၁၉၂၀ ပြည့်နှစ်၊မတ်လ (၂၅)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့၌ဖွားမြင်သည်။ ငယ်မည်မှာ အိုက်ခိုင်းဖြစ်ပြီး မွေးချင်းငါးဦးအနက် တတိယမြောက် ဖြစ်သည်။ ငယ်စဉ်က ပင်လုံ၊ တောင်ကြီးနှင့် ရန်ကုန်ကူရှင် အထက်တန်းကျောင်းများတွင် ပညာသင်ယူခဲ့ပြီး ရန်ကုန်ကူရှင်(အလုံအထက-၄)မှ (၁၀)တန်းအောင်မြင်သည်။ တက္ကသိုလ်သို့ ဆက်လက်ပညာသင်ယူရာ ပထမနှစ်ဥပစာသိပ္ပံ (I.S.C) အောင်မြင်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်များ ဝင်ရောက်လာသောကြောင့် ပညာဆက်လက်မသင်ခဲ့ချေ။

ဦးခွန်ထီးသည် အာရှလူငယ်အစည်းအရုံးတွင် ပါဝင်ခဲ့ပြီး ၁၉၄၃ ခု၊ ဇွန်လအတွင်း ရန်ကုန်မြို့ ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ အာရှလူငယ်ဌာနချုပ်တွင် ဖွင့်လှစ်သော အစည်းအရုံးရေးတာဝန်ခံသင်တန်းသို့ တက်ရောက်သည်။ ထို့နောက် ရှမ်းပြည်နယ်တောင်ပိုင်း၊ အရှေ့တောင်ပိုင်း (လွယ်လင်ခရိုင်) အာရှလူငယ်ခရိုင် စည်းရုံးရေးတာဝန်ခံအဖြစ် ဆောင်ရွက်သည်။ ဦးခွန်ထီးသည် ၁၉၄၄ ခု၊ ဧပြီလ (၂၃) မှ (၂၅) ရက်ထိ တောင်ကြီးမြို့၌ ကျင်းပသော ရှမ်းပြည်လုံးဆိုင်ရာ အာရှလူငယ်ညီလာခံသို့ တက်ရောက်ခဲ့ပြီး အာရှလူငယ်အစည်းအရုံးတာဝန်များ ထမ်းရွက်သည်။ ဦးခွန်ထီးသည် ရှမ်းပြည်နယ်လွတ်လပ်ရေးအဖွဲ့ချုပ်တွင် အလုပ်အမှုဆောင်တာဝန်ယူသည်။ ထိုအချိန်မှ စ၍ ဦးခွန်ထီးသည် ရှမ်းတိုင်းရင်းသားများအား ဗြိတိသျှအစိုးရကို ဆန့်ကျင်၍ ဗမာတို့နှင့် ပူးပေါင်းကာလွတ်လပ်ရေးရယူရန် စည်းရုံးလှုပ်ရှားသည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ (၈) ရက်မှ (၁၂) ရက်နေ့အထိ ရှမ်းပြည်နယ် ပင်လုံမြို့တွင်ကျင်းပသော ပင်လုံညီလာခံသို့ ရှမ်းတိုင်းရင်းသားများ၏ ကိုယ်စားလှယ်အဖြစ် တက်ရောက်ပြီး သမိုင်းဝင်ပင်လုံစာချုပ် လက်မှတ်ရေးထိုးရာတွင် ပါဝင် လက်မှတ်ထိုးသည်။

ဦးခွန်ထီးသည် တောင်ပိုင်းရှမ်းပြည်နယ်ကို အခြေခံသော ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့နှင့် မြောက်ပိုင်းရှမ်းပြည်နယ်ကိုအခြေခံသော ရှမ်းပြည်ကွန်ဂရက်အဖွဲ့များကို ဖျက်သိမ်းပြီး ရှမ်းပြည်နယ် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ချုပ် ပြန်လည် ဖွဲ့စည်းသည်။ အဆိုပါ အဖွဲ့တွင် ဦးဆောင်တာဝန်ယူရသော အမျိုးသားစည်းရုံးရေး တာဝန်ခံအမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးခွန်ထီးသည် ၁၉၄၈ ခု၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် လွတ်လပ်ရေးရပြီးနောက် ဖဆပလအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဗဆွေ၏ တာဝန်ပေးချက်အရ ဦးတင်အေး (ရှမ်းပြည်) (နိုင်ငံတော်ကောင်စီဝင်ဟောင်း) နှင့်အတူ ပြင်သစ်နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးအရေးတော်ပုံအတွက် တော်လှန်ရေး ဆင်နွှဲနေသော ဗီယက်နမ်ပြည်သူများအား တတ်စွမ်းနိုင်သော အကူအညီပေးရန် ကျိုင်းတုံမှတစ်ဆင့် ဘန်ကောက်သို့ လျှို့ဝှက်စွာ သွားရောက်ခဲ့သည်။

ဦးခွန်ထီးသည် ၁၉၄၄ ခု၊ နိုင်ဝင်ဘာလ (၁၁) ရက်နေ့တွင် ပါဝင်လက်မှတ်ရေးထိုးသူတစ်ဦးဖြစ်သော ကြောင့် ဦးခွန်ထီးအား နိုင်ငံတော်က နိုင်ငံ့ဂုဏ်ရည်(ပထမဆင့်) ကို ၁၉၈၀ ပြည့်နှစ်၊ ဇွန်လ (၇) ရက်နေ့တွင် ချီးမြှင့် အပ်နှင်းသည်။

နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ပထမဆင့်) ရ ဦးခွန်စောထီးသည် ၁၉၉၈ ခု၊ ဇွန်လ (၄) ရက်နေ့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်မမကြီးနှင့် သားဦးစိုင်းခမ်းပန်နှင့် ဦးစိုင်းခမ်းလိုင်တို့ ကျန်ရစ်ခဲ့သည်။

ကျမ်းကိုးစာရင်း[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်- ၂၀ဝ၀၊ စာ- ၁၅၀