ခုဒ္ဒကပါဌ
| ပိဋကတ် သုံးပုံ |
|---|
| ဝိနယပိဋက |
| သုတ္တန်ပိဋကတ် |
| အဘိဓမ္မာပိဋကတ် |
ဤကျမ်းငယ်၏ ဖွဲ့စည်းပုံသည် တစ်မူထူးခြားပါသည်။ ပါဠိတော်ကျမ်းများအားလုံးတွင် အသေးငယ်ဆုံးကျမ်း ဖြစ်ပြီး၊ **သရဏဂုံသုံးပါး၊ ဆယ်ပါးသီလ၊ သုံးဆယ့်နှစ်ကောဋ္ဌာသ၊ ကုမာရပဥှာ** စသည်ဖြင့် အကြောင်းအရာတရားစု (၉) မျိုးဖြင့် ဖွဲ့စည်းထားပါသည်။ အချို့သော ဗုဒ္ဓစာပေပညာရှင်တို့က ဤကျမ်းကို “ဗုဒ္ဓဘာသာပါဠိတော်ဖတ်စာ”၊ “သာမဏေလက်စွဲ” သို့မဟုတ် “ဘုရားရှိခိုးစာအုပ်” ဟု တင်စားခေါ်ဝေါ်ကြပါသည်။ ဤသို့ တင်စားခေါ်ဝေါ်ခြင်းမှာ ကျမ်း၏ ဖွဲ့စည်းပုံသည် ပြဋ္ဌာန်းကျမ်းစာပုံစံမျိုး ရှိနေခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ ရှေးခေတ်တစ်ချိန်ချိန်က ပြဋ္ဌာန်းကျမ်းစာအဖြစ် ရှိခဲ့ခြင်းဟုတ်၊ မဟုတ်ကိုမူ မည်သူမျှ တိကျစွာ မပြောနိုင်သေးသောကြောင့် သုတေသီများ စိတ်ဝင်စားလေ့ရှိသည့် ကျမ်းတစ်ခုလည်း ဖြစ်ပါသည်။
ဤကျမ်းသည် သေးငယ်သော်လည်း ပါဝင်သော အကြောင်းအရာတရားစုများသည် ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် ဘာသာရေးထုံးတမ်းစဉ်လာများအတွက် အသုံးချအစီအစဉ်များ ပါဝင်နေသည်ကို တွေ့ရပါသည်။ ယနေ့အချိန်အထိ မြန်မာနိုင်ငံရှိ ဘုန်းတော်ကြီးကျောင်းများတွင် ဝတ်ရွတ်စဉ်အဖြစ် ကုမာရပဥှာ၊ တိရောကုဋ္ဋသုတ်၊ နိဓိကဏ္ဍသုတ် တို့မှလွဲ၍ ကျန်အပိုင်းများကို ရွတ်ဖတ်နေဆဲ ဖြစ်ပါသည်။ သီရိလင်္ကာနိုင်ငံတွင်လည်း ဤကျမ်းကို “လက်စွဲပရိတ်စာအုပ်” အဖြစ် အသုံးပြုကြောင်း သိရပါသည်။[၁]
သရဏဂုံသုံးပါး
[ပြင်ဆင်ရန်]မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
တရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
နှစ်ကြိမ်မြောက်လည်း မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
နှစ်ကြိမ်မြောက်လည်းတရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
နှစ်ကြိမ်မြောက်လည်း သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
သုံးကြိမ်မြောက်လည်း မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
သုံးကြိမ်မြောက်လည်းတရားတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
သုံးကြိမ်မြောက်လည်း သံဃာတော်ကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။
သရဏဂုံကဏ္ဍပြီး၏။
အခြေခံသိက္ခာပုဒ်ဆယ်ပါး
[ပြင်ဆင်ရန်]- သူတစ်ပါးအသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
- မပေးသည်ကို ခိုးယူခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
- မမြတ်သောမေထုန်အကျင့်မှ ရှောင်ကြဉ်ကြောင်းသိက္ခာပုဒ်ကိုဆောက်တည်ပါ၏။
- မဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
- ယစ်မူးမေ့လျောခြင်း၏ အကြောင်းဖြစ်သော သေရက်သေရည်သောက်စားခြင်းမှ ရှောင်ကြဉ်ကြောင်းသိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
- နေ့လွဲညစာစားခြင်းမှ ရှောင်ကြဉ်ကြောင်းဖြစ်သော သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
- ကခြင်း၊သီဆိုခြင်း၊တီးမှုတ်ခြင်းနှင့် သူတော်ကောင်းတရား၏ ဆူးငြောင့်သဖွယ်ဖြစ်သော ပွဲလမ်းသဘင်တို့ကို ကြည့်ရှုနားထောင်ခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
- ပန်းပန်ခြင်း၊နံ့သာခြယ်ခြင်း၊နံ့သာပျောင်းလိမ်းခြင်း၊ တန်ဆာဆင်ခြင်း၊ အပြေအပြစ်ပြုခြင်းမှ ရှောင်ကြဉ်ကြောင့် သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
- မြင့်သောနေရာ မြတ်သောနေရာတို့အား ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
- ရွှေငွေတို့ကို ကိုင်ခြင်း၊ခံယူခြင်းမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏။
သိက္ခာပုဒ်ဆယ်ပါးပြီး၏။
သုံးဆယ့်နှစ်ကောဋ္ဌာသ
[ပြင်ဆင်ရန်]ဤကိုယ်၌ --
ဆံပင်, အမွေး, ခြေသည်း, လက်သည်း, သွား, အရေ, အသား, အကြော, အရိုး, ရိုးတွင်း
ချဉ်ဆီ, အညှို့, နှလုံး, အသည်း, အမြှေး, အဖျဉ်း, အဆုတ်, အူမ, အူသိမ်, အစာသစ်,
အစာဟောင်း, ဦးနှောက်, သည်းခြေ, သလိပ်, ပြည်, သွေး, ချွေး, အဆီခဲ, မျက်ရည်,
ဆီကြည်, တံတွေး, နှပ်, အစေး,ကျင်ငယ်သည် ရှိ၏။
ကုမာရပဉှာ
[ပြင်ဆင်ရန်]၁။ တစ်ခုသောတရားမည်သည် သတ္တဝါဟူသမျှတို့သည် အကြောင်းအာဟာရလျှင် တည်ရာရှိကုန်၏။
၂။ နှစ်ခုသော တရားမည်သည် နာမ်နှင့်ရုပ်တည်း။
၃။ သုံးခုသောတရားမည်သည် ဝေဒနာသုံးပါးတို့တည်း။
၄။ လေးခုသောတရားမည်သည် အရိယာတို့၏ အမှန်တရား သစ္စာလေးပါးတို့တည်း။
၅။ ငါးခုသောတရားမည်သည် ဥပါဒါနက္ခန္ဓာငါးပါးတို့တည်း။
၆။ ခြောက်ခုသောတရားမည်သည် အဇ္ဈတ္တိကအာယတနေ ခြာက်ပါးတို့တည်း။
၇။ ခုနစ်ခုသောတရားမည်သည် ဗောဇ္ဈင်ခုနစ်ပါးတို့တည်း။
၈။ ရှစ်ခုသောတရားမည်သည် မဂ္ဂင်ရှစ်ပါးတည်း။
၉။ ကိုးခုသောတရားမည်သည် သတ္တာဝါသကိုးပါးတို့တည်း။
၁၀။ ဆယ်ခုသောတရားမည်သည် အင်္ဂါဆယ်ပါးတို့နှင့် ပြည့်စုံသည့် ရဟန္တာတည်း။
မင်္ဂလသုတ်
[ပြင်ဆင်ရန်][၂] [၃] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူနေစဉ် ၃၈-ဖြာ မင်္ဂလာတရားတော်တို့ကို နတ်ဗြဟ္မာတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၄]
ဤအရပ်သို့ စုဝေးရောက်လာကြသည့် ဘုမ္မစိုးနတ် အာကာသစိုးနတ်အားလုံးတို့သည်
* ဝမ်းမြောက်၊ နှစ်သက်ကြကုန်လော့။ ငါဟောကြားအပ်သော တရားကို ရိုသေစွာ နာယူ
မှတ်သားကြကုန်လော့၊ သင်တို့အား နေ့ရောညပါ ပူဇော်ပသခြင်းပြုကြသော လူတို့အား
မေမေ့မလျော့ စောင့်ရှောက်ကြကုန်လော့။
* ဤလူ့ပြည်၌ ဖြစ်စေ၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ ဖြစ်စေ ရှိသောရတနာဟူသမျှ
တို့တွင် ဘုရားတည်းဟူသော ရတနာနှင့်တူသောရတနာသည်မရှိ။ ဘုရားရတနာသည်
အမြတ်ဆုံးဖြစ်၏။ ဤမှန်သောသစ္စာစကားကြောင့် သတ္တဝါများ ချမ်းသာကြပါစေ။
* တည်ကြည်သောစိတ် ရှိတော်မူသည့် သာကီနွယ်ဖွား မြတ်စွာဘုရားသည် သိမြင်
ဆိုက်ရောက်အပ်သော ကိလေသာကုန်ခန်း၍ ရာဂကင်းရာဖြစ်သည့်အမြိုက်နိဗ္ဗာန်နှင့်
တူသော ရတနာသည်လည်းမရှိ။ ဤသစ္စာစကားကြောင့် သတ္တဝါများ ချမ်းသာကြပါစေ။
* စင်ကြယ်၍ အခြားမဲ့၌ အကျိုးပေးနိုင်သော သမာဓိကို မြတ်စွာဘုရားသည် ချီးကျူးတော်
မူ၏။ ထိုသမာမိနှင့်တူသော ရတနာသည်လည်း မရှိ။ ဤသစ္စာစကားကြောင့် သတ္တဝါ
များ ချမ်းသာကြပါစေ။
* အစုံအားဖြင့် လေးစုံဖြစ်၍ ရှစ်ယောက်သော မြတ်စွာဘုရား၏ တပည့်သာဝကတို့ကို
သူတော်ကောင်းတို့ ချီးမွမ်းအပ်ကုန်၏။ မြတ်သောအလှူကို ခံထိုက်သော ပုဂ္ဂိုလ်များ
ဖြစ်၍ ယင်းတို့အား လှူဒါန်းခြင်းသည် အကျိုးကြီးမား၏။ ဤမြတ်စွာဘုရား၏ တပည့်
သံဃာသည်လည်း အမြတ်ဆုံး ရတနာတစ်ပါး ဖြစ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါ
များ ချမ်းသာကြပါစေ။
* ရဟန္တာပုဂ္ဂိုလ်တို့သည် ဂေါတမမြတ်စွာဘုရား၏ သာသနာ၌ ခိုင်မြဲသောစိတ်ဖြင့်
ကောင်းစွာ အားထုတ်ကြကုန်၏။ ကာမဂုဏ်မှလွတ်မြောက်ရန် ကြိုးစားကြကုန်၏။ ရ
သင့်ရ ထိုက်သောတရားကို ရရှိပြီး သေခြင်းကင်းသော အမြိုက်နိဗ္ဗာန်ကို အာရုံပြုကာ
ငြိမ်းအေးခြင်းကို ခံစားနေကြကုန်၏။ ဤသံဃာတော်အပေါင်းသည်လည်း အမြတ်ဆုံး
ရတနာတစ်ပါး ဖြစ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါများ ချမ်းသာကြပါစေ။
* အရိယသစ္စာတို့ကို ဉာဏ်ဖြင့်သက်ဝင်၍ သိမြင်သောပုဂ္ဂိုလ်သည် အရပ်လေးမျက်နှာမှ
တိုက်ခတ်သောလေကြောင့် မတုန်လှုပ်သော မြေစိုက်တံခါးတိုင်နှင့် တူ၏။ ဤသို့သော
အရိယာသံဃာသည်လည်း အမြတ်ဆုံး ရတနာတစ်ပါးဖြစ်၏။ ဤသစ္စာစကားကြောင့်
သတ္တဝါများ ချမ်းသာကြပါစေ
* သောတာပန်ပုဂ္ဂိုလ်တို့သည် နက်နဲသောဉာဏ်ပညာရှိသော မြတ်စွာဘုရား ဟောကြား
အပ်သော အရိယသစ္စာတို့ကို ထင်ထင်ရှားရှား သိမြင်ကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် လွန်ကဲ
စွာ မေ့လျော့နေကြစေကာမူ ရှစ်ခုမြောက်သော ဘဝကို မယူကြကုန်။ ဤသောတာပန်
သံဃာသည်လည်း အမြတ်ဆုံး ရတနာတစ်ပါးဖြစ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါ
များ ချမ်းသာကြပါစေ။
* သောတာပတ္တိမဂ်ဉာဏ်ကို ရသည်နှင့်တပြိုင်နက် အမြင်မှားခြင်း၊ တွေးတောယုံမှား
ခြင်း၊ မှားသောအလေ့အကျင့်တိုကို စွဲလမ်းခြင်းဟူသော တရားသုံးပါးကို ပယ်စွန့်၏။
ကိလေသာ အနည်းငယ်မျှရှိစေကာမူ အပါယ်လေးပါးမှလွတ်ပြီး ဖြစ်၏။ အမိအဘကို
သတ်ခြင်းစသော ကံကြီးခြောက်ပါးကို ကျူးလွန်ခြင်းငှာ မထိုက်တော့ချေ။ ထိုပုဂ္ဂိုလ်
သည် ကိုယ်၊ နှုတ်၊ စိတ် တစ်ပါးပါးဖြင့် မကောင်းမှုကို ပြုမိစေကာမူ ထိုမကောင်းမှုကို
ဖုံးကွယ်ခြင်းငှာ မထိုက်တော့ချေ။ ဤသောတာပန်သံဃာသည် အမြတ်ဆုံးရတနာ
တစ်ပါးဖြစ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါများ ချမ်းသာကြပါစေ။
* မြတ်စွာဘုရားသည် နွေဦးရာသီ၌ ပင်လုံးကျွတ်ပွင့်သော သစ်ပင်တို့ဖြင့် တင့်တယ်သော
တောအုပ်နှင့်တူသည့် နိဗ္ဗာန်သို့ရောက်ကြောင်းတရားကို ဟောကြားတော်မူ၏။ ဤ
သစ္စာစကားကြောင့် သတ္တဝါများ ချမ်းသာကြပါစေ။
* မြင့်မြတ်သည်ဖြစ်၍ မြင့်မြတ်သောတရားကို သိမြင်ပေးဝေ ဆောင်ကြဉ်းတော်မူလျက်
မြင့်မြတ်သောတရားကို ဟောကြားတော်မူတတ်၏။ ထိုမြတ်စွာဘုရားသည်လည်း
အမြတ်ဆုံး ရတနာတစ်ပါး ဖြစ်၏။ ဤသစ္စာစကားကြောင့် သတ္တဝါများ ချမ်းသာကြပါ
စေ။
* ရဟန္တာပုဂ္ဂိုလ်တို့အား ကံဟောင်းကုန်၍ ကံသစ်လည်း မရှိတော့။ နောင်ဘဝ၌ တပ်မက်
ခြင်းကင်းသောစိတ်ရှိကုန်လျက် ပဋိသန္ဓေမျိုးစေ့လည်းကုန်ပြီး ဖြစ်ကုန်၏။ စည်ပင်
ပြန့်ပွားလိုသော ဆန္ဒလည်း မရှိတော့ချေ။ ဆီမီးငြိမ်းသကဲ့သို့ ဘဝဆင်းရဲမှ ငြိမ်းပြီးဖြစ်
ကုန်၏၊ ထိုသံဃာတော်အပေါင်းသည်လည်း အမြတ်ဆုံးရတနာတစ်ပါး ဖြစ်၏။ ဤ
သစ္စာစကားကြောင့် သတ္တဝါများ ချမ်းသာကြပါစေ။
* မြေ၌ တည်ကုန်သော နတ်တို့သည်လည်းကောင်း, ကောင်းကင်၌ တည်ကုန်သောနတ်တို့သည်
လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကုန်၏။ ထိုငါတို့သည် လာခြင်းကောင်းတော်မူ
သော နတ်လူတို့ပူဇော်အပ်သော မြတ်စွာဘုရားကို ရှိခိုးပါကုန်၏။ တရားတော်ကို ရှိခိုးပါကုန်၏။
သံဃာတော်ကို ရှိခိုးပါကုန်၏။ သတ္တဝါများ ချမ်းသာကြပါစေသတည်း။
ရတနသုတ်၏ စွမ်းရည်သတ္တိ - ဘုရားရှင် လက်ထက် ကြီးကျယ်ခမ်းနားစည်ပင် ပြန့်ပြောခဲ့သော ဝေသာလီပြည်ကြီးဝယ် ငတ်မွတ်ခေါင်းပါးသောဘေး ဘီလူးဘေး ရောဂါအန္တရာယ်ဘေး-ဟူသော ဘေးကြီး ၃-ပါးဖြစ်ပေါ်လာမှုကြောင့် လူပေါင်းမြောက်မြားစွာ သေကျေပျက်စီးဆုံးရှူံးခဲ့ကြသည်၊ ထို့နောက် ဘုရားရှင်ကြွရောက်တော်မူလာပြီး ရတနသုတ် ပရိတ်တော်ကို အရှင်အာနန္ဒာမထေရ်ကို သင်ပေး၍အရွတ်ဆိုခိုင်း, မိမိကိုယ်တိုင်လည်းဟောကြားတော်မူရာ ဘေးဥပါဒ်အားလုံးကင်းငြိမ်းပပျောက်ပြီး ရှစ်သောင်းလေးထောင် (၈၄၀၀၀)သော သတ္တဝါတို့သစ္စာသိမြင် ကျွတ်တမ်း ဝင်ခဲ့ကြလေသည်။ ရတနသုတ်၏ စွမ်းရည်သတ္တိသည် စကြဝဠာ ကုဋေတစ်သိန်းဟုဆိုအပ်သော အာဏာခေတ်အတွင်း၌ ပျံ့နှံ့လေသည်။ ယင်းရတနသုတ်၌ အားလုံး(၁၈) ဂါထာပါရှိရာ ရတနာသုံးပါး၏ ဂုဏ်ရည်များဖြင့် သစ္စာပြုပုံများ ဖြစ်လေသည်။ [၅][၆]
တိရောကုဋ္ဋသုတ်
[ပြင်ဆင်ရန်][၇] [၈] (၁) သာဓုခေါ်ဆိုနိုင်ရန် နေအိမ်အနီးအနားသို့ ရောက်လာတတ်ပုံ။
(၂) ကောင်းမှုကုသိုလ်ပြုကြသော်လည်း ထိုသူတို့၏ အကုသိုလ်ကံကြောင့် အမှတ်မရကြပုံ။
(၃) ကောင်းမှုပြုပြီး “ဣဒံ ဝေါ ဉာတီနံ ဟောတု၊ သုခိတာ ဟောန္တု ဉာတယော”ဟု ကုသိုလ်ရှင်က အမျှပေးဝေပုံ။
(၄) ဆွေမျိုးပြိတ္တာတို့ အနုမောဒနာပြုကြပုံ။ ။
(၅) ဆွေမျိုးပြိတ္တာတို့ အလှူရှင်တို့အား ဆုတောင်းကြပုံ။
(၆) ပြိတ္တာဘုံ၌ စီးပွားရေးလုပ်ငန်း တစ်ခုမျှမရှိ။
(၅/၈) ဤဘဝက ကုသိုလ်စေတနာ တမလွန်ဘဝရှိ ဆွေမျိုးများထံ ရောက်ရှိပုံ ဥပမာ။
(၉) အမျှဝေခါနီး၌ မိမိအပေါ်ပြုခဲ့ဖူးသော ဆွေမျိုးများ၏ကျေးဇူးကို အာရုံပြု အမျှ ပေးဝေရန်။
(၁၀) ငိုကြွေးမှု စိုးရိမ်ပူပန်မှု ပြောဆိုမြည်တမ်းငိုယိုမှုများသည် ကွယ်လွန်ပြီးသူများအတွက် ဘာအကျိုးမျှမဖြစ်။
(၁၁) သံဃာအားလှူဒါန်းသော ကောင်းမှုစေတနာသည်သာ ချက်ချင်းအကျိုးခံစားရပုံ၊
(၁၂) အမျှဝေခြင်းကုသိုလ်သည် ဉာတိဓမ္မ၊ ဉာတိပူဇာ အလှူခံတို့အား ဗလဒါန၊ အလှူရှင်တို့ ကောင်းမှုဆည်းပူး စုဆောင်းခြင်းဖြစ်ပုံတို့ကို ဘုရားရှင်က ဗိမ္မိသာရ မင်းအား ဟောကြားတော်မူသည့်သုတ်။
အဋ္ဌကထာ၌ (၉၂)ကမ္ဘာထက် ဖုဿဘုရားရှင်လက်ထက်တော်က ဖြစ်စဉ်နှင့် ဂေါတမဘုရားရှင်လက်ထက်ဖြစ်စဉ်များနှင့် ဂါထာဆိုင်ရာ ဖွင့်ဆိုချက်များ ရှိပါသည်။[၄]
နိဓိကဏ္ဍသုတ်
[ပြင်ဆင်ရန်][၉]ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဘုရားအမှူးရှိသော သံဃာတော်အား ဆွမ်းကပ်လှူနေစဉ် ကောသလဘုရင်က အခေါ်လွှတ်လိုက်သော မင်းချင်းယောက်ျားကို “ပြီးလျှင်လာခဲ့ပါမည်၊ ရွှေအိုးမြှုပ်နေလို့ပါ” ဟုပြောလိုက်သောစကားကို အကြောင်းပြု၍ ဘုရားရှင်က “နိဓိ နိဓေတိ”အစရှိသော နိဓိကဏ္ဍသုတ္တန်ဖြင့် သူကြွယ်အား ဆွမ်းအနုမောဒနာ ပြုတော်မူသည့်သုတ်။
ဂါထာ (၁၊၂)တို့ဖြင့် ရွှေအိုးမြှုပ်နှံပုံနှင့် ရည်ရွယ်ချက်ကိုလည်းကောင်း (၃)ဂါထာဖြင့် မြှုပ်ထားသော ရွှေအိုး၏ အစိုးမရပုံကိုလည်းကောင်း၊ (၄၊၅)ဂါထာတို့ဖြင့် မြှုပ်ထားသောရွှေအိုး ပျောက်ဆုံးနိုင်ပုံကိုလည်းကောင်း၊ (၆)ဂါထာဖြင့် အနုဂါမိက ရွှေအိုး (၃)မျိုး မြှုပ်နှံပုံကိုလည်းကောင်း (၇)ဂါထာဖြင့် ရွှေအိုးမြှုပ်နှံရာဌာနတို့ကိုလည်းကောင်း (၈၊၉)ဂါထာတို့ဖြင့် ရတနနိဓိနှင့်ပုညနိမိတို့၏ ခြားနားပုံကိုလည်းကောင်း (၁၀၊ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅) ဂါထာတို့ဖြင့် ပုညနိမိ၏ အကျိုးကျေးဇူးအမျိုးမျိုး ရရှိခံစားနိုင် ပုံကိုလည်းကောင်း (၁၆)ဂါထာဖြင့် ပုညနိဓိမြှုပ်နှံဖို့ရန် တိုက်တွန်းပုံကို လည်းကောင်း ဟောကြားတော်မူပါသည်။
အဋ္ဌကထာ၌ သုတ်တော်၏နိဒါန်းနှင့် ဂါထာအလိုက်သိသင့်သမျှ သာဓက ပါဠိများဖြင့် ပြည့်ပြည့်စုံစုံ ဖွင့်ဆိုထားပါသည်။[၄]
ဤသုတ်တွင် ပစ္စည်းဥစ္စာရတနာရွှေငွေနှင့် ကိုယ်ကျင့်တရားတွင် သေသောအခါ ကိုယ်ကျန်
တရားသာလျှင် မိမိနှင့် အတူပါ၍ အားကိုးရသည်။ ပစ္စည်းဥစ္စာ ရတနာရွှေငွေတို့ မှာကား မည်သို့မျှ အား
မကိုးရဟူ၍ ဟောထားသည်။
* အကျိုးစီးပွါးနှင့်စပ်သော ကိစ္စဖြစ်လတ်သော် ငါ၏အကျိုး ဖြစ်လိမ့်မည်ဟု နှလုံးပြု၍ ရွှေ
အိုးကို မြှုပ်နှံထားရ၏။
* ရာဇဝတ်ပြစ်မှုဖြင့် စွပ်စွဲခံရေသာငါ့အား မင်းဘေးမှ လွတ်မြောက်ရန် ဖြစ်လိမ့်မည်
ဟူ၍၎င်း၊ ခိုးသူတို့နှိပ်စက်ခံရသောငါ့အား ခိုးသူဘေးမှ လွတ်မြောက်ရန် ဖြစ်လိမ့်မည်
ဟူ၍၎င်း၊ ကြွေးမြီတင်သောငါ့အား ကြွေးမြီမှ လွတ်မြောက်ရန် ဖြစ်လိမ့်မည်ဟူ၍၎င်း၊
ငတ်မွတ်ခေါင်းပါးသောအခါ၌ မျှတရန် ဖြစ်လိမ့်မည်ဟူ၍၎င်း၊ မီးရေစသော ဘေးရန်
တို့ ဖြစ်ပေါ်လတ်သော် ငါ့အား သုံးစွဲရန် ဖြစ်လိမ့်မည်ဟူ၍၎င်း နှလုံးသွင်း၍ ဤအကျိုး
ပြီးခြင်းငှါ ရွှေအိုးကို မြှုပ်နှံထားရ၏။
* ကောင်းစွာ မြှုပ်ထားအပ်သည် ဖြစ်သော်လည်းအလုံးစုံသော ဥစ္စာသည် အခါခပ်သိမ်းပင်
မပြည့်စုံ။ ရွှေအိုးသည် မြှုပ်ထားရာအရပ်မှလည်း ရွှေသွားတတ်၏၊ ထိုဥစ္စာရှင်၏ အမှတ်
သည်လည်း လျော့တတ်၏။ နဂါးတို့သည်လည်း နေရာပြောင်းထားတတ်ကုန်၏၊ဘီလူး
တို့သည်လည်း ထိုရွှေအိုးကို ဆောင်ယူတတ်ကုန်၏။
* မချစ်အပ်ကုန်သော အမွေခံတို့သည်လည်း (ဥစ္စာရှင်)မမြင်စဉ် တူးဖော်ထုတ်ဆောင်
တတ်ကုန်၏၊ ကုသိုလ်ကံကုန်သောအခါ၌မူလည်း ထိုဥစ္စာအားလုံးစုသည် ပျောက်ပျက်
တတ်၏။
* အလှူပေးခြင်းဖြင့်၎င်း သီလဆောက်တည်ခြင်းဖြင့်၎င်း၊ ကိုယ်နှုတ်နှလုံး စောင့်စည်း
ခြင်းဖြင့်၎င်း၊ ဣန္ဒြေတို့ကိုဆုံးမခြင်းဖြင့်၎င်း ကောင်းမှုတည်းဟူသော ရွှေအိုးကို ကောင်း
စွာ မြှုပ်ထားအပ်၏။
* စေတီ၌၎င်း၊ သံဃာ၌၎င်း၊ ပုဂ္ဂိုလ်၌၎င်း၊ ဧည့်သည်တို့၌၎င်း၊ အမိ၌၎င်း၊ အဖ၌၎င်း၊ အစ်ကို
ကြီး အစ်မကြီး၌၎င်း ကောင်းမှုတည်းဟူသော ရွှေအိုးကို ကောင်းစွာ မြှုပ်ထားအပ်၏။
* ကောင်းစွာ မြှုပ်ထားအပ်သော ဤရွှေအိုးသည် (ရန်သူတို့ မအောင်နိုင်သည်
ဖြစ်၍(တမလွန်ဘဝသို့) အစဉ်လိုက်၏၊ (စည်းစိမ်ဥစ္စာတို့ကိုပယ်စွန့်၍ တမလွန်ဘဝသို့
ပြောင်းသွားရသည်ရှိသော် ထိုကုသိုလ်ရွှေအိုးကို ယူ၍သွားရ၏။
* ကုသိုလ်ရွှေအိုးသည် သူတပါးတို့နှင့် မဆက်ဆံ။ ခိုးသူတို့ မယူနိုင်၊ ပညာရှိသည်ကုသိုလ်
ကောင်းမှုတို့ကို ပြုရာ၏၊ ကုသိုလ်ရွှေအိုးသည် တမလွန်ဘဝသို့ အစဉ်လိုက်၏။
* ဤကုသိုလ်ရွှေအိုးသည် နတ်လူတို့၏ အလိုဟူသမျှကို ပေး၏။ တောင့်တရာရာ ချမ်းသာ
အားလုံးကိုပင် ထိုကုသိုလ်ရွှေအိုးကြောင့် ရနိုင်၏။
* အရေအဆင်းကောင်းသည့်အဖြစ်,အသံကောင်းသည့်အဖြစ်, အသွင်သဏ္ဌာန် ကောင်း
သည့်အဖြစ်, ရုပ်အဆင်းလှပသည့်အဖြစ်, အစိုးရသည့်အဖြစ်, အခြွေအရံများသည့်
အဖြစ် ဟူသော အကျိုးအားလုံးကို ထိုကုသိုလ်ရွှေအိုးကြောင့် ရနိုင်၏။
* ပဒေသရာဇ်မင်းအဖြစ်ကို၎င်း၊ ဧကရာဇ်မင်းအဖြစ်ကို၎င်း၊ စကြဝတေးမင်းချမ်းသာ
ကို၎င်း၊ နတ်မင်းအဖြစ်ကို၎င်း ဤ အကျိုးအားလုံးကို ထိုကုသိုလ်ရွှေအိုးကြောင့် ရနိုင်၏။
* လူ့ပြည်ရှိ စည်းစိမ်ဥစ္စာကို၎င်း၊ နတ်ပြည်၌ မွေ့လျော်ဖွယ်ကို၎င်း၊ နိဗ္ဗာန်ချမ်းသာကို၎င်း
အကျိုးအားလုံးကို ထိုကုသိုလ်ရွှေအိုးကြောင့် ရနိုင်၏။
* မိတ်ဆွေကောင်းနှင့် ပြည့်စုံခြင်းကို အကြောင်းပြု၍ သင့်သော အကြောင်းအားဖြင့်
အားထုတ်သောသူအား အရဟတ္တမဂ် အရဟတ္တဖိုလ်ပညာတို့၌ လေ့လာခြင်းရှိသောသူ
အဖြစ်တည်းဟူသော အကျိုးအားလုံးကို ထိုကုသိုလ်ရွှေအိုးကြောင့် ရနိုင်၏။
* ပဋိသမ္ဘိဒါလေးပါး ဝိမောက္ခရှစ်ပါး သာဝကပါရမီဉာဏ်၊ ပစ္စကေဗောဓိဉာဏ်၊ သမ္မာ
သမ္ဗောဓိဉာဏ် တည်းဟူသော အကျိုးအားလုံးကို ထိုကုသိုလ်ရွှေအိုးကြောင့် ရနိုင်၏။
ကုသိုလ်ပြည့်စုံခြင်းသည် ဤသို့များသော အကျိုးရှိ၏။ ထို့ကြောင့် ပညာရှိတို့သည် ပြု
ပြီးသော ကုသိုလ်ကောင်းမှုရှိသည့်အဖြစ်ကို ချီးမွမ်းကြကုန်၏။
ကိုးကား
[ပြင်ဆင်ရန်]- ↑ ဘိက္ခု သကျလောကပဏ္ဍိတ (၂၀၁၀)။ ပဉ္စနိကာယ(ပိဋကတ်သုံးပုံ၊ ပါဠိတော်ကျမ်းများမိတ်ဆက်)။
- ↑ -ခုဒ္ဒက၊၃-၄။ ခုဒ္ဒက၊မြန်၊၃-၄။ ခုဒ္ဒက၊ဋ္ဌ၊၇၅-၁၃၂။ -ခုဒ္ဒကနိကာယ၊ ခုဒ္ဒကပါဌ၊ ပဉ္စမသုတ်။
- ↑ -သုတ္တနိ၊၃၁၈-၉။ သုတ္တနိ၊မြန်၊၃၀၀-၁။ သုတ္တနိ၊ဋ္ဌ၊၂၊၁-၃၇။ ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ၊ ၂-စူဠဝဂ္ဂ၊ စတုတ္ထသုတ်။
- 1 2 3 ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ
- ↑ (ခုဒ္ဒက၊၄၊၈၊ သုတ္တနိ၊၃၁၂-၅။ မိလိန္ဒ၊၃၃၂။ ခုဒ္ဒက၊ဋ္ဌ၊၁၃၅-၆၊ ၁၆၄။ ဓမ္မ၊ဋ္ဌ၊၂၊၂၇၃-၄။ သုတ္တနိ၊ဋ္ဌ၊၁၊၂၆၅-၆။ ၂၉၂။ ဝိသုဒ္ဓိ၊၂၊၄၄။)
- ↑ တိပိဋကအဘိဓာန် အတွဲ-၁၇
- ↑ -ခုဒ္ဒကပါဌ၊၈-၉။ ခုဒ္ဒကပါဌ၊မြန်၊၇-၈။ ခုဒ္ဒကပါဌ၊ဋ္ဌ၊၁၆၈-၁၈၂။ -ခုဒ္ဒကနိကာယ၊ ခုဒ္ဒကပါဌ၊ သတ္တမသုတ်။
- ↑ -ပေတ၊၁၂၉-၁၃၀။ ပေတ၊မြန်၊၁၂၇-၈။ ပေတ၊ဋ္ဌ၊၁၈-၂၉။ -ခုဒ္ဒကနိကာယ၊ ပေတဝတ္ထု၊ ၁-ဥရဂဝဂ္ဂ၊ ပဉ္စမဝတ္ထု။
- ↑ -ခုဒ္ဒက၊၉-၁၀။ ခုဒ္ဒက၊မြန်၊၈-၁၀။ ခုဒ္ဒက၊ဋ္ဌ၊၁၈၂-၁၉၇။ -ခုဒ္ဒကနိကာယ၊ ခုဒ္ဒကပါဌ၊ အဋ္ဌမသုတ်။
ပြင်ပလင့်များ
ဝီကီရင်းမြစ်ရှိ ခုဒ္ဒကပါဌပါဠိတော် နှင့်ပတ်သက်သမျှများ