ချင်း စစ်မြေပြင်
| ||||||||||||||||||||||||||||
ချင်း စစ်မြေပြင်သည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်နှင့် ယင်းနှင့်ထိစပ်နေသော ဒေသများတွင် ဖြစ်ပွားခဲ့သော လက်နက်ကိုင်ပဋိပက္ခများကို ခြုံငုံဖော်ပြသည့် အခေါ်အဝေါ် ဖြစ်သည်။ ဤပဋိပက္ခများသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ပြည်သူလူထု၏ ခုခံတော်လှန်မှုနှင့်အတူ စတင်ခဲ့ပြီး ၂၀၂၄ ခုနှစ်ကုန်ပိုင်းနှင့် ၂၀၂၅ ခုနှစ် အစောပိုင်းကာလများအထိ ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
နောက်ခံသမိုင်း
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်က အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။ စစ်ကောင်စီ၏ အကြမ်းဖက် နှိမ်နင်းမှုများကြောင့် ပြည်သူလူထု၏ လက်နက်ကိုင် ခုခံတော်လှန်မှုများ စတင်ခဲ့သည်။ ချင်းပြည်နယ်သည် ထိုလက်နက်ကိုင်တော်လှန်ရေး၏ အစောဆုံးနှင့် အပြင်းထန်ဆုံး ဖြစ်ပွားရာဒေသများအနက် တစ်ခုဖြစ်သည်။
သမိုင်းကြောင်းအရ၊ ချင်းပြည်နယ်သည် ဗမာလူမျိုးက ဦးဆောင်သော အစိုးရအပေါ် မကျေနပ်မှုများနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် လိုလားမှုများ ရှိခဲ့ဖူးသည်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်းတွင်လည်း စစ်အစိုးရကို ဆန့်ကျင်သည့် လှုပ်ရှားမှုများ ရှိခဲ့သော်လည်း ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသည့် ခုခံတော်လှန်မှုမှာ ပိုမိုကျယ်ပြန့်ကာ ဒေသခံပြည်သူလူထု အများအပြား ပါဝင်လာခဲ့သည်။
အကျိုးဆက်များ
[ပြင်ဆင်ရန်]ချင်းရေးရာအဖွဲ့ချုပ် (ICA) ၏ စာရင်းများအရ ချင်းပြည်နယ်လူဦးရေ၏ ထက်ဝက်ခန့်နီးပါးသည် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ချင်းပြည်နယ်တွင် လူဦးရေ ၅၀၀,၀၀၀ ခန့်ရှိရာ၊ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၎င်းတို့အထဲမှ လူဦးရေ ၂၀၀,၀၀၀ ခန့်မှာ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ ICA ကောက်ယူထားသည့် စာရင်းများနှင့် အကူအညီပေးသူများ၏ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း လူဦးရေ ၁၃၀,၀၀၀ သည် ချင်းပြည်နယ်တွင်းမှာပင် နေရပ်ရွှေ့ပြောင်းတိမ်းရှောင်နေရသည်။ ကျန် ၇၀,၀၀၀ ခန့်သော မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံရှိ မီဇိုရမ်၊ မဏိပူရပြည်နယ်နှင့် နယူးဒေလီမြို့များတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေကြသည်။[၅]
ခုခံတော်လှန်ရေး အဖွဲ့အစည်းများ
[ပြင်ဆင်ရန်]ချင်းပြည်နယ်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် ပေါ်ပေါက်လာခဲ့သော အဓိက ခုခံတော်လှန်ရေးအဖွဲ့အစည်းများမှာ အောက်ပါအတိုင်း ဖြစ်သည်-
ချင်းအမျိုးသားတပ်ဦး/တပ်မတော်
[ပြင်ဆင်ရန်]ချင်းပြည်နယ်၏ သက်တမ်းအရင့်ဆုံး လက်နက်ကိုင်အဖွဲ့အစည်း ဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းကာ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည်။ CNF/A သည် ချင်းပြည်နယ်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များ (CDFs) ကို လေ့ကျင့်ပေးခြင်းနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်ခြင်းတို့တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
၂၀၂၁ ခုနှစ် မေလ ၁၅ ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦး (CNF) သည် မင်းတပ်မြို့နယ်၌ စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။ ထို့နောက် မေလ ၂၉ ရက်နေ့တွင် CNF သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် နှစ်ဖက်သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ သဘောတူညီချက်တွင် အပြန်အလှန်အသိအမှတ်ပြုမှုနှင့် လေးစားမှုဖြင့် အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတို့အတွက် တန်းတူရေးအခြေခံဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပါဝင်သည်။[၆]
ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ (Chinland Defense Force - CDFs)
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် မတ်လနှင့် ဧပြီလများတွင် ချင်းပြည်နယ်၏ မြို့နယ်အသီးသီး (ဥပမာ- မင်းတပ်၊ ကန်ပက်လက်၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ ဟားခါး စသည်ဖြင့်) တွင် ဒေသခံပြည်သူများက ဖွဲ့စည်းခဲ့သော မြို့နယ်၊ ဒေသအခြေပြု ခုခံတော်လှန်ရေးတပ်ဖွဲ့များဖြစ်သည်။ CDFs တပ်ဖွဲ့များသည် တစ်မြို့နယ်စီ သီးခြားဖွဲ့စည်းထားသော်လည်း နယ်မြေအလိုက် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကြသည်။ ၎င်းတို့သည် အစပိုင်းတွင် အမဲလိုက်သေနတ်များနှင့် လက်လုပ်သေနတ်များဖြင့်သာ တပ်ဆင်ထားသော်လည်း နောက်ပိုင်းတွင် စစ်ရေးလေ့ကျင့်မှုများနှင့် လက်နက်ကြီးများပါ ပိုင်ဆိုင်လာခဲ့ကြသည်။
ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့သော အင်အားကြီးမားသည့် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၎င်းသည် ချင်းပြည်နယ်မြောက်ပိုင်းဒေသများ၊ အထူးသဖြင့် ဖလမ်းမြို့နယ်နှင့် ကလေး-ဖလမ်းလမ်း တစ်လျှောက်တို့တွင် အဓိကလှုပ်ရှားပြီး အခြားသော ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်လျက်ရှိသည်။ ချင်းညီနောင်အဖွဲ့၏ အဖွဲ့ဝင်တပ်ဖွဲ့တစ်ခု ဖြစ်သည်။
| စဉ် | နိုင်ငံရေးအဖွဲ့စည်း | တပ်ဖွဲ့ | ချင်းမျိုးနွယ်စု ကိုယ်စားပြုမှု | နယ်မြေ |
|---|---|---|---|---|
| ၁။ | Zotung Federal Council | CDF-Zotung | ဇိုတုံးမျိုးနွယ်စု | ဇိုတုန်နယ်မြေ |
| ၂။ | CDF-Matupi | မတူမျိုးနွယ်စု | ||
| ၃။ | CDF-Kalay-Gabaw-Gangaw | |||
| ၄။ | CDF-Hakha Central Council | CDF-Hakha | ဟားခါးလိုင်မျိုးနွယ်စု | |
| ၅။ | Thantlang Council | CDF-Thangtlang | ထန်တလန်လိုင်မျိုးနွယ်စု | |
| ၆။ | Lautu Regional People Administration | CDF-Lautu | လောက်တူမျိုးနွယ်စု | |
| ၇။ | Zopheiram Council | CDF-Zophei | ဇိုဖေမျိုးနွယ်စု | |
| ၈။ | Maraland Council | CDF-Mara | မရာမျိုးနွယ်စု | |
| ၉။ | Paletwa Council | CDF-Paletwa | ခူမီး/ခမီးမျိုးနွယ်စု | |
| ၁၀။ | Mindat Council | CDF-Mindat | ချိုးမျိုးနွယ်စု | |
| ၁၁။ | Senthang Central Council | CDF-Senthang | ဆဲန်တန်မျိုးနွယ်စု | |
| ၁၂။ | Tedim Township Council | PDA | တီးတိန် (ဇိုမီး)မျိုးနွယ်စု | |
| ၁၃။ | Thado Council | CDF-Thado | ထာဒိုမျိုးနွယ်စု | |
| ၁၄။ | Tonzang Township Council | CDF-Tonzang | တွန်ဇံမျိုးနွယ်စု | |
| ၁၅။ | Siyin Regional Council | CDF-CDM-Siyin | စီးယင်းမျိုးနွယ်စု | |
| ၁၆။ | Kanpetlet Council | CDF-Kanpetlet | ဒိုင်(ယင်ဒူး) မျိုးနွယ်စု | |
| ၁၇။ | Zanniatland People's Organization | CDF-Zannaitram | ဇန်နိယက်မျိုးနွယ်စု | |
| ၁၈။ | Hualngoram People's Organization | CDF-Hualgoram | ဟွာလ်ငိုမျိုးနွယ်စု | |
| ၁၉။ | Maraland Territorial Counicl | Maraland Defence Force - MDF | မရာမျိုးနွယ်စု |
အဓိကတိုက်ပွဲများနှင့် ဖြစ်ရပ်များ (၂၀၂၁-လက်ရှိ)
[ပြင်ဆင်ရန်]
ချင်းပြည်နယ်တွင် ၂၀၂၁ ခုနှစ်မှစ၍ ပြင်းထန်သော တိုက်ပွဲများနှင့် စစ်ရေးလှုပ်ရှားမှုများ အများအပြား ဖြစ်ပွားခဲ့သည်။
ချင်းပြည်နယ် မြောက်ပိုင်း
[ပြင်ဆင်ရန်]တွန်းဇံနယ်
[ပြင်ဆင်ရန်]တွန်းဇံမြို့နယ်သည် ချင်းပြည်နယ်၊ တီးတိန်ခရိုင်တွင် ပါဝင်သည့် မြောက်ဘက်စွန်းရှိ မြို့နယ်တစ်ခု ဖြစ်သည်။ တွန်းဇံမြို့နယ်၏ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့နယ်နှင့် တမူးမြို့နယ်၊ တောင်ဘက်တွင် တီးတိန်မြို့နယ်၊ အနောက်ဘက်တွင် အိန္ဒိယနိုင်ငံရှိ မိဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် အိန္ဒိယနိုင်ငံရှိ မဏိပူရပြည်နယ်များ တည်ရှိသည်။
တွန်းဇံမြို့နယ်တွင် လှုပ်ရှားသော တော်လှန်ရေးတပ်ဖွဲ့များမှာ CDF-Tonzang နှင့် PDA-Tedim တို့ ဖြစ်သည်။ စစ်ကောင်စီနှင့် ပူးပေါင်းလေ့ရှိသော အိန္ဒိယ-မြန်မာနယ်စပ်အခြေစိုက် Zomi Revolutionary Army (ZRA) တပ်ဖွဲ့တစ်ခုလည်း ရှိသည်။
၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် အိန္ဒိယ-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် Zomi Revolutionary Army (ZRA) နှင့် စစ်ကောင်စီတပ် ပူးပေါင်းအဖွဲ့က တွန်းဇံမြို့နယ်ရှိ CNA တပ်မဟာ (၄) စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယင်းကျူးကျော်မှုကို ချင်းအမျိုးသားတပ်မတော် (CNA) နှင့် မဟာမိတ်တပ်ဖွဲ့များက ပြန်လည်တိုက်ထုတ်နိုင်ခဲ့ပြီး ZRA တပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားခဲ့သည်။ ဆုတ်ခွာသည့် လမ်းကြောင်းတစ်လျှောက်တွင် ZRA တပ်ဖွဲ့ဝင်များသည် အိမ်ခြေ ၈၀ ခန့်ရှိသော Nakzang (နတ်ဇန်) ရွာကို ဘုရားရှိခိုးကျောင်းမှ လွဲ၍ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သည်။ ဤတိုက်ခိုက်မှုသည် ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးအတွက် ယာယီအပစ်အခတ်ရပ်စဲထားချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။[၇]
တီးတိန်နယ်
[ပြင်ဆင်ရန်]တီးတိန်မြို့နယ်သည် ချင်းပြည်နယ်၏ မြောက်ဘက်စွန်းတွင် တည်ရှိသော မြို့နယ်တစ်ခု ဖြစ်သည်။ တီးတိန်မြို့နယ်၏ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့နယ်နှင့် သာစည်မြို့နယ်၊ တောင်ဘက်တွင် ဖလမ်းမြို့နယ်၊အနောက်ဘက်တွင် အိန္ဒိယနိုင်ငံရှိ မီဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် တွန်းဇံမြို့နယ်များ တည်ရှိသည်။
၂၀၂၅ ခုနှစ်၊ မေလ ၁၉ ရက်မှစ၍ ကလေးမြို့မှ ချင်းတောင်တန်းဘက်သို့ စစ်ကောင်စီတပ်မ ၇၇ လက်အောက်ခံ တပ်ရင်းခြောက်ရင်းမှ အင်အား ၈၀၀ ခန့်ဖြင့် သိုင်းငင်း၊ တီးတိန်မြို့များသို့ ဦးတည်ကာ စစ်ကြောင်းထိုးခဲ့သည်။ မေလ ၂၁ ရက်နေ့တွင် တီးတိန်မြို့နယ်၊ စီးယင်းဒေသရှိ မွာလ်ပီးရွာမရောက်မီ ချင်းတော်လှန်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည်။ မေလ ၂၁ ရက်နေ့က တီးတိန်မြို့နယ်၊ ကလေး-သိုင်းငင်း ကားလမ်းပေါ်ရှိ မွာလ်ပီးကျေးရွာအနီးတွင် စစ်ကောင်စိစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့များသည် ရှေ့ဆက်တိုးနိုင်ခြင်းမရှိဘဲ ဇွန်လလယ်တွင် ကလေးမြို့မှ စားနပ်ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် လူအင်အားများကို ထပ်မံဖြည့်တင်းခဲ့သည်။ မွာလ်ပီးနှင့် ထေးဇန်ရွာအနီးရှိ စစ်ကောင်စိစစ်ကြောင်းကို ဇွန်လ ၂၅ ရက်မှစ၍ ချင်းပူးပေါင်းတပ်ဖွဲ့များက လိုက်လံတိုက်ခိုက်ရာ ဇွန်လ ၂၈ ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ ကာကင်းစခန်းသုံးခုကို ချင်းပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့များသည် အကျအဆုံးများခဲ့ပြီး ရှေ့မတိုးနိုင်သည့်အပြင် နောက်သို့ ဆုတ်ခွာနေရကြောင်း သိရသည်။[၈]
ချင်းပြည်နယ် အလယ်ပိုင်း
[ပြင်ဆင်ရန်]ဖလမ်းနယ်
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းက ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ လုမ်သဲ (Lumte) ရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ခြောက်ဦး သေဆုံးခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၈၀ ခန့်ရှိ လုံသဲမ်ရွာ ကျေးရွာဆေးပေးခန်း၊ ဘုရားကျောင်း အပါအဝင် နေအိမ်ခြောက်လုံးခန့် ပျက်စီးသည်။ [၉]
CNDF နှင့် CDF-Hualgoram ထိတွေ့မှု
[ပြင်ဆင်ရန်]၂ ဇူလိုင် - ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် နယ်မြေအငြင်းပွားမှုကြောင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် CDF ဟွာလ်ငိုးရမ် (Hualngoram) တပ်ဖွဲ့များအကြား ဇူလိုင် ၂ ရက်နေ့မှ ၃ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ CNDF က CDF ဟွာလ်ငိုးရမ် တပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးထားသည်။[၁၀]
- ဇူလိုင် ၂ ရက်နှင့် ၃ ရက်တို့ကလည်း ဖလမ်းမြို့နယ်၊ စတွာမ်၊ လျန်နှာ၊ သီးကျီရ်ကျေးရွာများတွင် CNDF နှင့် CDF ဟွာလ်ငိုးရမ်တို့အကြား ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။[၁၁] ဇူလိုင် ၃ ရက်တွင် ချင်းညီနောင်အဖွဲ့ (CB) ဝင် CNDF နှင့် ချင်းလဲန်းကောင်စီ (CC) ဝင် CDF ဟွာလ်ငိုးရမ်တို့ နှစ်ဖက်စလုံးက နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေး အဖြေရှာရန် လိုအပ်ကြောင်း ထုတ်ပြန်ခဲ့သည်။[၁၂]
- ဇူလိုင် ၅ ရက်တွင် ရိခေါဒါရ်မြို့ပေါ်၌ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းသည် CNDF နှင့် CDF ဟွာလ်ငိုးရမ်တို့ ဆွေးနွေးညှိနှိုင်းရန် စီစဉ်နေချိန် ဖြစ်သည်။ CNO/CNDF ၏ ထုတ်ပြန်ချက်အရ CNDF အဖွဲ့ဝင်များ တီးအိုချောင်းရွာတွင် တွေ့ဆုံရန် သွားရောက်စဉ် CDF ဟွာလ်ငိုရမ်မှ အလစ်အငိုက် တိုက်ခိုက်ခဲ့ခြင်းကြောင့် တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲအတွင်း အိန္ဒိယဘက်ခြမ်း ဇိုခေါ်ထာရ်သို့ ကျည်များ ကျရောက်ခဲ့သဖြင့် အိန္ဒိယအာဏာပိုင်များက ပစ်ခတ်မှု ရပ်တန့်ရန် သတိပေးခဲ့ရသည်။ ထို့ပြင် CNDF ကလည်း ဒေသခံများကို မိနစ် ၃၀ အတွင်း အမြန်ဆုံး ထွက်ခွာရန် သတိပေးခဲ့သည်။
- ဇူလိုင် ၆ ရက်တွင် CNDF ဌာနချုပ်အနီးတွင် ချင်းလဲန်းကောင်စီတပ်များပါဝင်သည့် CDF-ဟွာလ်ငိုးရမ်တပ်ဖွဲ့များနှင့် CNDF တို့အကြား ပြင်းထန်သောတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် ရိခေါ်ဒါရ်မြို့ခံ ၁,၀၀၀ ကျော်သည် မြစ်ကိုဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ဇိုခေါ်ထာရ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ အိန္ဒိယအာဏာပိုင်များကလည်း တိုက်ပွဲဖြစ်ပွားချိန်တွင် နယ်စပ်ဂိတ်တံတားကို ဖွင့်လှစ်ပေးခဲ့သည်။
- ထို့အပြင် ဇူလိုင် ၅ ရက်တွင် ချင်းလဲန်းကောင်စီဝင် CDF မာရာ (CDF Mara) က ချင်းညီနောင်အဖွဲ့ဝင် မာရာလဲန်းကာကွယ်ရေးတပ် (MDF) နှင့် အာရက္ခတပ်တော် (AA) တို့သည် မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ရှိ ၎င်းတို့၏ ဌာနချုပ်ကို ဝင်ရောက်စီးနင်းရန် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာကြောင်း ထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၃ ရက်တွင် MDF နှင့် AA တပ်ဖွဲ့ဝင်များသည် လာအိုကျေးရွာမှ စစ်ကြောင်းထိုးလာပြီး CDF မာရာဌာနချုပ်နှင့် ၁ မိုင်ခန့်အကွာအထိ ရောက်ရှိနေပြီဟု ဆိုသည်။[၁၃]
- ၈ ဇူလိုင် - NUG နိုင်ငံတော်ယာယီသမ္မတက CNF/CNA, CNO/CNDF နှင့် CDF-Hualngoram ကို လိပ်မူပြီး၊ ချင်းပြည်နယ်အတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများအကြား ထိတွေ့မှုကို အမြန်ဆုံး ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် နိုင်ငံရေး စားပွဲဝိုင်းတွင်သာ ညှိနှိုင်းအဖြေရှာကြရန် တိုက်တွန်းကြောင်း သဝဏ်လွှာ ပို့လိုက်သည်။ [၁၄] NUCC ကလည်း ချင်းပြည်တော်လှန်ရေး အင်အားစုများအကြား ဖြစ်ပွားနေသည့် သဘောထားကွဲလွဲမှုများကို နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေး အဖြေရှာကြပါဟု ပန်ကြားချက်ထုတ်ပြန်သည်။[၁၅]
- ၁၀ ဇူလိုင် - ဇူလိုင် ၅ ရက်နေ့တွင် CNDF မှ ရိဒ်ခေါဒါရ်မြို့ကို ထိန်းချုပ်ခဲ့ပြီး ဖလမ်းမြို့နယ်အတွင်း၌ ချင်းအမျိုးသားတပ်မတော်(CNA) ၊ CDF – Hualngoram နှင့် CNDFတပ်ဖွဲ့ များ တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ ဇူလိုင်လ ၁၀ ရက် ညပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။[၁၆]
ဟားခါးနယ်
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက် နံနက်ပိုင်းတွင် ချင်းပြည်နယ်မြို့တော် ဟားခါး၏ မြောက်ဘက် ၁၀ မိုင်ခန့်အကွာတွင်ရှိသည့် ချွန်ကျုံးရွာကို လေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိသားစုဝင်လေးဦး သေဆုံးခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သတင်းများက ဖော်ပြသည်။[၁၇] ယင်းဗုံးကြဲတိုက်ခိုက်မှုအပေါ် ချင်းပြည်အစိုးရက ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာချက်အမှတ် ၇/၂၀၂၄ ကို ထုတ်ပြန်ခဲ့သည်။[၁၈]
ထန်တလန်နယ်
[ပြင်ဆင်ရန်]ချင်းပြည်နယ် တောင်ပိုင်း
[ပြင်ဆင်ရန်]မတူပီနယ်
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ် ဇွန်လ ၉ ရက်နေ့မှ ၁၇ ရက်နေ့အထိ မတူပီမြို့တွင် ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များ (AA နှင့် Yaw Army အပါအဝင်) က စစ်ကောင်စီ၏ တပ်စခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ ဇွန်လ ၁၇ ရက်နေ့တွင် စစ်ကောင်စီ၏ ခမရ (၃၀၄) တပ်ရင်းကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း ဇွန်လ ၁၈ ရက်နေ့၌ ချင်းညီနောင်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ တိုက်ပွဲအတွင်း ဟောင်ဝစ်ဇာ လက်နက်ကြီးများနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သော်လည်း နှစ်ဖက်ထိခိုက်သေဆုံးမှု အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ ထိုအချိန်က မတူပီမြို့ရှိ ခလရ (၁၄၀) အပါအဝင် အခြားစစ်ကောင်စီတပ်စခန်းများကို ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်သည်။[၁၉]
CDF - မတူပီ ချင်းအင်အားစုသည် ၂၀၂၃ ခုနှစ် မတ်လတွင် စစ်ရေးနှင့် နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် CDF - မတူပီ၊ တပ်မဟာ-၁ နှင့် CDF - မတူပီ၊ တပ်မဟာ-၂ အဖြစ် နှစ်ခြမ်းကွဲသွားခဲ့သည်။ လက်ရှိတွင် CDF - မတူပီ၊ တပ်မဟာ-၁ သည် MRO / Chin Defense Force - မတူပီအဖြစ် ICNCC နှင့် ချင်းညီနောင်အဖွဲ့ဝင် ဖြစ်လာခဲ့သည်။ တစ်ဖက်တွင် CDF - မတူပီ၊ တပ်မဟာ-၂ မှာ Chinland Defense Force - မတူပီ / မတူပီကောင်စီအဖြစ် ချင်းလဲန်းကောင်စီနှင့် ချင်းပြည်အစိုးရအဖွဲ့ဝင် ဖြစ်လာသည်။ ချင်းတောင်ပိုင်းရှိ မတူပီမြို့ကို MRO / Chin Defense Force - မတူပီ ပါဝင်သော ချင်းညီနောင်နှင့် မဟာမိတ်များက ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ မြို့သိမ်းတိုက်ပွဲအပြီး တစ်နှစ်ကျော်အကြာတွင် MRO / Chin Defense Force - မတူပီမှ ချင်းတော်လှန်ရေးအင်အားစုများသည် ချင်းအမျိုးသားကောင်စီ - မတူပီ (CNC – Matupi) ကို ဖွဲ့စည်းတည်ထောင်လိုက်ပြီဟု ဇူလိုင်လ ၁၄ ရက်နေ့တွင် တရားဝင် ကြေညာခဲ့သည်။
ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့နယ်အခြေစိုက် ချင်းတော်လှန်ရေးအင်အားစုများသည် ကနဦးတော်လှန်ရေးကာလတွင် အစုအဖွဲ့တစ်ခုအဖြစ်မှ ယခုတော်လှန်ရေး ၄ နှစ်ကျော်လာချိန်တွင် နိုင်ငံရေးအစုအဖွဲ့ စင်ပြိုင် ၃ ခုအထိ ရှိလာခဲ့ပြီဖြစ်သည်။ သို့ရာတွင် မတူပီတော်လှန်ရေးအဖွဲ့ချုပ် (Matupi Revolutionary Organisation- MRO) က ချင်းအမျိုးသားကောင်စီ - မတူပီ (Chin National Council - Matupi) သည် မတူပီမြို့နယ်ရှိ ပြည်သူလူထုကို လုံးဝကိုယ်စားမပြုကြောင်း ဇူလိုင်လ ၂၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
မင်းတပ်နယ်
[ပြင်ဆင်ရန်]၂၀၂၁ ခုနှစ် ဧပြီလနှောင်းပိုင်းတွင် မင်းတပ်မြို့၌ ဒေသခံပြည်သူများက CDF မဖွဲ့စည်းမီ စစ်ကောင်စီတပ်ဖွဲ့များကို လက်လုပ်သေနတ်များဖြင့် စတင်ခုခံခဲ့ကြသည်။ မေလအတွင်းတွင် စစ်ကောင်စီတပ်များက မင်းတပ်မြို့ကို ထိုးစစ်ဆင်ခဲ့ပြီး CDFs များက ပြင်းထန်စွာ ခုခံခဲ့သည်။ စစ်ကောင်စီတပ်များက မြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ မင်းတပ်မြို့သည် ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ခုခံတော်လှန်ရေးတပ်ဖွဲ့များအကြား ပထမဆုံး အကြီးစားတိုက်ပွဲများ ဖြစ်ပွားခဲ့သော မြို့များအနက် တစ်ခုဖြစ်သည်။ ဤတိုက်ပွဲများကြောင့် မြို့ခံလူဦးရေ၏ ၉၅% ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
မင်းတပ်တိုက်ပွဲသည် မေလ ၅ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကြေညာခြင်းမပြုမီ လက်နက်ကိုင်ခုခံမှု တိုးလာစေသည့် လက္ခဏာတစ်ရပ် ဖြစ်ခဲ့သည်။ ထို့နောက်ပိုင်းတွင်လည်း မင်းတပ်မြို့နှင့် မင်းတပ်မြို့နယ်သည် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားရာ ဒေသတစ်ခုအဖြစ် ဆက်လက်တည်ရှိခဲ့ပြီး ချင်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများစွာထဲမှ တစ်ခုဖြစ်သည်။
၂၀၂၁ ခုနှစ်၊ မေလ (၁၃) ရက်နေ့တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်အမှတ် ၄/၂၀၂၁ ဖြင့် မင်းတပ်မြို့နယ်ကို အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးကို စစ်အုပ်ချုပ်ရေးအာဏာ အပ်နှင်းခဲ့သည်။ [၂၀]
၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ချင်းညီနောင်အဖွဲ့က ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ နိုဝင်ဘာ ၉ ရက်နေ့မှစ၍ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် မင်းတပ်နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲများကို ဆင်နွှဲခဲ့ရာ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် မင်းတပ်မြို့ အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို အပြီးသတ် ချေမှုန်းနိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းစစ်ဆင်ရေးအတွင်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း ကယ်တင်နိုင်ခဲ့သည်ဟု ချင်းညီနောင်အဖွဲ့က ဆိုသည်။ မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် Yaw Defense Force (YDF)၊ Yaw Army (YA)၊ မုံရွာခရိုင်တပ်ရင်း (၃) တို့က ပူးပေါင်းဆင်နွှဲခဲ့ပြီး အာရက္ခတပ်တော် (AA) မှ စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများနှင့် စစ်ရေးဆိုင်ရာ အကြံဉာဏ်များကို ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။[၂၁]
ကန်ပလက်နယ်
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် ချင်းပြည်နယ်တောင်ပိုင်းရှိ ကန်ပက်လက်မြို့ကို ချင်းတော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့နှင့် ကန်ပက်လက်ကောင်စီတို့က ဆိုသည်။ ကန်ပက်လက်ကောင်စီနှင့် CDF – ကန်ပက်လက်တပ်ရင်း – ၇ တို့၏ ထုတ်ပြန်ချက်အရ မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများ၏ ညှိနှိုင်းပေးမှုကြောင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက် ည ၁၂ နာရီခန့်တွင် ကန်ပက်လက်မြို့မှ စွန့်ခွာသွားခဲ့သည် ဟု ဖော်ပြထားသည်။ ကန်ပက်လက်ကောင်စီ၏ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ကလည်း ကန်ပက်လက်မြို့ကို ကန်ပက်လက်ပြည်သူများက ပြန်လည်ထိန်းချုပ်ပြီးဖြစ်ကြောင်းနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် သက်သေပြခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။[၂၂]
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်နှင့် ကျင်ဒွေး မြို့နယ်အတွင်းနေထိုင်သည့် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း အခြေခံစစ်သင်တန်း တက်ရောက်ကြရန် Chin Defense Force – Kanpetlet က ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။[၂၃]
ပလက်ဝနယ်
[ပြင်ဆင်ရန်]ဖြစ်ရပ်များ
[ပြင်ဆင်ရန်]၂၀၂၄
[ပြင်ဆင်ရန်]- ချင်းပြည်နယ်တွင် မတူပီမြို့နယ်၊ တွန်းဇံမြို့နယ်၊ ကျီခါးမြို့၊ ရိဒ်ခေါ်ဒါရ်မြို့၊ လိုင်လင်းပီမြို့၊ ကျင်ဒွေးမြို့၊ မကွီးအိမ်နူးမြို့၊ နှာဟရိန်မြို့၊ ရေဇွာမြို့၊ ဝေဘူလမြို့၊ ဆူရ်ခွားမြို့ တွေကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားပြီး၊ ပလက်၀မြို့နယ်ကို အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားသည်။[၂၂]
- ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းက ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ လုမ်သဲ (Lumte) ရွာကို လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ခြောက်ဦး သေဆုံးခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ ၈၀ ခန့်ရှိ လုမ်သဲရွာ ကျေးရွာဆေးပေးခန်း၊ ဘုရားကျောင်း အပါအဝင် နေအိမ်ခြောက်လုံးခန့် ပျက်စီးသည်။ [၂၄]
၂၀၂၅
[ပြင်ဆင်ရန်]- ၂ ဇူလိုင် - ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟွာလ်ငိုရမ်ဒေသတွင် ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် ဟွာလ်ငိုရမ် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ဟွာလ်ငိုရမ် CDF က CNDF အား ၎င်းတို့နယ်မြေအတွင်းသို့ ဝင်ရောက်ပြီး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့သော်လည်း CNDF ကမူ ဟွာလ်ငိုရမ် CDF က ၎င်းတို့အဖွဲ့ဝင်များကို စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ [၂၅] ဟွာလ်ငိုရမ် CDF နှင့် ဆက်နွှယ်နေသော ချင်းပြည်ကောင်စီက နှစ်ဖက်အဖွဲအစည်းမှ ခေါင်းဆောင်များအနေဖြင့် ပြန်လည်ချေဖျက်မရသည့် ချင်းလူမျိုးအချင်းချင်းကြား ကြီးမားသော စစ်ရေးပဋိပက္ခများကို မဖန်တီးရန်တိုက်တွန်းခဲ့သည်။ ဤအခြေအနေနှင့် ဆန့်ကျင်ဘက်တွင် CNDF နှင့် မဟာမိတ်ဖြစ်သော ချင်းညီနောင်အဖွဲ့ကလည်း တင်းမာမှုလျှော့ချလိုကြောင်း ဖော်ပြခဲ့သော်လည်း ပြင်ပတောင်လှန်ရေးအဖွဲ့အစည်းများက စစ်ရေးအကူအညီများဖြင့် ပါဝင်လာပါက CNDF ဘက်က မားမားမတ်မတ် ရပ်တည်မည်ဟု ထုတ်ပြန်သည်။ [၁၂]
- ၂ ဇူလိုင် - ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် နယ်မြေအငြင်းပွားမှုကြောင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် CDF ဟွာလ်ငိုးရမ် (Hualngoram) တပ်ဖွဲ့များအကြား ဇူလိုင် ၂ ရက်နေ့မှ ၃ ရက်နေ့အထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ CNDF က CDF ဟွာလ်ငိုရမ် တပ်ဖွဲ့ဝင် ၄ ဦးကို ဖမ်းဆီးထားသည်။ နောက်ပိုင်းတွင် ဇူလိုင် ၆ ရက်၊ မနက်ပိုင်းမှ စတင်ကာ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့်အတွက် ရာနှင့်ချီသော ဒေသခံများသည် အိန္ဒိယ- မြန်မာ နယ်စပ်ဂိတ်ကို ဖြတ်ကျော်ပြီး ထွက်ပြေးနေကြသည်။ [၁၀]
- ၃ ဇူလိုင် - CDF-Hakha Central Council က ဟားခါးမြို့နယ်အတွင်း နေထိုင်သူ လူငယ်အမျိုးသားများ မြို့နယ်ပြင်ပသို့ မထွက်ခွာရန်နှင့် အရံတပ်ဖွဲ့သင်တန်းများ မဖြစ်မနေတက်ရောက်ရန် ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်သည်။[၂၆]
- ၇ ဇူလိုင် - အချင်းချင်းပဋိပက္ခဖြစ်စေတဲ့ ဘယ်ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းကိုမှ အားပေးထောက်ခံမှာ မဟုတ်ဘူးလို့ CDF – Paletwa ထုတ်ပြန်သည်။ [၂၇]
- ၈ ဇူလိုင် - ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်နှင့် ကျင်ဒွေး မြို့နယ်အတွင်းနေထိုင်သည့် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း အခြေခံစစ်သင်တန်း တက်ရောက်ကြရန် Chin Defense Force – Kanpetlet က ဇူလိုင်လ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။[၂၃]
- ၉ ဇူလိုင် - ၂၀၂၅ ဇူလိုင် ၉ ရက်တွင် ISP Myanmar က ထုတ်ထားသော "ဒုတ်ဒုတ်ထိမျက်တွေ့ (De Facto) ထီးပြိုင်နန်းပြိုင်ရခိုင်ပြည်" အစီရင်ခံစာတွင် ချင်းညီနောင် အဖွဲ့များဖြစ်သော CNDF, CDF-Kanpetlet, CDF-Matupi, CDF-Mindat, PDF-Zoland တို့သည် AA က စစ်ရေးအရင်းအမြစ်များကို တစိတ်တပိုင်း (သို့မဟုတ်) အပြည့်အဝ ထောက်ပံ့ထားသော မဟာမိတ်များ ဖြစ်သည်ဟု ဖော်ပြထားသည်။ [၂၈]
- ၁၇ ဇူလိုင် - ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သော မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ (Maraland Defense Force – MDF) က ၎င်းတို့အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ အပါအဝင် ၃ ဦးကို စစ်အသုံးအဆောင်ပစ္စည်းများနှင့်အတူ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ဇူလိုင်လ ၁၇ ရက်နေ့၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း အတည်ပြုခဲ့သည်။ အဆိုပါ စစ်အသုံးအဆောင်ပစ္စည်းများဖြစ်သည့် ကျည်ကာဦးထုပ်နှင့် ကျည်ကာပြားများ တင်ဆောင်လာသော ကားသည် မီဇိုရမ်ပြည်နယ်၊ ဆိုင်ဟား (Saiha) ခရိုင်၊ တီပါ့ (Tipa) ရွာရှိ မီဇိုရမ်ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်တို့ ပူးပေါင်းထားသည့် စစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ ၁၇ ရက်နေ့၊ အိန္ဒိယစံတော်ချိန် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း MDF မှ သိရသည်။[၂၉]
- ၁၉ ဇူလိုင် - ချင်းလက်နက်ကိုင်အဖွဲ့ (၁၈) ခုက ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များအားလုံး စည်းလုံးဖို့ လိုအပ်ကြောင်း သဘောထားထုတ်ပြန်ချက်တစ်ခုကို ဖြန့်ဝေခဲ့သည်။
- ၂၀ ဇူလိုင် - အချင်းချင်းအကြားလက်နက်ကိုင်တိုက်ခိုက်မှုဟာ ဘုံရန်သူ စစ်ကောင်စီဖြစ်စေချင် တဲ့အတိုင်းလုပ်ဆောင်ပေးခြင်းဖြစ်ပြီး တော်လှန်ရေးကိုနှောင့်နှေးစေဟု ZZLSM တပ်ဖွဲ့ (၅) ခုက ထုတ်ပြန်ခဲ့သည်။ ZZLMS တွင် CDF-Zotung, CDF-Zophei, CDF-Lautu, CDF-Mara နဲ့ Senthang Revolution Force တို့ ပါဝင်သည်။
အခြားဖတ်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ https://myind.net/Home/viewArticle/chinese-backed-rebels-in-myanmar-declare-new-country-on-indias-eastern-border 2 March 2024 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- ↑ Military Command structure in Chin State။ 2022-07-08 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2023-08-06 တွင် ပြန်စစ်ပြီး။
- ↑ Ye Myo Hein 2022, p. 41.
- 1 2 Over 900 Myanmar junta soldiers killed in battles in Chin and Sagaing over six months။ 6 November 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ ချင်းပြည်နယ် လူဦးရေ၏ ထက်ဝက်နီးပါး ပဋိပက္ခကြောင့် နေရပ်တိမ်းရှောင်။ Mizzima။ 2025-7-16 တွင် ပြန်စစ်ပြီး။
- ↑ ချင်းအမျိုးသားတပ်ဦး။ Spring Sprouts။ ၂၉ မေ ၂၀၂၅ တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 May 205 တွင် ပြန်စစ်ပြီး။
- ↑ "တွန်းဇံမြို့ရှိ CNA တပ်စခန်းကို စစ်တပ်နှင့် ZRA ပူးပေါင်း အဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီး Nakzang ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသွား"၊ Khit Thit Media၊ 2025 April 5။ 29 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 29 May 2025။
- ↑ ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂။ The Irrawaddy။ 2025-7-12 တွင် ပြန်စစ်ပြီး။
- ↑ ဖလမ်းမြို့၊လုံသဲမ်ကျေးရွာကျန်းမာရေးဆေးပေးခန်းကိုစစ်ကောင်စီ ဗုံးကြဲ၊ ၆ ဦးသေဆုံး။ Myanmar Now။ 2025-6-22 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-22 တွင် ပြန်စစ်ပြီး။
- 1 2 ချင်းလက်နက်ကိုင်နှစ်ဖွဲ့ တိုက်ပွဲပြင်းထန်နေ၍ ချင်းဒေသခံ ထောင်နှင့်ချီ အိန္ဒိယဘက်သို့ ထွက်ပြေး။ Narinjara။ 2025-7-5 တွင် ပြန်စစ်ပြီး။
- ↑ CNDF နှင့် CDF-Hualngoram အကြား ထိတွေ့မှုဖြစ်ပွား။ Khonumthung News။ 2025-7-5 တွင် ပြန်စစ်ပြီး။
- 1 2 ချင်းလူမျိုး အချင်းချင်းအကြား စစ်ရေးပဋိပက္ခမဖန်တီးဘဲ စစ်ရေးပြင်ဆင်မှုများ ချက်ချင်းရပ်ရန် ချင်းပြည်ကောင်စီ တိုက်တွန်း။ Ludu Nway Oo။ 2025-7-5 တွင် ပြန်စစ်ပြီး။
- ↑ အိန္ဒိယ-မြန်မာနယ်စပ်အနီး ချင်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲဖြစ်။ The Irrawaddy။ ၂၀၂၅-၇-၅ တွင် ပြန်စစ်ပြီး။
- ↑ ပဋိပက္ခများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဆွေးနွေးရန် ချင်းလက်နက်ကိုင်အဖွဲ့များကို NUG ယာယီသမ္မတ တိုက်တွန်း။ Mizzima။ ၂၀၂၅-၇-၈ တွင် ပြန်စစ်ပြီး။
- ↑ ချင်းပြည်တော်လှန်ရေး အင်အားစုများအကြား ဖြစ်ပွားနေသည့် သဘောထားကွဲလွဲမှုများကို နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေး အဖြေရှာကြပါရန် NUCC ပန်ကြား။ Khumi Media Group။ 10 July 2025 တွင် ပြန်စစ်ပြီး။
- ↑ ရိခေါ်ဒါရ်မြို့မှ CNDF တပ်များဆုတ်ခွာ ၊ ချင်းတပ်ဖွဲ့များအကြား ဆက်လက်ညှိနှိုင်းဆွေးနွေး။ Mizzima။ 2025-7-13 တွင် ပြန်စစ်ပြီး။
- ↑ ဟားခါး ချွန်ကျုံးကျေးရွာ စစ်ကောင်စီ ဗုံး ၂ ကြိမ်ကြဲ ၄ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ။ VOA Burmese။ 2025-6-22 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-22 တွင် ပြန်စစ်ပြီး။
- ↑ ချွန်ကျုံကျေးရွာရှိ ပြည်သူများအား အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုအပေါ် သဘောထားထုတ်ပြန်ချက်။ Government of Chinland။ 2025-6-22 တွင် ပြန်စစ်ပြီး။
- ↑ "မတူပီက စစ်ကောင်စီတပ်ရင်းတစ်ခုကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူ"၊ RFA Burmese၊ 2024.06.18။ 28 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 28 May 2025။
- ↑ "ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ မင်းတပ်မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာ"၊ RFA Burmese၊ 2021.05.13။ 29 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 29 May 2025။
- ↑ "မင်းတပ်မြို့အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကို အပြီးတိုင် ချေမှုန်းနိုင်ခဲ့ပြီး မင်းတပ်မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ပြီဟု ချင်းညီနောင်အဖွဲ့ တရားဝင်ထုတ်ပြန်၊ နိုင်ငံရေး အကျဉ်းသား ၁၃ ဦးကိုလည်း ကယ်တင်နိုင်ခဲ့"၊ Khit Thit Media၊ December 22, 2024။ 29 May 2025 တွင် ပြန်စစ်ပြီး။ Archived from the original on 29 May 2025။
- 1 2 ကန်ပက်လက်မြို့ သိမ်းပိုက်နိုင်ပြီဟု ချင်းတော်လှန်ရေးတပ်ဖွဲ့များ အတည်ပြု။ Khonumthung။ 2025-6-22 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-22 တွင် ပြန်စစ်ပြီး။
- 1 2 အသက် ၁၈ နှစ်ပြည်ပြီးသူတိုင်း စစ်သင်တန်းတက်ကြရန် CDF-Kanpetlet ထုတ်ပြန်။ Khumi Media Group။ 8 July 2025 တွင် ပြန်စစ်ပြီး။
- ↑ ဖလမ်းမြို့၊လုံသဲမ်ကျေးရွာကျန်းမာရေးဆေးပေးခန်းကိုစစ်ကောင်စီ ဗုံးကြဲ၊ ၆ ဦးသေဆုံး။ Myanmar Now။ 2025-6-22 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2025-6-22 တွင် ပြန်စစ်ပြီး။
- ↑ Fighting Between Chin Resistance Forces in Falam Township (in en)။ 2025-07-05 တွင် ပြန်စစ်ပြီး။
- ↑ ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်။ Khonuthung News။ 2025-7-6 တွင် ပြန်စစ်ပြီး။
- ↑ အချင်းချင်းပဋိပက္ခဖြစ်စေတဲ့ ဘယ်ချင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းကိုမှ အားပေးထောက်ခံမှာ မဟုတ်ဘူးလို့ CDF – Paletwa ထုတ်ပြန်။ Chin World။ ၂၀၂၅-၇-၅ တွင် ပြန်စစ်ပြီး။
- ↑ ဒုတ်ဒုတ်ထိမျက်တွေ့ (De Facto) ထီးပြိုင်နန်းပြိုင်ရခိုင်ပြည်။ ISP Myanmar။ ၂၀၂၅-၇-၁၀ တွင် ပြန်စစ်ပြီး။
- ↑ ချင်းလက်နက်ကိုင်အဖွဲ့ MDFထိပ်ပိုင်းခေါင်းဆောင် အိန္ဒိယတွင်ဖမ်းခံရ။ Myanmar Now (22 July 2025)။ 2025-7-23 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]