ချော်စာ ၊ ဂျက်ဖရီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
၁၇ ရာစုမှ ဂျက်ဖရီ ချော်စာ၏ ပုံတူ ပန်းချီကား

အင်္ဂလိပ်ကဗျာစာဆိုတို့၏ ဖခင်ကင်တာဗာရီပုံပြင်များကို မွေးထုတ်ခဲ့သူ ကဗျာဆရာကြီး ချော်စာ၏ဘဝကို ဤတွင် စိတ်ဝင်စားဖွယ် ဖော်ပြထားသည်။ ပြင်သစ်နှင့် လက်တင်ဘာသာမှသာလျှင် ယဉ်ကျေးမှုနှင့် စာပေ ဆိုင်ရာတွင် ထိရောက်စွာ သုံးစွဲနိုင်သည်ဟူသော ထိုခေတ်၏ ယူဆချက်အား တော်လှန်၍ မစ်ဒလန်နယ်သုံး အင်္ဂလိပ်စကား ကို ထီးနန်းသုံး စာပေအဖြစ် ပို့ဆောင်နိုင်ခဲ့သည်မှာ အံ့မခန်း ပါပေ။


ချော်စာ ဂျက်ဖရီ (ခရစ် ၁၃၄ဝ-၁၄ဝဝ)[ပြင်​ဆင်​ရန်​]

ဂျက်ဖရီချော်စာသည် အင်္ဂလိပ်စာပေ၌ ကဗျာအရာတွင် လက်ဦးဆရာ မည်တွင်လောက်အောင် ပထမဦးဆုံး ထင်ရှား ကျော်စောခဲ့သော စာဆိုကြီး ဖြစ်ပေသည်။ သူ၏ ကဗျာများ တွင် ပါရှိသောပုံပြင်ဝတ္ထုတို့ဖြင့်၊ ထိုခေတ်က လူတန်းစား အမျိုးမျိုးတို့၏ နေမှုထိုင်မှု သဘာဝကို ထူးကဲစွာ သရုပ်ဖော် ပေးခဲ့သည်။ သူစီရင်ရေးသားသော ကန်တာဗာရီပုံပြင် ကဗျာ များမှာ အလွန်ထင်ရှား၍ ယခုထက်တိုင် နှစ်ပေါင်း ၅ဝဝ ကျော်အတွင်းတွင် အစဉ်မပြတ် စာပေလေ့လာသူများ၏ နှစ်ခြိုက်ချီးကျူးခြင်း အမြတ်တနိုး တန်ဖိုးထားခြင်း ခံရသည်။

ချော်စာကို လန်ဒန်မြို့၌ ခရစ်နှစ် ၁၃၄ဝ လောက်တွင် မွေးဖွားသည်။ သူ၏ဖခင်မှာ ကြွယ်ဝသော အရက်ချိုကုန်သည် တစ်ဦး ဖြစ်၏။ အသက် ၁၇ နှစ်အရွယ်တွင် တတိယအက်ဒွပ် ဘုရင်၏ သားဖြစ်သူ ဒျူဘွဲ့ရကလာရင့်မြို့စား၏ ကြင်ယာတော် ထံပါးတွင် မင်းလုလင်အဖြစ်ဖြင့် အမှုတော်ကို ထမ်းရွက် ရသည်။ အသက် ၁၉ နှစ်အရွယ်ခန့်တွင် အင်္ဂလိပ်ပြင်သစ် နှစ်တစ်ရာစစ်ကြီး၏ တစ်စိတ်တစ်ဒေသဖြစ်သော ပြင်သစ် နိုင်ငံ စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့ရာ ရန်သူလက်တွင်းသို့ ကျရောက်ခဲ့သဖြင့်၊ အင်္ဂလိပ်ဘုရင် တတိယအက်ဒွပ်၏ အကူ အညီအထောက်အပံ့ဖြင့် သုံ့ပန်းလျော်ကြေးပေးကာ ရွေးနုတ် ခဲ့ရသည်။

အင်္ဂလန်သို့ ပြန် ရောက်သောအခါ၊ တတိယ အက်ဒွပ်ဘုရင်၏ သားတော်တစ်ဦးဖြစ်သော ဒျူဘွဲ့ရ လန်ကက်စတာ မြို့စားထံတွင် 'စကွိုင်ယာ'ခေါ် သူကောင်းအငယ်တန်းစား အဖြစ်ဖြင့် ခစားရပြန်သည်။ နန်းတွင်း၌ ယင်းသို့ အမှုထမ်း နေစဉ်၊ မင်းကိစ္စရေးရာများကို ဆောင်ရွက်ရန် ဥရောပနိုင်ငံ အသီးသီးသို့ သွားရောက်ခဲ့ရသည်။ ၁၃၇၃ ခုနှစ်၌ အင်္ဂလိပ် ဘုရင်၏ သံတမန်အဖြစ်ဖြင့် အီတလီပြည်၌ စာပေခေတ်ဆန်း ချိန် အခါကြုံ၍ ယဉ်ကျေးမှုဆိုင်ရာ ပညာရပ်များ ထွန်းကား နေသည့်ဒေသ ဖြစ်သည်။ ထို့ကြောင့် ချော်စာသည် အီတလီ စာဆိုကျော်များဖြစ်သော ပီးထရတ်နှင့် ဗိုကာချိုတို့၏ စာပေ အရိပ်အာဝါသနှင့်မကင်းဟု ယူဆဘွယ်ရှိသည်။ ဤသို့ ဥရောပ တိုက်၌ ခရီးလှည့်လည်ယင်း၊ လက်တင်၊ ပြင်သစ်နှင့်အီတာလျံ စာပေတို့၌ ကျွမ်းကျင်ခဲ့၍၊ သူ၏အရေးအသားများ၌ ထိုစာပေ တို့က အထောက်အပံ့ပြုခဲ့ပေလိမ့်မည်။

၁၃၇၄ ခုနှစ်တွင် ချော်စာသည် လန်ဒန်မြို့တော်ဆိပ်ကမ်း ၌ အကောက်တော်အရာရှိအဖြစ် အမှုထမ်းရပြန်သည်။ တတိယ အက်ဒွပ် နတ်ရွာစံပြီးနောက် ဒုတိယရစ်ချတ်ဘုရင်လက်ထက် တွင်လည်း မင်း၏ ချီးမြှင့်ခြင်း ခံရသည်။ ၁၃၈၅ ခုနှစ်၌ကား ကင့်မြို့နယ်မှနေ၍ ပါလီမန်အမတ်အဖြစ်နှင့် ရွေးကောက် တင်မြှောက်ခြင်းကို ခံရသည်။ သို့ရာတွင် အသက်ကြီးပြင်း လာသောအခါ ရှိရင်းစွဲရာထူးကို လက်လွှတ်ဖြစ်ရ၍၊ ပင်ပန်း ဆင်းရဲရရှာသည်။ ဤအကြောင်းနှင့် စပ်လျဉ်း၍ ကဗျာတစ်ပုဒ် ကိုပင် စပ်ဆိုခဲ့သေးသည်။ ထိုကဗျာကို အကြောင်းပြု၍၊ ချော်စာသည် ဒုတိယရစ်ချတ်ဘုရင်ကို နန်းချပြီး နန်းတက်သော စတုတ္ထဟင်နရီဘုရင့်ထံမှ ရိက္ခာတော်ရခဲ့သည်။ သို့သော် ရိက္ခာ ရပြီးနောက် အနှစ် ၁၄ဝဝ ပြည့်နှစ် အောက်တိုဘာလ ၂၅ ရက်တွင် ကွယ်လွန်ခဲ့ရာ၊ ဝက်စမင်စတာ ဘုရားရှိခိုးကျောင်း တွင် သူ့အား မြှုပ်နှံသင်္ဂြိုလ်ခဲ့သည်။ သူ့အား မြှုပ်နှံရာ ဘုရား ရှိခိုးကျောင်းထောင့်တွင်၊ သူ့နောက် နှစ်ပေါင်းနှစ်ရာခန့်တွင် ထင်ရှားကျော်စောသော ကဗျာစာဆိုကြီး စပင်ဆာကို မြှုပ်နှံ ပြန်ရာ၊ ထိုအခါမှစ၍ ဝက်စမင်စတာဘုရားရှိခိုးကျောင်း ဤ နေရာကွက်ကလေးကို 'စာဆိုသိုက်မြုံ (ဝါ) 'ကဗျာစာဆိုတို့၏ ထောင့်ကွက်'ဟု တွင်လာတော့သည်။ နောက်နောင် ထင်ရှား သော ကဗျာစာဆိုများကိုလည်း ဤအကွက်တွင် မြှုပ်နှံကြ၏။

ချော်စာ၏ခေတ်က အင်္ဂလိပ်ဘာသာစကားမှာ ဒေသန္တရအားဖြင့် ကွဲပြားခြားနားသည်။ ဥပမာ၊ မြန်မာစကားပင် ဖြစ် သော်လည်း ရခိုင်စကားနှင့် ထားဝယ်စကား မတူသကဲ့သို့ ဖြစ်သည်။ သို့ရာတွင် ထိုဒေသအလိုက် ကွဲပြားခြားနားနေသော ဒေသန္တရစကားများအနက်ချော်စာသည် မစ်ဒလန်အင်္ဂလန်ပြည် အလယ်ပိုင်းနယ်သုံးအင်္ဂလိပ်စကားဖြင့် သူ၏ကဗျာများကို ရေးသားစီကုံးခဲ့ရာ၊ သူသုံးသောဘာသာစကားကို အများက ဦးစားပေး၍ စာပေအရာ၌ လက်ခံသုံးနှုန်းကြသောကြောင့် ထိုမစ်ဒလန်နယ်သုံး အင်္ဂလိပ် စကားမှာ စာပေရေးသား ဖွဲ့နွဲ့ရာတွင် သုံးသောစကား၊ ထီးသုံး နန်းသုံးစကား အဆင့်အတန်းသို့ ရောက်ရှိလာပြီးလျှင် တစ်တိုင်းပြည်လုံးက သုံးစွဲလာသည့်အခြေသို့ ရောက်သွားသည်။ ချော်စာသည် အင်္ဂလိပ်ဘာသာစကားကို ယဉ်ကျေးမှုတစ်ရပ် ဖြစ်သော စာပေကိစ္စတွင် နိုင်နိုင်နင်းနင်း သုံးစွဲပြခြင်းဖြင့်၊ ယခင်က ပြင်သစ်ဘာသာနှင့် လက်တင်ဘာသာ များမှသာ ယဉ်ကျေးမှုဆိုင်ရာ စာပေဆိုင်ရာတွင် ထိရောက်စွာ နက်နဲစွာ သုံးနိုင်သည်။ အင်္ဂလိပ်ဘာသာစကားမှာ ဤသို့ ယဉ်ကျေးသိမ်မွေ့သောကိစ္စများတွင် သုံးနိုင်လောက်သည့် အဆင့်အတန်းမရှိသေးဟူသော အထက်တန်းစားများ၊ ပညာတတ်များ၏ အယူစွဲကို ပပျောက်စေသည်။

ချော်စာ၏ လက်ထက်မှစ၍ သူ၏ကျေးဇူးကြောင့်၊ စာပေ ကျမ်းဂန်တွင် ထင်ရှားကျော်ကြားလိုသူ အင်္ဂလိပ်များသည် လက်တင်နှင့် ပြင်သစ်စာတို့ဖြင့် စာပေရေးရန် မလိုတော့ပေ။ ချော်စာသည် ဟာသဉာဏ် ရွှင်မြူးသူဖြစ်သည်။ သို့သော် သူ၏ဟာသမှာ သိမ်မွေ့သည်။ သူသည် ကန်တာဗာရီ ကဗျာ ပုံပြင်များ ၁၂၈ ခုမျှ ရေးသားရန် ကြံ ရွယ်ခဲ့သော်လည်း ၂၄ ခုမျှသာ ရေးသားနိုင်ခဲ့၏။ ထိုရေးသားခဲ့သမျှသော ကဗျာပုံပြင် များမှာလည်း ဖတ်ရှုရသူ အပေါင်းအား စိတ်ကြည်လင် ရွှင်လန်းအောင် ဆွဲဆောင်နိုင်သောပုံပြင်များ ဖြစ်ပေသည်။ ချော်စာ၏ ရှေးဦးလက်ရာများထဲတွင် ပြင်သစ်မှ တိုက် ရိုက်ဘာသာပြန်ဆိုထားသော စာပေများလည်း ပါရှိလေသည်။ ထို့နောက်တွင်ကား ချော်စာသည် အီတာလျံစာပေများကို အတု ယူကာ ရေးသားခဲ့ပြန်လေသည်။ သူ၏ ထင်ရှားလှသော ကန်တာဗာရီကဗျာပုံပြင်များကို အီတာလျံစာရေးဆရာကြီး ဗိုကာချို၏ အရေးအသားနည်းစံနစ်သို့ လိုက်၍ ရေးသား ထားခဲ့လေသည်။ ထိုကန်တာဗာရီပုံပြင်များမှာ ဘုရားဖူး များသည် ခရီးသွားယင်း ပုံများပြောပြကြပုံကို လင်္ကာသွားဖြင့် ရေးသားထားခြင်း ဖြစ်လေသည်။

ချော်စာရေး ကန်တာဗာရီ ပုံပြင်များ[ပြင်​ဆင်​ရန်​]

ချော်စာတို့၏ ခေတ်အခါက ကန်တာဗာရီအရပ်တွင် စိန်သောမတ်ဗက်ကက်၏ ဂူသင်းချိုင်းရှိသော ဘုရားရှိခိုး ကျောင်းကြီး ရှိလေသည်။ ထိုဘုရားရှိခိုးကျောင်းကြီးသို့ အင်္ဂလန်နိုင်ငံ အရပ်ရပ်မှ လူအများသည် သောမတ်ဗကက်၏ ဂူသင်းချိုင်းကို ဖူးမြော်ကန်တော့ရန် ခရီးထွက်လေ့ရှိကြ၏။ ယင်းသို့ ဘုရားဖူးခရီးထွက်ခြင်းသည် သာသနာရေးကို ကြည်ညို လေးစားရာ ရောက်သည့်အပြင် နေ့စဉ်လုပ်ငန်းမှ အပြောင်းအလဲလည်း ဖြစ်စေသဖြင့် ဘုရားဖူးထွက်ခြင်းမှာ ထိုခေတ်များက အတန်ပင် ခေတ်စားခဲ့၏။ ယင်းသို့ ခရီးထွက်ကြရာ၌ ခရီးလမ်းကြုံရာ လူစုလူဝေးနှင့် သွားရောက်လေ့ရှိ ကြသည်။ အများအားဖြင့် သာသနာရေးကို ကြည်ညို လေးစား သဖြင့် ခရီးထွက်ခြင်း ဖြစ်သော်လည်း လူစုလူဝေးနှင့် တပျော် တပါး သွားရသဖြင့် ဘုရားဖူးလိုက်ကြသူများလည်း ရှိပေသည်။ ချော်စာရေးသည့် ကန်တာဗာရီကဗျာပုံပြင်များမှာ ကန်တာ ဗာရီသွား ဘုရားဖူးအဖွဲ့များက လမ်းခရီးတွင် အပျင်းပြေစေရန် သဘောနှင့် အလှည့်ကျပြောပြခဲ့ဟန် ရေးသားထားလေသည်။ ထိုဘုရားဖူးအဖွဲ့တွင် လူပေါင်း ၃ဝ ခန့်ရှိ၍ ဘုန်းကြီး၊ နိုက် သူရဲကောင်း၊ လယ်သမား၊ ကုန်သည်၊ ဆေးဆရာ၊ ရှေ့နေ စသည်ဖြင့် အတန်းစားအမျိုးမျိုး ပါဝင်သည်။ ထိုကဗျာပုံပြင် များထဲမှ ပုံပြင်တစ်ပုဒ်မှာ-

သီဗန်မင်းသား ၂ ပါး[ပြင်​ဆင်​ရန်​]

ထိုပုံမှာ ဘုရားဖူးအဖွဲ့ဝင် ကရူးဆိတ်တိုက်ပွဲပြန် နိုက် သူရဲကောင်းက ပြောပြသောပုံ ဖြစ်သည်။ ပဲလမွန်နှင့် အာဆိုက်တို့မှာ သီးဗီးနိုင်ငံမှ ညီအစ်ကို ဝမ်းကွဲ တော်စပ်သူ မင်းသားနှစ်ပါး ဖြစ်ကြသည်။ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး လွန်စွာချစ်ခင်ကြင်နာကြ၍၊ မည်သည့်အခါမျှ တစ်ဦးကိုတစ်ဦး သစ္စာမဖောက်ကြစတမ်းဟု သစ္စာဆိုထားခဲ့ကြ၏။ သစ္စာဆိုချက်အတိုင်းလည်း တစ်ဦးကိုတစ်ဦး အလွန်ပင် ချစ်ခင်ကြင်နာကြလေသည်။ သို့သော် သူတို့၏သစ္စာတာရှည်စွာ မတည်မြဲနိုင်ရန် အကြောင်းတစ်ရပ် ပေါ်ပေါက်ခဲ့လေသည်။


တစ်နေ့သောအခါ အက်သင်ပြည်နှင့် သီးဗီးနိုင်ငံတို့ စစ်ဖြစ်ကြရာတွင် အက်သင်မြို့စား၊ သီဆယုက အရေးသာ သဖြင့် ပဲလမွန်နှင့် အာဆိုက်နှစ်ဦးစလုံး အဖမ်းခံကြရ၏။ သီးဆယုသည် မင်းသားနှစ်ပါးအတွက် သုံးပန့်လျော်ကြေးပေး၍ ရွေးနုတ်သည်ကို လက်မခံဘဲ သူတို့ကို ခိုင်ခံ့လုံခြုံလှသော သူ၏ရဲတိုက်ကြီးရှိ မျှော်စင်ထဲတွင် တစ်သက်ပန် အကျဉ်းချ ထားခဲ့၏။ ကံတူအကျိုးပေး မင်းသားနှစ်ပါးမှာ တစ်သက်ပန် အကျဉ်းသမား ဖြစ်ကြရသော်လည်း နှစ်ဦးစလုံးကို တစ်နေရာ တည်းတွင် အတူတူထားသဖြင့် တစ်ဦးကိုတစ်ဦး အားပေးနိုင် သည့်အတွက် စိတ်သက်သာနှစ်သိမ့်နိုင်ရာရကြ၏။

တစ်နေ့သောနံနက်ခင်းတွင် ပဲလမွန်သည် မျှော်စင်တံခါး ပေါက်မှ အပြင်ဖက်သို့ ငေးကြည့်နေစဉ် သီးဆယုမြို့စား၏ ချောမောတင့်တယ် ရှုချင်စဖွယ်ရှိလှသော သမီးတော် အယ်မီလီ သည် ပန်းဥယျာဉ်အတွင်း၌ လမ်းလျှောက်နေသည်ကို ရှုမငြီး ဖွယ်ရာ တွေ့မြင်ရသောကြောင့် ထိုနေရာမှ မခွာနိုင်အောင် ဖြစ်ရ လေသည်။ ပဲလမွန်မှာ အယ်မီလီမင်းသမီးအား တွေ့လျှင် တွေ့ခြင်း မေတ္တာသက်ဝင် ချစ်ခင်မိလေသဖြင့် မိမိ၏ တစ်သက်ပန် အကျဉ်းသားဘဝတွင် အယ်မီလီကို မရနိုင် ကြောင်း တွေးမိကာ များစွာပင် စိတ်မချမ်းသာ ဖြစ်ရရှာသည်။ ထို့ကြောင့် မိမိ၏ဒုက္ခကို အာဆိုက်အား ပြောပြသောအခါ၊ အာဆိုက်မှာလည်း အယ်မီလီမင်းသမီးကို မြင်တွေ့လိုက်ရသဖြင့် မိမိကဲ့သို့ပင် ချစ်ဒုက္ခကို မချိမဆံ့ ခံစားနေရကြောင်း တွေ့ရ လေသည်။ ထိုအခါ သစ္စာဆိုထားကြသော မင်းသားနှစ်ပါးမှာ တစ်ဦးကိုတစ်ဦး အလျှော့မပေးနိုင်ဘဲ အကြံတူသဖြင့် ရန်သူဖြစ် သွားကြလေသည်။

ထိုအတောအတွင်း အာဆိုက်သည် သူ၏အကြည်တော် တစ်ဦး ဆောင်ရွက်ပေးချက်ကြောင့် လွတ်မြောက်ခွင့်ရခဲ့၏။ သို့သော် သီးဆယုက သူ၏နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက် သည်ကို တွေ့ရပါက သေဒဏ်ပေးမည်ဟု ကျပ်တည်းစွာ အမိန့် ချမှတ်လိုက်လေသည်။ အာဆိုက်သည် ထိုအမိန့်ကို သိရသော အခါ အကျဉ်းသမားဘဝက လွတ်မြောက်သည်ကိုပင် ဝမ်းမသာ နိုင်ဘဲ ပိုမို၍ စိတ်ဆင်းရဲရရှာ၏။ အကြောင်းမူ သူသည် အယ်မီလီအား တစ်နေ့မမြင်လျှင် မနေနိုင်လောက်ပင် ချစ်ခင် စွဲလန်းနေပြီ ဖြစ်သောကြောင့်တည်း။ သို့သော် သီးဆယု၏ အမိန့်ကို မလွန်ဆန်ဝံ့သဖြင့် အက်သင်ပြည်တွင်းမှ ထွက်သွားရ လေသည်။

မကြာမီ အာဆိုက်သည် အက်သင်မြို့ကို ပြန်ရောက် လာခဲ့၏။ အယ်မီလီကို မမြင်ရမနေနိုင်သော အာဆိုက်သည် သေဘေးကိုပင် ပမာဏမထားဘဲ အယ်မီလီနှင့် နီးနီးကပ်ကပ် နေနိုင်ရန်အတွက် ရုပ်ဖျက်ပြီးသော် အယ်မီလီ၏ လက်ပါးစေ အဖြစ် အမှုထမ်းလေသည်။ ပဲလမွန်သည် အာဆိုက်၏အကြောင်းစုံကို မကြာမီ ကြားရလေလျှင် အာဆိုက်လက်သို့ မိမိချစ်သူ ပါသွားမည်ကို စိုးရိမ်သဖြင့် အကျဉ်းထောင်ကို ဖောက်ဖျက် ထွက်ပြေးပြီးသော် တောတစ်ခုတွင် ပုန်းအောင်း အကြံယူနေခဲ့လေသည်။

ထိုတောထဲတွင် အာဆိုက်နှင့် ပဲလမွန်တို့နှစ်ဦး ဆုံမိကြ လေ၏။ သူတို့၏ပြဿနာမှာ တစ်ယောက်ယောက် လူ့ပြည် တွင် မရှိမှသာ ပြေလည်ပြီးပြတ်နိုင်မည်ဖြစ်၍၊ သူတို့နှစ်ဦး ဓားရေးယှဉ်ပြိုင်ရန် ဆုံးဖြတ် လိုက်လေသည်။ ပဲလမွန်တွင် လက်နက်မရှိဖြစ်နေသဖြင့် အာဆိုက်ကပင် ရှာဖွေပေးပြီးနောက် ရက်ချိန်းကန့်သတ်လိုက်ကြသည်။ ချိန်းဆိုသည့်နေ့တွင် ဓားရေး ယှဉ်ပြိုင်ကြလေရာ သစ္စာဆိုထားသော သွေးသောက်နှစ်ဦးလည်း တစ်ဦးကိုတစ်ဦး အသေသတ်နိုင်ရန် သဲသဲမဲမဲကြီး ကြိုးစားကြ လေတော့သည်။

ကံတရားကား ဆန်းကြယ်လှပေစွ။ မင်းသားနှစ်ပါးတို့ အသဲအမဲ ဖြစ်နေစဉ် သီးဆယုသည် မိမိ၏ကြင်ယာတော်၊ သမီးတော်အယ်မီလီနှင့် နောက်လိုက်ဗိုလ်ပါ အခြွေအရံများနှင့် အတူ တောကစားထွက်လာသဖြင့် မင်းသား ၂ ပါးတို့ ယှဉ် ပြိုင် တိုက်ခိုက်နေသောနေရာသို့ ရောက်လာလေသည်။ ထိုအခါ မြို့စားကြီးက အကျိုးအကြောင်းမေးမြန်းသော် မိမိ၏အကျဉ်း သမား ပဲလမွန်နှင့် (လက်ပါးစေအရေခြုံ)အာဆိုက်တို့ မိမိ၏ သမီးတော်အတွက် ဓားရေးပြိုင်နေကြကြောင်း သိရသဖြင့် အမျက်ပြင်းစွာ ထွက်ပြီးလျှင်၊ သူတို့နှစ်ဦးစလုံးကို သေဒဏ် ပေးလိုက်သည်။ သို့သော် ကြင်ယာတော်နှင့် သမီးတော်တို့ကပါ ငိုယိုတောင်းပန်ဖျောင်းဖျကြသဖြင့် မြို့စားကြီးက သေဒဏ်ကို ပယ်ဖျက်လျက် လက်ရုံးရည်ပြိုင်ပွဲကြီးတစ်ခုကို သူကိုယ်တိုင် ကြီးမှူးကျင်းပရန် ချိန်းဆိုလိုက်၏။ ထိုပြိုင်ပွဲကြီးတွင် ပဲလမွန် နှင့် အာဆိုက်တို့သည် သူရဲကောင်းတရာစီ ဦးဆောင်လျက် ယှဉ်ပြိုင်တိုက်ခိုက်ရမည်ဖြစ်၍ တံခွန်စိုက်သူအား သမီးတော်နှင့် ထိမ်းမြားပေးမည်ဟုပင် အမိန့်ချမှတ် လိုက်လေသည်။

ပဲလမွန်နှင့် အာဆိုက်တို့လည်း မြို့စားကြီး၏အမိန့်ကို လိုက်နာရန် သဘောတူညီကြသည်။ မြို့စားကြီး ချိန်းဆိုသော နေ့တွင် ပြိုင်ပွဲကြီး ကျင်းပလေရာ အရပ်ရပ် အနယ်နယ်မှ သူရဲကောင်းများသည် အာဆိုက်နှင့် ပဲလမွန်တို့ လက်အောက် တွင် ၂ စုခွဲကာ ယှဉ်ပြိုင်ကြလေ၏။ အယ်မီလီမှာလည်း ထို ပြိုင်ပွဲကြီးသို့ လာရောက် ကြည့်ရှုသဖြင့် မိမိနှင့် ဖူးစာဖက်ရ မည့်သူ မည်သူဖြစ်လာလိမ့်မည်ဟု အသည်းတထိတ်ထိတ်နှင့် စောင့်ကြည့် နေရှာလေသည်။ ပဲလမွန်နှင့် အာဆိုက်တို့သည် အကျိတ်အနယ်ယှဉ်ပြိုင်ကြရာ နောက်ဆုံးတွင် အာဆိုက်က တံခွန်စိုက် အနိုင်ရသဖြင့် အယ်မီလီနှင့် ထိမ်းမြားနိုင်ခွင့် ရသွားကြောင်း မြို့စားကြီးက ကျေညာသည်။

အာဆိုက်မှာ မိမိလိုလားလှသော ဆုလပ်ကြီးရပြီဖြစ်၍ အားရပျော်ရွှင်စွာ အယ်မီလီထံသို့ မြင်းစီးလာခဲ့၏။ သို့သော် ကံတရား၏ စီမံပုံကား ဆန်းကြယ်လှတော့၏။ အာဆိုက်စီး လာသော မြင်းသည် ရုတ်တရက် လန့်၍ခုန်ရာမှ ခြေချော်ပြီး လဲကျသွားသဖြင့် အာဆိုက်မှာလည်း မြင်းပေါ်မှ အရှိန်ပြင်းစွာ လိမ့်ကျကာ ဒဏ်ရာပြင်းထန်စွာ ရသွားလေသည်။ သူ၏ဒဏ်ရာ မှာ မျှော်လင့်ချက်မရှိကြောင်း သိသာသောအာဆိုက်သည် ပဲလမွန်နှင့် အယ်မီလီတို့ကို ခေါ်စေပြီးသော် ပဲလမွန်သည် ရှာမှရှားသော ယောကျာ်းကောင်းတစ်ဦး ဖြစ်သည့်ပြင် အယ်မီလီအား အသက်နှင့်ထပ်တူ ချစ်သူငယ်ချင်းလည်း ဖြစ်ခဲ့သူ၊ သူတို့နှစ်ဦးမှာလည်း မိမိတို့၏ အပြစ်များအတွက် ယူကျုံးမရ ဖြစ်ရရှာလေသည်။ အာဆိုက်မှာ မကြာမီပင် ကွယ် လွန်သွားလေရာ ပဲလမွန်နှင့် အယ်မီလီတို့သာမက အက်သင် တစ်မြို့လုံးပင် သူ့အတွက် များစွာကြေကွဲဝမ်းနည်းခြင်း ဖြစ်ကြ လေသည်။

ပဲလမွန်သည်လည်း အာဆိုက်မှာကြားချက်အတိုင်း အယ်မီလီကို လပ်ထပ်ယူလေရာ မြို့စားကြီးကလည်း အနူး အညွတ် ခွင့်ပြုလေသည်။ အာဆိုက်မှာ ပြိုင်ပွဲကြီးတွင် တံခွန် စိုက်ခဲ့သော်လည်း အယ်မီလီအား လက်ထပ်သိမ်းပိုက်ရသူမှာ ပဲလမွန်ဖြစ်လေအောင် ကံတရား၏ စီမံပုံကား မကြုံစဖူး ထူးခြားဆန်းကြယ်လှပေသတည်း။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)