ခြေမြန်တပ်မ
ခြေမြန်တပ်မ (သို့) ခြေမြန်တပ်မဌာနချုပ် (အတိုကောက်: တမခ, အင်္ဂလိပ်: Light Infandry Division - LID) သည် မြန်မာ့တပ်မတော် (ကြည်း) ၏ အဓိကတိုက်ခိုက်ရေးနှင့် ခြေလျင်တပ်များဖြစ်သည်။ ခြေမြန်တပ်မများကို ပြည်တွင်းပုန်ကန်မှုများ စတင်ပေါ်ပေါက်လာချိန်မှစ၍ ဒေသအသီးသီးသို့ လွယ်ကူလျင်မြန်စွာ ရွှေ့ပြောင်းစစ်ဆင်နိုင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ဖွဲ့စည်းပုံနှင့် ကွပ်ကဲမှု
[ပြင်ဆင်ရန်]ခြေမြန်တပ်မများသည် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များ (စကခ) နှင့် ဖွဲ့စည်းပုံအသွင်တူညီကြသည်။ သို့ရာတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်များသည် တိုင်းစစ်ဌာနချုပ်များ၏ အစိတ်အပိုင်းများဖြစ်ပြီး၊ ခြေမြန်တပ်မများမှာမူ စစ်ဆင်ရေးကိစ္စရပ်များတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ဆင်ရေးဌာနခွဲ (တစ်နည်းအားဖြင့် စစ်ဆင်ရေးအထူးအဖွဲ့များ) က တိုက်ရိုက်ကွပ်ကဲသည်။ ဦးစီး၊ ရေးရာ၊ ထောက်ပို့နှင့် စစ်ဘက်တရားစီရင်ရေးကိစ္စရပ်များကိုသာ တိုင်းစစ်ဌာနချုပ်က လွှမ်းမိုးသည်။ လက်ရှိတွင် ခြေမြန်တပ်မ ၁၀ ခုရှိပြီး အများစုမှာ အလယ်ပိုင်းအညာဒေသတွင် အခြေစိုက်သည်။[၁]
ခြေမြန်တပ်မတစ်ခုလျှင် ခြေလျင်/ခြေမြန်တပ်ရင်း ၁၀ ရင်းဖြင့် ဖွဲ့စည်းထားသည်။ ခြေလျင်/ခြေမြန်တပ်ရင်း သုံးရင်းကို နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ (နဗဟ) တစ်ခုစီဖြင့် နည်းဗျူဟာမှူးတစ်ဦးက ကွပ်ကဲသည်။ ခြေလျင်/ခြေမြန်တပ်ရင်း ၁၀ ရင်းအနက် ၉ ရင်းမှာ နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့များ၏ ကွပ်ကဲမှုအောက်တွင်ရှိပြီး၊ ကျန်တစ်ရင်းသည် ခြေမြန်တပ်မဌာနချုပ်၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိသည်။
ဥပမာ။ အမှတ် (၁၁) ခြေမြန်တပ်မဌာချုပ်လက်အောက်ခံ ဖွဲ့စည်းပုံ-
- အမှတ် (၁၁၁) နည်းဗျူဟာအဖွဲ့: ဗိုလ်မှူးကြီးတစ်ဦး ကွပ်ကဲသည်။
- ခြေမြန်တပ်ရင်း ၃ ရင်း (ဒုတိယဗိုလ်မှူးကြီး ၃ ဦးစီ ကွပ်ကဲသည်။)
- အမှတ် (၁၁၂) နည်းဗျူဟာအဖွဲ့: ဗိုလ်မှူးကြီးတစ်ဦး ကွပ်ကဲသည်။
- ခြေမြန်တပ်ရင်း ၃ ရင်း (ဒုတိယဗိုလ်မှူးကြီး ၃ ဦးစီ ကွပ်ကဲသည်။)
- အမှတ် (၁၁၃) နည်းဗျူဟာအဖွဲ့: ဗိုလ်မှူးကြီးတစ်ဦး ကွပ်ကဲသည်။
- ခြေမြန်တပ်ရင်း ၃ ရင်း (ဒုတိယဗိုလ်မှူးကြီး ၃ ဦးစီ ကွပ်ကဲသည်။)
- ခြေမြန်တပ်မဌာနချုပ် တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ တပ်ရင်း
- ခြေမြန်တပ်ရင်း ၁ ရင်း
သို့ရာတွင် လက်ရှိတပ်မတော်၏ ခြေလျင်/ခြေမြန်တပ်ရင်းများမှာ ယခင်ဖွဲ့စည်းပုံအင်အားနှင့် ကွာခြားမှုများရှိရာ စစ်ဆင်ရေးများတွင် ခြေလျင်/ခြေမြန်တပ်ရင်း ၂ ရင်း သို့မဟုတ် ၃ ရင်းခန့်မှ အင်အားများကို ထုတ်နုတ်စုပေါင်း၍ စစ်ကြောင်းများအဖြစ် ကွပ်ကဲသည်။ မြေပြင်စစ်ဆင်ရေးတွင် အမြင့်ဆုံး အနီးကပ်ကွပ်ကဲသည့်အရာရှိမှာ တပ်မမှူးဖြစ်ပြီး၊ နည်းဗျူဟာမှူး၊ တပ်ရင်းမှူး၊ စစ်ကြောင်းမှူးများအား ဆက်သွယ်ရေးဖြင့် တိုက်ရိုက်အမိန့်ပေး ကွပ်ကဲလေ့ရှိသည်။
ဂုဏ်သတ္တိနှင့် အမှတ်အသားများ
[ပြင်ဆင်ရန်]ခြေမြန်တပ်မများကို တပ်မတော် (ကြည်း) တွင် အခြားတိုက်ခိုက်ရေးတပ်များထက် ပိုမိုကြမ်းတမ်းခြင်း၊ တိုက်ရည်ခိုက်ရည်မြင့်မားခြင်း၊ ရက်စက်ကြမ်းကြုတ်ခြင်းနှင့် တပ်ဖွဲ့ဝင်များ၏ စိတ်နေစိတ်ထားတို့ကြောင့် အကြမ်းဆုံးခြေလျင်တပ်များအဖြစ် သတ်မှတ်ကြသည်။ သို့သော် ခြေမြန်တပ်မများမှာ စစ်ဆင်ရေးအပြည့်အဝထွက်ရသည့် တပ်များဖြစ်သဖြင့် အင်အားလျော့နည်းမှုများရှိရာ ခြေမြန်တပ်မတစ်ခုလျှင် ပျမ်းမျှအင်အား ၂,၀၀၀ အောက်သာ ရှိသည်။
ခြေမြန်တပ်မရှိ တပ်ဖွဲ့ဝင်အားလုံးသည် ဘယ်ဘက်လက်မောင်းတွင် သက်ဆိုင်ရာ ခြေမြန်တပ်မ၏ တံဆိပ်ကို တပ်ဆင်ရသည်။ ညာဘက်လက်မောင်းတွင်မူ သက်ဆိုင်ရာ လက်ရုံး/ဝန်ထမ်းတံဆိပ်များဖြစ်သည့် ခြေလျင်တပ်ဖွဲ့၊ ဆက်သွယ်ရေးတပ်ဖွဲ့၊ အမြောက်တပ်ဖွဲ့၊ အင်ဂျင်နီယာတပ်ဖွဲ့၊ ဆေးဝန်ထမ်းတပ်ဖွဲ့ စသည်တို့ကို တပ်ဆင်ကြရသည်။
တံဆိပ်တပ်ဆင်ပုံ ထူးခြားချက်
[ပြင်ဆင်ရန်]ခြေမြန်တပ်မဌာနချုပ်လက်အောက်ရှိ ခြေလျင်/ခြေမြန်တပ်ရင်းများတွင် တာဝန်ထမ်းဆောင်သော လက်ရုံး/ဝန်ထမ်းမဟုတ်သည့် တိုက်ခိုက်ရေးနှင့် ရုံးလုပ်ငန်းဆောင်ရွက်ရသည့် တပ်ဖွဲ့ဝင်များသည် တပ်သားအဆင့်မှ တပ်ရင်းမှူးအဆင့်အထိ ခြေလျင်တပ်တံဆိပ်ကို တပ်ဆင်ရသည်။[၁]
ခြေမြန်တပ်မဌာနချုပ်တွင် တာဝန်ထမ်းဆောင်သော ရုံးလုပ်ငန်းဆောင်ရွက်ရသည့် တပ်ဖွဲ့ဝင်များမှာမူ ခြေမြန်တပ်မဌာနချုပ်တံဆိပ်အား လက်မောင်းနှစ်ဖက်လုံးတွင် တပ်ဆင်ကြရသည်။
ဥပမာအားဖြင့်၊ ဘယ်ဘက်တွင် တပ်မတံဆိပ်၊ ညာဘက်တွင် ခြေလျင်တပ်တံဆိပ်တပ်ဆင်ထားသော ဗိုလ်မှူးအဆင့် အရာရှိတစ်ဦးသည် ခြေလျင်/ခြေမြန်တပ်ရင်းမှ ယာယီတပ်ရင်းမှူး၊ ဒုတိယတပ်ရင်းမှူး သို့မဟုတ် ဌာနချုပ်တပ်ခွဲမှူး ဖြစ်သည်ကို သိရှိနိုင်သည်။ လက်မောင်းနှစ်ဖက်လုံး တပ်မတံဆိပ်တပ်ဆင်ထားသော ဗိုလ်မှူးတစ်ဦးသည် ခြေမြန်တပ်မဌာနချုပ်မှ စစ်ဦးစီးမှူး (ဒုတိယတန်း) တစ်ဦးဖြစ်ကြောင်း သိရှိနိုင်သည်။
အလားတူ ဘယ်ဘက်တွင် တပ်မတံဆိပ်၊ ညာဘက်တွင် ခြေလျင်တပ်တံဆိပ်တပ်ဆင်ထားသော ဒုတိယဗိုလ်မှူးကြီးတစ်ဦးသည် ခြေလျင်/ခြေမြန်တပ်ရင်းမှ တပ်ရင်းမှူးဖြစ်ကြောင်း သိရှိနိုင်ပြီး၊ လက်မောင်းနှစ်ဖက်လုံး တပ်မတံဆိပ်တပ်ဆင်ထားသော ဒုတိယဗိုလ်မှူးကြီးတစ်ဦးသည် ခြေမြန်တပ်မဌာနချုပ်မှ စစ်ဦးစီးမှူး (ပထမတန်း) သို့မဟုတ် ယာယီနည်းဗျူဟာမှူးတစ်ဦးဖြစ်ကြောင်း ခွဲခြားသိရှိနိုင်သည်။
ဗိုလ်မှူးကြီးအဆင့်နှင့်အထက် အရာရှိများသည် ဌာနချုပ်၏ တံဆိပ်ကိုသာ လက်မောင်းနှစ်ဖက်လုံး၌ တပ်ဆင်ကြသည်။
ခေါင်းဆောင်မှုနှင့် ရာထူးတိုးမြှင့်မှု
[ပြင်ဆင်ရန်]ခြေမြန်တပ်မဌာနချုပ်တွင် ဗိုလ်မှူးချုပ်တစ်ဦးက တပ်မမှူးအဖြစ် ကွပ်ကဲပြီး ဗိုလ်မှူးကြီးတစ်ဦးက ဒုတိယတပ်မမှူးအဖြစ် တာဝန်ယူသည်။ တပ်မမှူးအဖြစ် ရာထူးတိုးခံရသော ဗိုလ်မှူးကြီးအဆင့်အရာရှိသည် ယာယီတပ်မမှူးအဖြစ် တစ်နှစ်တာဝန်ထမ်းဆောင်ပြီးမှသာ တပ်မမှူး (ဗိုလ်မှူးချုပ်) အဆင့်သို့ အတည်ပြုတိုးမြှင့်ခန့်ထားခြင်းခံရသည်။ ခြေမြန်တပ်မမှူးများနှင့် စစ်ဆင်ရေးကွပ်ကဲရေးမှူးများသည် ဒေသကွပ်ကဲရေးမှူး၊ တိုင်းမှူးကဲ့သို့သော အထက်ရာထူးများသို့ တိုးမြှင့်ခံရရန် အလားအလာ ပိုများသည်။ ၎င်းတို့သည် တပ်မတော်ကျောင်း/တက္ကသိုလ်များမှ ကျောင်းအုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ တိုင်းဦးစီးချုပ်၊ ဒုတိယတိုင်းမှူးများ စသည့် အခြားအဆင့်တူရာထူးများထက်ပင် အခွင့်အလမ်း ပိုမိုရရှိလေ့ရှိသည်။ နည်းဗျူဟာမှူးကိုမူ အနည်းဆုံး စစ်ဦးစီးတက္ကသိုလ်တက်ရောက်ပြီးသည့် ဒုတိယဗိုလ်မှူးကြီးတစ်ဦးဦးကိုသာ ယာယီနည်းဗျူဟာမှူးအဖြစ် ခန့်အပ်ပြီးမှ နည်းဗျူဟာမှူး (ဗိုလ်မှူးကြီး) အဆင့်သို့ အတည်ပြုတိုးမြှင့်ခန့်ထားသည်။
ခြေမြန်တပ်မဌာနချုပ်များ၏ အမှတ်စဉ်များကို ဗိုလ်ချုပ်ကြီးနေဝင်းက အစီအရင်ယတြာများအရ ပူးဂဏန်းများ မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။[၁]
ဖွဲ့စည်းပုံ
[ပြင်ဆင်ရန်]ခြေမြန်တပ်မဌာနချုပ်တစ်ခုကို အောက်ပါအတိုင်းဖွဲ့စည်းထားသည်။
- ခြေမြန်တပ်မဌာနချုပ်ရုံး
- တပ်မမှူးရုံး
- ဒုတိယတပ်မမှူးရုံး
- နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ရုံး
- စစ်ဦးစီးမှူး(ပထမတန်း)ရုံး
- စစ်ဦးစီးမှူး(ဒုတိယတန်း)(စစ်ဆင်ရေး၊ တာဝန်နှင့် လေ့ကျင့်ရေး)
- စစ်ဦးစီးမှူး(တတိယတန်း)(စစ်ဆင်ရေး)
- စစ်ဦးစီးမှူး(တတိယတန်း)(တာဝန်နှင့် လေ့ကျင့်ရေး)
- စစ်ဦးစီးမှူး(ဒုတိယတန်း)(စစ်ဘက်ရေးရာလုံခြုံရေး)
- ဦးစီးအရာရှိ(ဒုတိယတန်း)(စစ်ရေး)
- ဦးစီးအရာရှိ(တတိယတန်း)(စစ်ရေး)
- ဦးစီးအရာရှိ(တတိယတန်း)(စစ်ရေး)
- ဦးစီးအရာရှိ(ဒုတိယတန်း)(စစ်ထောက်)
- ဦးစီးအရာရှိ(တတိယတန်း)စစ်ထောက်)
- ဦးစီးအရာရှိ(တတိယတန်း)စစ်ထောက်)
- စစ်ဦးစီးမှူး(ဒုတိယတန်း)(စစ်ဆင်ရေး၊ တာဝန်နှင့် လေ့ကျင့်ရေး)
- ညှိနှိုင်းကွပ်ကဲရေးမှူးရုံး
- ဌာနချုပ်တပ်ခွဲ
- ပစ်ကူပေးတပ်ခွဲ
- အမြှောက်တပ်စု
- လုံခြုံရေးတပ်စု
ခြေမြန်တပ်မဌာနချုပ်များ နှင့် တည်နေရာများ
[ပြင်ဆင်ရန်]ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လက်အောက်ရှိ ခြေမြန်တပ်မများမှာ အောက်ပါအတိုင်းဖြစ်သည်။[၁]
| စဉ် | အလံ | တမခ | တပ်မဌာနချုပ် တည်ရှိရာ နေရာ | စစ်ဆင်ရေးအထူးအဖွဲ့ |
|---|---|---|---|---|
| ၁။ | အမှတ်(၁၁)ခြေမြန်တပ်မ ဌာနချုပ်
တမခ(၁၁) |
ရန်ကုန်တိုင်းဒေသကြီး၊ | ||
| ၂။ | အမှတ်(၂၂)ခြေမြန်တပ်မ ဌာနချုပ်
တမခ(၂၂) |
ကရင်ပြည်နယ်၊ | ||
| ၃။ | အမှတ်(၃၃)ခြေမြန်တပ်မ ဌာနချုပ်
တမခ(၃၃) |
စစ်ကိုင်းတိုင်းဒေသကြီး၊ | ||
| ၄။ | အမှတ်(၄၄)ခြေမြန်တပ်မ ဌာနချုပ်
တမခ(၄၄) |
မွန်ပြည်နယ်၊ | ||
| ၅။ | အမှတ်(၅၅)ခြေမြန်တပ်မ ဌာနချုပ်
တမခ(၅၅) |
ရှမ်းပြည်နယ်၊ | ||
| ၆။ | အမှတ်(၆၆)ခြေမြန်တပ်မ ဌာနချုပ်
တမခ(၆၆) |
ပဲခူးတိုင်းဒေသကြီး၊ | ||
| ၇။ | အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ်
တမခ(၇၇) |
ပဲခူးတိုင်းဒေသကြီး၊ | ||
| ၈။ | အမှတ်(၈၈)ခြေမြန်တပ်မ ဌာနချုပ်
တမခ(၈၈) |
မကွေးတိုင်းဒေသကြီး၊ | ||
| ၉။ | အမှတ်(၉၉)ခြေမြန်တပ်မ ဌာနချုပ်
တမခ(၉၉) |
မန္တလေးတိုင်းဒေသကြီး၊ | ||
| ၁၀။ | အမှတ်(၁ဝ၁)ခြေမြန်တပ်မ ဌာနချုပ်
တမခ(၁၀၁) |
မကွေးတိုင်းဒေသကြီး၊ |