ချုံမတွင်းချောက်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ပုဂံခေတ်က ထင်ရှားခဲ့သော ပုပ္ပါးတောင်ကြီးသည် တစ်ချိန်က မီးတောင်ကြီး ဖြစ်ခဲ့ဖူးသည်မှာ လူတိုင်း သိရှိပြီး ဖြစ်ပါသည်။ နတ်တောင်၊ မီးငြိမ်းတောင် ဟု လည်း လူသိများသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြင်းခြံခရိုင် အရှေ့တောင်စွန်းတွင် ထီးထီးကြီး တည်ရှိသည်။ ပဲခူးရိုးမ တောင်တန်း၏ မြောက်ဘက်အစွန်းမှ သီးခြားထိုးထွက်လျက် ရှိသည်။ ပုပ္ပါးတောင်ကြီးသည် ပင်လယ်ရေပြင်အထက် ၄၉၈၁ ပေ မြင့်သည်။ တစ်တောင်တည်း မီးတောင်၏ ထိပ်ခွက်ခွက် ပုံစံဖြင့် ထိုးထွက်နေသည်။ ပုပ္ပါးတောင်၏ မီးတောင် ကတော့ဝသည် မြောက်ပိုင်းတွင် အနောက်ဘက်သို့ အနည်းငယ်ယွန်းလျက် နိမ့်သည်။ တောင်ဘက်၊ အနောက်ဘက်နှင့် အရှေ့ဘက်တို့တွင် မြင့်သည်။

မီးငြိမ်းတောင်ထိပ်မှ မြစ်များ အရပ်လေးမျက်နှာသို့ ဖြာဆင်းသွားသည်။ မြစ်များအကြား တောင်စွယ်များ ဖြစ်ပေါ်နေသည်။ စပါးပုံတောင်ထိပ်၊ ရေတွင်းတောင်ထိပ်၊ မောင်းတောင် ငုတ်တို တောင်ထိပ်၊ လပို့ တောင်ထိပ်၊ မှန်တောင်၊ ဆေးပွင့်တောင်၊ စိန်တောင်၊ မာလာတောင်၊ ကင်ပွန်းတောင် စသည်ဖြင့် တောင်ထိပ်ပေါင်းများစွာ ဖြစ်ပေါ်နေကြသည်။ မီးတောင်ထိပ်ဝကြီးအလယ်တွင် တစ်မိုင်ခွဲခန့် ကျယ်သည်။ ပေ ၂၀၀၀ ကျော် ၃၀၀၀ ခန့် နက်ရှိုင်းပြီး ဧရာမချောက်ကြီး ဖြစ်နေသည်။

ချုံမတွင်းချောက် ဟု ခေါ်သည်။ မီးရှင်တောင်ကြီး အဝ ပေါက်ကွဲသွားချိန်တွင် ယင်း ချောက်ကြီးထဲမှ မီးခိုးမီးလျှံ၊ ပြာပူ၊ ချော်မြှပ်တို့ ပုပ္ပါးတောင်ကြီး၏ ခပ်လှမ်းလှမ်းအထိပင် အရှိန်ပြင်းပြင်း စီးထွက် ကျရောက်ခဲ့သည်။ ချုံမတွင်းချောက် ခေါ် မီးတောင်ခံတွင်းဝကြီးအတွင်းသို့ ငုံ့ကြည့်လျှင် အသည်းယားဖွယ်ကောင်း လိမ့်မည်။ ချောက်ကြီးထဲတွင် ရေထွက် ရှိသည်။ တောဝက်များပင် ခိုအောင်းနေထိုင်လျက်ရှိသည်ဟု ဆိုသည်။