ချား လင်းဗတ်

ဝီကီပီးဒီးယား မှ
ချားလ် လင်းဗတ်

အမေရိကန်လူမျိုး ကမ္ဘာ့လေကြောင်းသူရဲကောင်း ချား ဩဂတ်စတပ် လင်းဗတ်ကို ခရစ် ၁၉ဝ၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု မီချီဂန်ပြည်နယ်၊ ဒက်ထရွိုက်မြို့တွင် ဖွားမြင်သည်။ သူ၏ဖခင်ကား မင်နီဆိုးတာပြည်နယ်မှ ကွန်ဂရက်အမတ်တစ်ဦးဖြစ်၏။ ငယ်ရွယ်စဉ်က လစ်တယ်ဖောမြို့ရှိ အထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ပြီးနောက် ဝစ္စကွန်းဆင်း တက္ကသိုလ်တွင် အင်ဂျင်နီယာအတတ်ကို ဆက်လက်သင်ကြားခဲ့သည်။ ယင်းတက္ကသိုလ်မှ တတ်မြောက်အောင်မြင်ခဲ့ပြီးနောက် လင်ကွန်းလေကြောင်း အတတ်သင် ကျောင်းသို့ ဆက်လက်တက်ခဲ့ပြန်သည်။ လေကြောင်းဆိုင်ရာနှင့် စက်ကိရိယာ ဆိုင်ရာတွင် ကျွမ်းကျင်လှသောကြောင့် ခရစ် ၁၉၂၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုလေတပ်သို့ ဝင်ခွင့်ရခဲ့သည်။ သူ၏ အရည်အချင်းများကြောင့် ၁၉၂၅ ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိ အဆင့်အတန်းသို့ တိုးမြှင့်ခန့်ထား ခြင်းခံရ၏။

၁၉၂၇ ခုနှစ်၊ မေလ ၂ဝ ရက်နေ့ နံနက် ၇ နာရီ ၅ မိနစ် အချိန်တွင် လောင်းအိုင်လင်းရူးဇဗဲ့ လေယာဉ်ပျံကွင်းမှ တက်ခဲ့၍ နောက် တစ်ရက် (မေလ ၂၁ ရက်နေ့)တွင် ပြင်သစ်နိုင်ငံ၊ ပါရစ်မြို့ လဗူဇေးလေ ယာဉ်ပျံကွင်း၌ ည ၁ဝ နာရီ ၂၁ မိနစ်အချိန် သက်ဆင်းခဲ့သည်။ အတ္တလန္တိတ် သမုဒ္ဒရာကို တစ်ယောက်တည်း ရှေးဦးစွာ ပျံသန်းဝံ့သူ ဖြစ်၍ လင်းဗတ်သည် လေယာဉ်ပျံ ကွင်းသို့ ဆင်းသည်နှင့် တစ်ပြိုင်နက် ပြင်သစ် ပြည်သူပြည်သားများက ဆီးကြိုဂုဏ်ပြုကြလေသည်။ မိုင်ပေါင်း ၃၆ဝဝ ကျယ်သောပင်လယ်ကို ၃၃ နာရီ ၂၉ မိနစ်နှင့်အရောက် ဖြတ်သန်း၍ မောင်းနိုင်သော လေသူရဲကောင်းကြီးဖြစ်လေသည်။ ဥရောပတိုက်မှ ထိပ်သီး ပုဂ္ဂိုလ်ကြီးမားကပင် မြှောက်စားချီးကျူးခြင်း ခံရလေသည်။ ပါရစ်မြို့မှ အမေရိကန်ပြည်ထောင်စုသို့ ပြန်ရောက်သောအခါ၌လည်း အမေရိကန်သမ္မတ ကယ်လဗင်ကူးလစ်က နိုင်ငံတော်အစိုးရ၏ ချီး ကျူးပွဲတစ်ရပ် ကျင်းပပြီးလျှင် သူရဲကောင်းဆုတံဆိပ်ပင် ပေးအပ်ခဲ့လေ သည်။ အမေရိကန်ပြည်ထောင်စု လေတပ်မတော်၌ပင် ဗိုလ်မှူးကြီးအဆင့် အတန်းအထိ တိုးမြှင့်ခန့်ထားခြင်းခံရသည်။

လင်းဗတ်၏ အတ္တလန္တိတ် သမုဒ္ဒရာကိုဖြတ်၍ ပျံသန်းသော လေ ကြောင်းခရီး အဖြစ်အပျက်ကို နယူးယောက်တိုင်း သတင်းစာက ဒေါ်လာပေါင်း နှစ်သိန်းငါးသောင်းနှင့်ဝယ်သည်။ သူ၏ ကျွန်ုပ်တို့ ဟူသော စာအုပ်သည် တစ်ခါက အရောင်းရဆုံးစာအုပ်ဖြစ်ခဲ့၏။ ၁၉၂၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု ဆိုင်ရာ မက္ကဆီကို သံအမတ်ဟောင်း၏ သမီးအန်းမောရိုးနှင့် ထိမ်းမြားလက်ထပ်၏။ အန်းမောရိုး မှာလည်း အသံဖမ်းစက်(ရေဒီယို)အတတ်ကို ကျွမ်းကျင်သူဖြစ်၍ လေကြောင်း၌လည်း တွဲဖက်ပါဝင်နိုင်သူ ဖြစ်ရုံမက စာရေးဆရာလည်းဖြစ်၏။ လင်းဗတ်ဇနီးမောင်နှံတို့သည် နယူးယောက်မှ တရုတ်နိုင်ငံသို့ မြောက်ဘက် လမ်းမှ ပျံသန်းခဲ့ကြသည်။

၁၉၃၂ ခုနှစ်တွင် သူတို့၏ကလေးကို လူဆိုးများကပြန်ပေးဖမ်း၍ သတ်ဖြတ်လိုက်ကြ၏။ ထိုအခါမှစ၍ လင်းဗတ်ဇနီးမောင်နှံတို့လည်း စိတ်နှလုံးမချမ်းမသာဖြစ်ကာ ၁၉၃၅ ခုနှစ်တွင် အင်္ဂလန်နိုင်ငံသို့ ပြောင်းရွှေ့နေ ထိုင်ခဲ့ကြလေသည်။ ၁၉၃၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ပြန်လာကာ အလုပ်ဟောင်းတွင် ဝင်ရောက်လုပ်ကိုင်သည်။ ၁၉၄၁ ခုနှစ်တွင် အလုပ်မှနုတ်ထွက်ပြီးနောက် ဖို့ဒ်မော်တော်ကား ကုမ္ပဏီတွင် ဝင်ရောက်လုပ် ကိုင်လေသည်။ ၁၉၇၄ခုနှစ် ဩဂုတ်လ ၆ ရက်တွင် ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)