ခွန်ဆာ၊ ဦး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဘိန်းဘုရင် ခွန်ဆာ
Khun Sa with Australian journalist Stephen Rice, April 1988.
သတင်းထောက် စတီဖင်ရိုက် နှင့် အတူ တွေ့ရစဉ် ၊ တောတွင်း ဌာနချုပ်၊ ဧပြီ ၁၉၈၈ မြန်မာနိုင်ငံ

ကိုယ်ရေး ရာဇဝင်[ပြင်​ဆင်​ရန်​]

  • အခြားအမည် - Tun Hsa
  • တရုတ် နာမည် - ချန်ရှီဖူ သို့မဟုတ် ကျန်ကွီဖူ။
  • မြန်မာအမည် - ဦးထက်အောင်။
  • မွေးသက္ကရာဇ် - ၁၉၄၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက် စနေနေ့။
  • မွေးဖွားရာ နေရာ - Hpa Hpeung village, လိုက်မော်ရပ် (Loimaw Ward), တန်းယန်း မြို့နယ် (Tangyan township know as formerly Mongyai state), လာရှိုး ခရိုင်၊ ရှမ်းပြည်မြောက်ပိုင်း။
  • တရုတ် ဖခင် Khun Ai (Zhang Bingyao) နဲ့ ရှမ်းမိခင် Nang Hseng Zoom တို့က မွေးဖွား။
  • အိမ်ထောင်ဖက် ဇနီး အမည် - Nang Kayyun (died 1993)
  • သား သမီးများ - Nang Long (Khajit), Zarm Merng (Phajon), Zarm Herng (Phathai), Nang Kang (Khanittha), Zarm Zeun (Phairote), Zarm Myat (Phaisarn), Nang Lek (n.a.), Zarm Mya (Pitak).

ငယ်စဉ်က ကူမင်တန် တရုတ်ဖြူတပ်မှာ အမှုထမ်းခဲ့သည် ။ နောက်ပိုင်းတွင် ကူမင်တန်မှ ခွဲထွက်ပြီး နောက်လိုက် ရာဂဏန်း အနည်းငယ်ဖြင့် ကိုယ်ပိုင်တပ်ကို တည်ထောင်ခဲ့သည်။

၁၉၆၃ - မြန်မာ အစိုးရ ဩဇာခံ လွယ်မော် ကာကွယ်ရေးတပ် အဖြစ် ပြောင်းလဲ။ ငွေ၊ ဝတ်စုံနဲ့ လက်နက်များကို ရယူပြီး ရှမ်းလူမျိုးစု တပ်များကို တိုက်ခိုက်ပြီးနောက် တပ်အင်အား ၈၀၀ အထိ တိုးချဲ့အားကောင်းလာသည့်အခါတွင် မြန်မာ အစိုးရနှင့်အဆက်အသွယ်ဖြတ်ပြီး ရှမ်းနှင့်ဝ နယ်မြေများအတွင်း ဝင်ရောက်နယ်ပယ်ချဲ့ထွင်ပြီး ဘိန်းထုတ်လုပ်မှု တိုးမြှင့်ခဲ့သည်။

၁၉၆၇ - ရှမ်းပြည်နယ် အတွင်းရှိ ကူမင်တန် အကြွင်းအကျန် တပ်များနှင့် မသင့်မမြတ် ဖြစ်ပြီး အင်အား ဩဇာ ကျဆင်းခဲ့သေးသည်။

၁၉၆၉ - မြန်မာ အစိုးရက ဖမ်းဆီးအကျဉ်းချခဲ့သော်လည်း ခွန်ဆာ၏လက်ထောက် တပ်မှူးဖြစ်သူက တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် လာရောက်တာဝန်ထမ်းဆောင်နေသော ရုရှ ဆရာဝန် ၂ ဦးဖမ်းဆီး သွားကာ လဲလှယ်ရန် တောင်းဆိုခဲ့ပြီး ထိုတောင်းဆိုမှု အောင်မြင်သဖြင့် ၁၉၇၃ ခုနှစ်တွင် ပြန်လည် လွတ်မြောက် လာခဲ့သည်။

၁၉၇၆ - ဘိန်းဖြူမှောင်ခို လုပ်ငန်းမှာ အခြေပြန်ကျသွားပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ဘန်ဟင်းတခ်တွင် အခြေစိုက်ခဲ့သည်။ ဘိန်းလုပ်ငန်းကို အောင်အောင်မြင်မြင် ပြန်လည်တည်ထောင်ခဲ့သည့်နည်းတူ ၄င်း၏တပ်ဖွဲ့ကိုလည်း စည်းလုံး ညီညွတ်သည့် ရှမ်း တပ်မတော် (Shan United Army)ဟု ပြောင်းလဲဖွဲ့စည်းပြီး ရှမ်းလူမျိုးများဘက်မှ ရပ်တည်ကာ မြန်မာ စစ်အစိုးရကို တိုက်ခိုက်သည်။

၁၉၈၅ - စဝ်ကွဏ်းဆင်( ခေါ်) မိုးဟိန်းဦးဆောင်သည့် ရှမ်းတော်လှန်ရေး ကောင်စီနှင့် ပူးပေါင်းပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းတစ်ခွင်နှင့် ရှမ်း - ကယား နယ်စပ် အထိ ထိန်းချုပ်လာနိုင်ခဲ့သည်။ ထိုနောက် အမ်တီအေ ခေါ် မုန်းတိုင်းတပ်မတော်(Mong Tai Army/MTA) ကို ဖွဲ့စည်းခဲ့ပြီး ထိုင်း - မြန်မာ - လော နယ်စပ် ရှိ ရွှေတြိဂံဒေသတွင် ဘိန်းဖြူ အမြောက်အမြား ထုတ်လုပ်ခဲ့သဖြင့် ဘိန်းဘုရင်ဘွဲ့ဖြင့် ထင်ရှား လာခဲ့သည်။

၁၉၈၈ − ထိုင်းမှ မြန်မာ သို့ တရားမဝင် ဝင်ရောက်လာခဲ့သော ဩစတြေးလျ သတင်းထောက် စတီဖင်ရိုက် နှင့် အင်တာဗျူးခဲ့ပြီး ဘိန်းစိုက်ခင်း များကို တနှစ်လျှင် ဩစတြေးလျှဒေါ်လာ သန်း ၅၀ ဖြင့် နောက် ၈ နှစ် အတွက် ရောင်းမည်ဟု ဩစတြေးလျ အစိုးရသို့ ကမ်းလှမ်းခဲ့သည်။ ထို ကမ်းလှမ်းချက် ကို လွှတ်တော်အမတ် ဂရက်အီဗင် က အစိုးရသည် ဒုစရိုက်သမားများ ဒုစရိုက်မှု မလုပ်ခြင်းအတွက် ငွေပေးစရာ မလို ဟု ကြေငြာပြီး ဩစတြေးလျအစိုးရက ပယ်ချခဲ့သည်။ [၁]

၁၉၈၉ - အမေရိကန် ပြည်ထောင်စု နယူးယောက် တရားရုံးက ခွန်ဆာကို ဘိန်း တန်တစ်ထောင် တင်ပို့ရန် ကြံစည်မှုဖြင့် တရားစွဲသည်ကို တုန့်ပြန်သောအားဖြင့် သူ ထုတ်လုပ်သည့် ဘိန်းဖြူ အားလုံးကို ဝယ်မည်ဆိုလျှင် နိုင်ငံတကာ မူးယစ်ဆေးဈေးကွက်သို့ ဖြန့်ဝေရောင်းချခြင်းမပြုတော့ဟုပင် အမေရိကန်ကို လှောင်ပြောင်ကမ်းလှမ်းခဲ့သည်။

၁၉၉၆ ဇန်နဝါရီ - မြန်မာ စစ်အစိုးရထံ လက်နက်ချခဲ့သည်။ မြန်မာ စစ်အစိုးရ၏ အသုံးအနှုန်း အရ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်သည်ဟု ဆိုသည်။ (မူးယစ်ဆေး မှောင်ခိုမှုဖြင့် အမေရိကန်တွင် တရား မဆိုင်လိုလို့ လက်နက် ချတယ်လို့ ဆိုကြ။)

ခွန်ဆာသည် ရှမ်း တရုတ် ကပြားတစ်ဦးဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် မြန်မာစစ်အစိုးရထံ၌ လက်နက်မချမီ အချိန်အထိ အင်အား ၁၅,၀၀၀ ခန့်ရှိ ကိုယ်ပိုင် စစ်တပ်ဖြင့် ထိုင်း၊ မြန်မာ၊ လာအိုနယ်စပ် ရွှေတြိဂံဒေသကို လွှမ်းမိုးနိုင်ခဲ့သည်။

ခွန်ဆာအား အမေရိကန်နိုင်ငံက ဆုကြေး ဒေါ်လာ (၂) သန်း ထုတ်ပြန် ကြေညာခဲ့သော်လည်း သူ့ကို ဖမ်းဆီး ပေးပို့ရေးကို မြန်မာ စစ်အစိုးရက ငြင်းဆိုခဲ့သည်။ သို့ဖြင့် ဦးခွန်ဆာသည် “အမေရိကန် အစိုးရလက်သို့ လွှဲပြောင်းပေးခြင်း မခံရနိုင်” ဟူသော ယုံကြည်ချက်ဖြင့် မြန်မာအစိုးရနှင့် စေ့စပ် ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း MTA ဗဟိုကော်မတီဝင်တဦးကို ကိုးကား၍ “ခွန်ဆာ ဦးဆောင်သော MTA အဖွဲ့ ဘာ ကြောင့် လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ရသလဲ”ဟူသည့် စာအုပ်တွင် မြန်မာအစိုးရက မြန်မာဘာသာဖြင့် ထုတ်ဝေခဲ့ သည်။

ရှမ်းပြည်နယ်မှ ရန်ကုန် မြို့တော်သို့ သွားရောက် အခြေချပြီး မကွယ်လွန်ခင်အချိန်အထိ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် လုပ်ငန်းပေါင်းများစွာ ရင်းနှီး လုပ်ကိုင်ခဲ့သည်။ [၂]

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

၂၀၀၇ အောက်တိုဘာ ၂၆ တွင် ရန်ကုန်မြို့တွင် ဆီးချို၊ လေတပိုင်းဖြတ်ခြင်း နှင့် သွေးတိုး ရောဂါများ ခံစားနေရပြီး ကွယ်လွန်ခဲ့သည်။ [၃][၄] ရန်ကုန်မြို့ မြောက်ဥက္ကလာပ ရှိ ရေဝေးသုသာန်တွင် မြုပ်နှံခဲ့သည်။ [၅]

ရုပ်ရှင်[ပြင်​ဆင်​ရန်​]

မင်းသား ရစ်ယန်း က ၂၀၀၇ ခုနှစ် ထွက် အမေရိကန်လူဆိုး အမည်ရှိ ရုပ်ရှင်တွင် ခွန်ဆာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]

ကိုးကား[ပြင်​ဆင်​ရန်​]