မာတိကာသို့ ခုန်သွားရန်

ခူးထဲဘူး

ဝီကီပီးဒီးယား မှ
ခူးထဲဘူး
ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး
ကိုယ်ရေး အချက်အလက်များ
မွေးဖွားထီးပေါ်ဆိုရွာ၊ ဖရူးဆိုမြို့နယ်၊ ကယားပြည်နယ်

ခူးထဲဘူး (အင်္ဂလိပ်: Khun Htee Bu; ၁၉၅၉ ခုနှစ်ဖွား) သည် မြန်မာနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည်။ သူသည် ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ထီးပေါ်ဆိုကျေးရွာဇာတိဖြစ်သည်။[]

နိုင်ငံရေးနှင့် တော်လှန်ရေးဘဝ

[ပြင်ဆင်ရန်]

ခူးထဲဘူးသည် ကရင်နီပြည်နှင့် မြန်မာနိုင်ငံတွင် တန်းတူရေး၊ တရားမျှတရေး၊ ဖွံ့ဖြိုးရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် နှစ်ပေါင်း ၄၀ ကျော်ကြာ တက်ကြွစွာ ဆောင်ရွက်ခဲ့သူဖြစ်သည်။ သူသည် နိုင်ငံရေးလောကသို့ ၁၉၈၂ ခုနှစ်၊ အသက် ၂၃ နှစ်အရွယ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (Karenni National Progressive Party – KNPP) သို့ လျှို့ဝှက်အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ရာမှ ရောက်ရှိလာခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် KNPP ၏ အဖွဲ့ဝင်ဖြစ်လာခဲ့သည်။

KNPP ထိန်းချုပ်နယ်မြေအတွင်းတွင် သူသည် ကရင်နီအစိုးရ၊ ပညာရေးဌာနမှ ဖွင့်လှစ်သော စာသင်ကျောင်းတွင် ဆရာအဖြစ်လည်းကောင်း၊ လွိုင်ကော်ခရိုင် ပညာရေးမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ကရင်နီတပ်မတော်တွင်လည်း အမှုထမ်းခဲ့ဖူးသည်။

၁၉၉၄ ခုနှစ်မှစ၍ KNPP ဦးဆောင်သော ကရင်နီပြည်အစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာနတွင် လွိုင်ကော်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် ခရိုင်ပြောက်ကျားတပ်မှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ပြည်ထဲရေး ဒုတိယဝန်ကြီးအဖြစ် အထွေထွေအုပ်ချုပ်ရေးလုပ်ငန်းများ၊ လုံခြုံရေးလုပ်ငန်းများ၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် လူထုစည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ

[ပြင်ဆင်ရန်]

၁၉၉၆ ခုနှစ်တွင် မြန်မာစစ်တပ်၏ ရက်စက်စွာ မီးရှို့ဖျက်ဆီးမှုနှင့် သတ်ဖြတ်မှုများကြောင့် ကရင်နီပြည်နယ်ရှိ ကျေးရွာအမြောက်အမြား ပျက်စီးခဲ့ပြီး ထောင်နှင့်ချီသော ကရင်နီပြည်သူများ ထိုင်းနယ်စပ်သို့ ထွက်ပြေးခဲ့ကြရသည်။ ထိုအချိန်မှစ၍ ခူးထဲဘူးသည် စစ်ပြေးဒုက္ခသည်ရေးရာကော်မတီ ကို ဖွဲ့စည်းကာ ဒုက္ခသည်များ၏ ဘဝလုံခြုံရေးကိစ္စများကို ယနေ့အချိန်အထိ စဉ်ဆက်မပြတ်ကြီးကြပ်ညွှန်ကြားခြင်းနှင့် အကြံပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

စစ်ဘေးရှောင် ကလေးသူငယ်များ၏ အခြေခံပညာရေးအတွက် Karenni Rainbow အဖွဲ့နှင့်အတူ IDPs ရွေ့လျားပညာရေးအစီအစဉ်ကိုလည်း အကောင်အထည်ဖော်ခဲ့သည်။ ထို့အပြင် ကရင်နီလူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မအဖွဲ့ (Karenni Social Welfare and Development Centre – KSWDC) ကို စတင်တည်ထောင်ခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ၊ နယ်လှည့်အခြေခံကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ဆယ်နှစ်တာကာလအတွင်း လူငယ့်စွမ်းရည်မြှင့်တင်ရေးအစီအစဉ်ကို ဦးဆောင်ကာ ကရင်နီဒုက္ခသည်လူငယ်များ၏ ပညာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်ခဲ့သည်။ လက်ရှိတွင်လည်း KSWDC ၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးအဖြစ် ကူညီဆောင်ရွက်နေဆဲဖြစ်သည်။

လူငယ်ဖွံ့ဖြိုးရေးနှင့် တိုင်းရင်းသားအရေး

[ပြင်ဆင်ရန်]

ခူးထဲဘူးသည် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုးကြားရေးကို အစဉ်တစိုက် အားပေးအားမြှောက်ပြုခဲ့ပြီး ကိုယ်တိုင်လည်း ပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် ကရင်နီလူငယ်အစည်းအရုံး ကို စတင်ဖွဲ့စည်းနိုင်ရန်အတွက် ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး ညီလာခံမှ ရွေးကောက်တင်မြှောက်မှုဖြင့် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ရှမ်းနှင့် ကရင်နီလူငယ်များမှ ဖွဲ့စည်းသော (Shan Karenni Youth - SKY) မှ စတင်ပြုလုပ်သော တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဆုံရပ် (Nationalities Youth Forum) တွင်လည်း အဖွဲ့ခေါင်းဆောင်အဖြစ် ၄ နှစ်ကြာ ပါဝင်ခဲ့သည်။

၂၀၀၄ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရှမ်း၊ ကချင်၊ မွန်၊ ရခိုင်၊ ချင်း၊ ကရင်နှင့် ကရင်နီဒေသများရှိ လူမှုအဖွဲ့အစည်းများနှင့် ဖွဲ့စည်းထားသော တိုင်းရင်းသားလူမှုဖွံ့ဖြိုးရေးဆုံရပ် (Ethnic Community Development Forum) ၏ ဥက္ကဋ္ဌအဖြစ် ဌာနေတိုင်းရင်းသားများ၏ ရိုးရာဓလေ့များကို ထိန်းသိမ်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ မြေယာနှင့်ပတ်သက်သော မူဝါဒများ၊ ဓလေ့ထုံးတမ်းဥပဒေများကို ဖော်ထုတ်ခြင်း လုပ်ငန်းများအတွက် လူထုအခြေပြု လှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့သည့်အပြင် ကရင်နီမြေယာမူဝါဒ ပေါ်ပေါက်ရေးအတွက်လည်း ပူးပေါင်းဆောင်ရွက်ခဲ့သည်။

ပညာရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများ

[ပြင်ဆင်ရန်]

၂၀၁၃ ခုနှစ်တွင် ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်း၏ အထောက်အပံ့နှင့် Thai Japan Education Development Foundation နှင့် တွဲဖက်ပြီး ကရင်နီပြည်တွင် ကရင်နီဂေဟစနစ် စိုက်ပျိုးရေးကျောင်း (Karenni Ecological Farming Centre) ကို စတင်တည်ထောင်ခဲ့သည်။ အဆိုပါကျောင်းသည် ၂၀၁၆ ခုနှစ်တွင် လွိုင်ကော်၊ ပါလောင်းကျေးရွာသို့ ပြောင်းရွှေ့ခဲ့ပြီး ယနေ့အချိန်ထိ စိုက်ပျိုးရေးပညာရှင် ၂၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်သည်။

၂၀၁၆ ခုနှစ်တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မတီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ပြည်နယ်အဆင့်တွေ့ဆုံဆွေးနွေးရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်လည်းဖြစ်သည်။ ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ပြည်နယ်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လမ်းပန်းဆက်သွယ်ရေးနှင့် ကျေးရွာတွင်း သောက်သုံးရေရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆင်းရဲသော လူငယ်များ၏ ပညာရေးအတွက် ဖရူဆိုမြို့နယ်တွင် ဆယ်တောရိုသင်ကြားရေးဆုံရပ် ကို ဖွင့်လှစ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။

နောက်ခံနှင့် ပညာရေး

[ပြင်ဆင်ရန်]

ဒုဝန်ကြီး ခူးထဲဘူးသည် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းကာလတွင် ကရင်အမျိုးသားအစည်းအရုံး (Karen National Union) ထိန်းချုပ်နယ်မြေ မာနယ်ပလောတွင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၏ မဟာမိတ်တပ် (National Democratic Front – NDF) မှ ကမကထပြုလုပ်၍ ဖွင့်လှစ်သော ဖက်ဒရယ်တက္ကသိုလ် (Federal University) တွင် အင်္ဂလိပ်စာ၊ လူမှုဖွံ့ဖြိုးရေးနှင့် ဖက်ဒရယ်ရေးရာများကို အထူးပြုလေ့လာခဲ့သည်။

၁၉၉၈ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (All Burma Student Democratic Front – ABSDF) မှ စီစဉ်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဖွင့်လှစ်သော ပထမဆုံးအကြိမ် Foreign Affairs Training ကို တက်ရောက်ပြီးစီးခဲ့သည်။ Initiatives for International Dialogues (IID) ၏ စီစဉ်မှုဖြင့် ပြည်သူ့အုပ်ချုပ်ရေး၊ ဖွံ့ဖြိုးရေးနှင့် ဖိလစ်ပိုင်နိုင်ငံ၏ လူထုလှုပ်ရှားမှုများနှင့် သက်ဆိုင်သော အကြောင်းအရာများကို ၄ လကြာ လေ့လာရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့သည့်အပြင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ Moro Islamic Liberation Front (MILF) အဖွဲ့၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုဖြစ်စဉ်များကိုလည်း သွားရောက်လေ့လာခဲ့သည်။

နိုင်ငံရေးလောကသို့ မဝင်ရောက်မီတွင် သူမသည် မိမိဇာတိရွာတွင် အထွေထွေကျောင်းဆရာအဖြစ် အမှုထမ်းခဲ့ပြီး မြန်မာနိုင်ငံအစိုးရ၏ သစ်တောဝန်ကြီးဌာနတွင် ဝန်ထမ်းအဖြစ် ၃ နှစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ကိုးကား

[ပြင်ဆင်ရန်]
  1. https://mohai.nugmyanmar.org/ပြည်ထောင်စု-ဒုဝန်ကြီး/