ချစ်စံဝင်း
| ချစ်စံဝင်း | |
|---|---|
ချစ်စံဝင်း (၂၀၂၂ ခုနှစ်) | |
| အမည်ရင်း | ဦးချစ်စံ |
| မွေးဖွား | ၂၂ ဇန်နဝါရီ၊ ၁၉၄၀ ရစ်ကန်ကြီးကျေးရွာ၊ ကဝမြို့နယ်၊ ပဲခူးတိုင်း |
| ကွယ်လွန် | ဩဂုတ် ၂၆၊ ၂၀၂၅ (အသက် ၈၅) ရန်ကုန်မြို့ |
ချစ်စံဝင်း (၂၂ ဇန်နဝါရီ ၁၉၄၀ - ၂၆ ဩဂုတ် ၂၀၂၅) သည် မြန်မာစာရေးဆရာတစ်ဦးဖြစ်ပြီး မူလအမည်မှာ ဦးချစ်စံဖြစ်သည်။ ဆောင်းပါးများ၊ စာအုပ်များ၊ စာတမ်းများနှင့် ရုပ်ရှင်ဇာတ်ညွှန်းများစွာကို ရေးသားခဲ့သည်။
ငယ်ဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ချစ်စံဝင်းကို ၁၉၄၀ ပြည့်နှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ပဲခူးတိုင်း၊ ကဝမြို့နယ်၊ ရစ်ကန်ကြီးကျေးရွာ၌ အဖဦးကျော်စိန်နှင့် အမိဒေါ်လှသန်းတို့မှ မွေးဖွားခဲ့သည်။ ရစ်ကန်ကြီးရွာ မူလတန်းကျောင်းတွင် ပညာသင်ယူခဲ့ပြီး ရစ်ကံကြီးရွာ သာသနာ့ဇောတိကပုပ္ဖာစာသင်ကျောင်းမှ ၁၉၅၇ ခုနှစ်တွင် ဆယ်တန်းအောင်မြင်ခဲ့သည်။ ထို့နောက် ရန်ကင်းကောလိပ်နှင့် ရန်ကုန်တက္ကသိုလ်တို့တွင် ဆက်လက်ပညာသင်ကြားကာ ၁၉၆၇ ခုနှစ်တွင် လုပ်သားများကောလိပ်မှ ဝိဇ္ဇာဘွဲ့ ရရှိခဲ့သည်။
အလုပ်အကိုင်နှင့် စာပေရေးရာတာဝန်များ
[ပြင်ဆင်ရန်]၁၉၆၀ ပြည့်နှစ်မှစ၍ နိုင်ငံတော်သစ်လုပ်ငန်းအဖွဲ့နှင့် သိမ်ကြီးဈေး မြန်မာ့ကုန်တိုက်တို့တွင် အလုပ်လုပ်ခဲ့သည်။ ၁၉၆၄ မှ ၁၉၆၇ ခုနှစ်အထိ မူလတန်းကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီနှင့် တောင်သူလယ်သမား အစည်းအရုံး ဗဟိုဌာနချုပ်တို့တွင် စာပြုလက်ထောက်အယ်ဒီတာ၊ အမှုဆောင်အယ်ဒီတာနှင့် အယ်ဒီတာချုပ် စသည့်ရာထူးများဖြင့် လုပ်ကိုင်ခဲ့သည်။
၁၉၆၅ ခုနှစ်မှစ၍ သတင်းစာနှင့် မဂ္ဂဇင်းများဖြစ်သော တိုင်းရင်းမေ၊ အိုးဝေ၊ ကြေးမုံ၊ ဗိုလ်တထောင်၊ ရှေ့သို့၊ လမ်းစဉ်သတင်း၊ လုပ်သားပြည်သူ့နေ့စဉ်နှင့် မြန်မာ့အလင်းတို့တွင် ဆောင်းပါးများ ရေးသားခဲ့သည်။ ပန်းမျိုးတရာမဂ္ဂဇင်း၊ လူငယ်အားမာန်မဂ္ဂဇင်း၊ ပုလဲမြို့ပြမြေယာမဂ္ဂဇင်း၊ ကြာပန်းရေစဉ်မဂ္ဂဇင်းတို့တွင်လည်း အကျိုးဆောင်စာတည်း၊ ဂုဏ်ထူးဆောင်အယ်ဒီတာ၊ အယ်ဒီတာချုပ်နှင့် အတိုင်ပင်ခံအယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ နိုင်ငံတော် အကြီးအကဲများ ရေးသားသော စာအုပ်များကို တည်းဖြတ်ပေးရသူအဖြစ်လည်း လုပ်ဆောင်ခဲ့သည်။
ရေးသားခဲ့သော စာပေများနှင့် စာပေဆုများ
[ပြင်ဆင်ရန်]ချစ်စံဝင်းသည် ဆောင်းပါးပေါင်း ၉,၀၀၀ ခန့်၊ စာအုပ်ပေါင်း ၂၁၀၊ စာတမ်း ၂၀ နှင့် ရုပ်ရှင်ဇာတ်ညွှန်း ၅ ပုဒ်ကို ရေးသားခဲ့သည်။ ၎င်း၏စာအုပ်များတွင် သမိုင်းမှတ်တမ်းဆိုင်ရာ စာအုပ်များဖြစ်သော ဗိဿနိုး သို့မဟုတ် ပျူတို့၏ပန်ထွာမြို့တော်၊ ပျူ၊ ဟန်လင်း(ခေါ်) ဟံသာနာဂရပျူမြို့တော်၊ မြန်မာမြို့ဟောင်း တကောင်းရုပ်ပုံလွှာ၊ မြန်မာအစ အထောက်အထား လေ့လာချက်စာတမ်း စသည်တို့နှင့် အမေနှင့်အမေ့အကြောင်း၊ အမေ့ရင်သွေး စသည့် စာအုပ်များ ပါဝင်သည်။
စာပေဆုများအဖြစ် အမျိုးသားစာပေဆုကို ဤခရီးနီးသလား (၁၉၈၆) နှင့် ဆန်ဖွပ်သည့်အဖိုးအို (၁၉၉၀) စာအုပ်များဖြင့် နှစ်ကြိမ် ရရှိခဲ့သည်။ ထို့အပြင် ပခုက္ကူဦးအုံးဖေစာပေဆု၊ သုတစွယ်စုံစာပေဆု၊ ထွန်းဖောင်ဒေးရှင်းစာပေဆုနှင့် နိုင်ငံတကာဆုများဖြစ်သော International Trophy for Quality (၁၉၉၈) နှင့် Golden America Award for Quality (၁၉၉၉) တို့ကိုလည်း ရရှိခဲ့သည်။
၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆုကိုလည်း ရရှိခဲ့သည်။ [၁]
ထင်ရှားကျော်ကြားသည့်စာအုပ်များ
[ပြင်ဆင်ရန်]ရေးသားသည့်စာအုပ်ပေါင်း (၁၀၀) ခန့်အနက် ထင်ရှားသည့် စာအုပ်အချို့မှာ
- ဤခရီးနီးသလား[၂] (၁၉၈၆)
- ဆန်ဖွတ်သည့်အဖိုးအို (၁၉၉၀)
- ကိုရီးယား သို့မဟုတ် ဟန်မြစ်ပေါ်ကတိုင်းတောင်ကျား (၁၉၉၅)
- ကြီးပွားချမ်းသာလိုစိတ်မွေးပါ။(၁၉၉၆)
- ဂျပန်လူငယ်တစ်ယောက်အကြောင်း (၁၉၈၉)
- စင်ကာပူ (သို့) အရှေ့ဖျားက ခြင်္သေ့မြို့ (၁၉၉၂)
- ယိုးဒယား (သို့ )အရှေ့ဖျားက ပဉ္စမကျား (၁၉၉၃)
- ပူနွေးဆူဝေ ဤကမ္ဘာမြေ (၁၉၉၄)
- ဖွံ့ဖြိုးကြီးထွား မလေးရှား၊ (၁၉၉၆)
- ဘန်ကောက် (၁)၊ ဘန်ကောက် (၂)၊ (၁၉၉၁)
- မြတ်ပညာနှင့်သားထံပေးစာ (၁၉၇၈)
- မြတ်လယ်တီ (၁၉၈၅) သာသနာ့စက်ခြည်လင်းစေဖို့ (၁၉၉၁)
- အတွေးနဲ့အရေး (၁၊၂၊) (၁၉၈၈-၁၉၈၉)
ဘဝနိဂုံး
[ပြင်ဆင်ရန်]၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၂၆) ရက်နေ့တွင် လူကြီးရောဂါဖြင့် ရန်ကုန်မြို့တွင် ကွယ်လွန်ခဲ့သည်။ [၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ စာပေကိုချစ်ပြီးတော့ တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ကလောင်အိုကြီးတွေအတွက်ကတော့ ဒါဟာကြီးမြတ်တဲ့ ဆုလာဘ်တစ်ပါးပါပဲ။ ပြန်ကြားရေးဝန်ကြီးဌာန။ 26 August 2025 တွင် ပြန်စစ်ပြီး။
- ↑ Mya Thayaphu: Online Store[လင့်ခ်သေ]
- ↑ စာရေးဆရာ ချစ်စံဝင်း ကွယ်လွန်။ ဘီဘီစီမြန်မာပိုင်း။ ၂၆ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။