မာတိကာသို့ ခုန်သွားရန်

ခါလီဒါ ဇီယာ

ဝီကီပီးဒီးယား မှ
ခါလီဒါ ဇီယာ
Khaleda Zia
၂၀၁၆ ခုနှစ်က ပုံ
နဝမမြောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၁၀ အောက်တိုဘာ ၂၀၀၁  ၂၉ အောက်တိုဘာ ၂၀၀၆
သမ္မတ
  • ရှာဟာဗုဒ်ဒင် အာမက်
  • ဘီ ဒါဒရုဒ္ဇာ ချောဒရီ
  • အီယာဥဒ်ဒင် အာမက်
ယခင်လူ
  • Latifur Rahman
  • 'အကြံပေးအရာရှိချုပ်
ဆက်ခံသူ
  • Iajuddin Ahmed
  • အကြံပေးအရာရှိချုပ်
တာဝန်သက်တမ်း
၂၀ မတ် ၁၉၉၁  ၃၀ မတ် ၁၉၉၆
သမ္မတရှာဟာဗုဒ်ဒင် အာမက်
ယခင်လူခါဇီ ဇမ်ဘား အာမက်
ဆက်ခံသူ
  • မိုဟာမတ် ဟာဘေ့ဘား ရာမာန်
  • အကြံပေးအရာရှိချုပ်
ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ ခေါင်းဆောင်
တာဝန်သက်တမ်း
၁၀ မေ ၁၉၈၄  ၃၀ ဒီဇင်ဘာ ၂၀၂၅
ဆက်ခံသူတာရစ် ရာဟ်မန် ခါလီဒါ ဇီယာ၏ သား
အတိုက်အခံခေါင်းဆောင်
တာဝန်သက်တမ်း
၂၉ ဒီဇင်ဘာ ၂၀၀၈  ၉ ဇန်နဝါရီ ၂၀၁၄
ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ
ယခင်လူရှိတ်ဟာဆီနာ
ဆက်ခံသူရိုရှန် အာရှက်ဒ်
တာဝန်သက်တမ်း
၂၃ ဇွန် ၁၉၉၆  ၁၅ ဇူလိုင် ၂၀၀၁
ဝန်ကြီးချုပ်ရှိတ်ဟာဆီနာ
ယခင်လူရှိတ်ဟာဆီနာ
ဆက်ခံသူရှိတ်ဟာဆီနာ
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သမ္မတဇနီး
'
၂၁ ဧပြီ ၁၉၇၇  ၃၀ မေ ၁၉၈၁
သမ္မတဇီယာအူး ရာဟ်မန်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားKhaleda Khanam Putul
(1945-08-15)၁၅ ဩဂုတ်၊ ၁၉၄၅
ဗြိတိသျှ အိန္ဒိယ၊ဘင်္ဂလားပြည်နယ်
ကွယ်လွန်၃၀ ဒီဇင်ဘာ၊ ၂၀၂၅(2025-12-30) (အသက် ၈၀)
ဒါကာမြို့ဘင်္ဂလားဒေ့ရှ်နိုင်ငံ
လူမျိုး
နိုင်ငံရေးပါတီBangladesh Nationalist Party
လက်မှတ်

ခါလီဒါ ဇီယာ (အင်္ဂလိပ်: Khaleda Zia; ၁၉၄၅ ခုနှစ် ဩဂုတ် ၁၅ — ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀) သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီး ဝန်ကြီးချုပ် အဖြစ် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် ဘနာဇီယာဘူတို နောက်တွင် မွတ်စလင်ကမ္ဘာ၏ ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ် အဖြစ် မှတ်တမ်းတင်ခံရသည်။သူသည် ဘင်္ဂလားဒေ့ရှ် သမ္မတဟောင်းနှင့် စစ်တပ်အရာရှိ ဇီယာအူး ရာဟ်မန် ၏ ဇနီးလည်း ဖြစ်သည်။[]

ငယ်စဉ်ဘဝဖြတ်သန်းမှု

[ပြင်ဆင်ရန်]

၁၉၄၅ ခုနှစ်၊ဩဂုတ် ၁၅ ရက် တွင် ယခင် ဗြိတိသျှ အိန္ဒိယ၊ဘင်္ဂလားပြည်နယ်၊ ဂျယ်ပိုင်ဂူရီရှိ ဘင်္ဂါလီ မွတ်စလင် မိသားစုတွင် မွေးဖွားခဲ့ပြီး၊ထိုမိသားစု၏ တတိယမြောက်သမီး ဖြစ်သည်။ငယ်နာမည်မှာ ခါလီဒါ ခါနမ် ပူတူးလ် ဖြစ်သည်။

၁၉၄၇ ခုနှစ် အိန္ဒိယလွတ်လပ်ရေး အက်ဥပဒေအရ၊ အိန္ဒိယပြည်မကြီးကို ကိုးကွယ်ရာအယူဝါဒကိုလိုက်၍ နှစ်စုခွဲလိုက်ရာ၊ ၁၉၄၇ ခုနှစ် ဩဂုတ် ၁၄ ရက်နေ့တွင် ဒိုမီနီယန်အဆင့်အတန်းရှိသည့် ပါကစ္စတန်နိုင်ငံဟူ၍ ပေါ်ထွန်း လာခဲ့သည်။သူသည် ငယ်စဉ်ဘဝအား ပါကစ္စတန်နိုင်ငံသား အဖြစ် ဖြတ်သန်းကြီးပြင်းခဲ့သည်။

၁၉၆၀ ပြည့်နှစ် တွင် သူသည် ပါကစ္စတန် စစ်တပ်မှ တပ်မှူးအဆင့် ရှိသည့် ဇီယာအူး ရာဟ်မန် နှင့် လက်ထပ်ခဲ့သည်။လက်ထပ်ပြီးနောက် ခင်ပွန်းဖြစ်သူ၏ မျိုးရိုးအမည်ကိုလိုက်၍ ခါလီဒါ ဇီယာ ဟု အမည် ပြောင်းလိုက်သည်။

၁၉၆၅ ခုနှစ်တွင် ခင်ပွန်းနှင့်အတူ အနောက်ပါကစ္စတန် သို့ ရွှေ့ပြောင်းခဲ့သည်။ခင်ပွန်းသည် ၁၉၆၅ ခုနှစ် အိန္ဒိယ-ပါကစ္စတန် စစ်ပွဲအတွင်း စစ်မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၆၉ ခုနှစ် မတ်လတွင် အရှေ့ပါကစ္စတန် သို့ ပြောင်းရွှေ့ လာခဲ့ပြီးနောက်၊ခင်ပွန်းတာဝန်ထမ်းဆောင်ရာ စစ်တကောင်းမြို့ တွင် အခြေချခဲ့ကြသည်။

ဘဝဖြတ်သန်းမှုများ

[ပြင်ဆင်ရန်]

၁၉၇၁ ခုနှစ် မတ်လ ၂၆ရက် နေ့တွင် ဘင်္ဂလားသားများသည် ပါကစ္စတန် နိုင်ငံထံမှ အရှေ့ပါကစ္စတန် အား လွတ်လပ်ရေးကြေညာခဲ့ကြသည်။ထိုကြေညာမှုကို ပါကစ္စတန်နိုင်ငံသည် အစောပိုင်းတွင် လက်မခံခဲ့ပေ။ထိုကာလများသည် အရှေ့ပါကစ္စတန် တွင် ပါကစ္စတန်စစ်တပ်အုပ်ချုပ်လိုက်သည့်အတွက် နိုင်ငံရေးပြင်းထန်ခဲ့သည့်ကာလများ ဖြစ်ခဲ့သည်။

ဇီယာ သည် ၁၉၇၁ ခုနှစ် မေလ ၁၆ ရက်နေ့တွင် စစ်တကောင်းမှ ဒါကာသို့ ကလေးများနှင့်အတူ လျှိုဝှက်စွာဖြင့် ပြောင်းရွှေ့လာခဲ့သည်။သူသည် နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်နေခြင်းမရှိသေးသော်လည်း သူ၏ ခင်ပွန်း၊ ဇီယာ ရာဟ်မန်သည် ပါကစ္စတန် စစ်တပ်အရာရှိအဖြစ်မှ ဘင်္ဂလားဒေ့ရှ်လွတ်မြောက်ရေးစစ်အရာရှိအဖြစ်သို့ ကူးပြောင်းသွားပြီဖြစ်သည့်အတွက်၊မိသားစုကို အန္တရာယ်ရှိနိုင်သည်ဆိုသောအကြောင်းပြချက်ဖြင့် ဇူလိုင် ၂ ရက် နံနက်တွင် ပါကစ္စတန် စစ်တပ်၏ ထိန်းသိမ်းဖမ်းဆီးခြင်းကို ကလေးငယ် ၂ဦးနှင့်အတူ ခံခဲ့ရသည်။

ဖမ်းဆီးခံရခြင်း နှင့် လွတ်မြောက်ခြင်း

[ပြင်ဆင်ရန်]

ဖမ်းဆီးခံပြီးနောက် ခလီဒါ ဇီယာနှင့် သူ၏ သားနှစ်ဦးသည် ဒါကာစစ်တပ်နယ်မြေ အတွင်းရှိ အိမ်သို့ ရွှေ့ခဲ့ပြီး၊ ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ပထမပတ်အထိ ထိန်းသိမ်းခံခဲ့ရသည်။သူသည် ၁၉၇၁ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းတွင် လွတ်မြောက်ခဲ့သည်။

၁၉၇၁ ခုနှစ်၊ ဩဂုတ် ၂၁ ရက်တွင် ခင်ပွန်းဖြစ်သူ ဇီယာ ရာဟ်မန် သည် သူ၏ ဇနီးအကြောင်း ပါကစ္စတန်စစ်တပ်ထံသို့ အစီရင်ခံစာတစ်စောင်ရေးသားခဲ့သည်။ထိုအချိန်တွင် ခင်ပွန်းဖြစ်သူသည် ဘင်္ဂလားဒေ့ရှ်လွတ်မြောက်ရေးစစ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်။

၁၉၇၁ လွတ်လပ်ရေးပြီးနောက်နှင့် နိုင်ငံရေးထဲဝင်ရောက်ခြင်း

[ပြင်ဆင်ရန်]

ပါကစ္စတန်စစ်တပ်သည် အရှေ့ပါကစ္စတန် တွင် အာဏာ စွန့်လွှတ်ခဲ့ကြခြင်းဖြင့်၊ ၁၉၇၂ခုနှစ် ဒီဇင်ဘာ ၁၆ ရက် တွင် အရှေ့ပါကစ္စတန် သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဟူ၍ လွတ်လပ်စွာပေါ်ထွန်းလာခဲ့သည်။ ခါလီဒါ ဇီယာနှင့် သူ၏ သားနှစ်ဦး သည်လည်း လွတ်မြောက်လာခဲ့ပြီး ခင်ပွန်းဖြစ်သူနှင့် ပြန်လည်ဆုံဆည်းခဲ့သည်။

ဤသို့ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် သမ္မတ၊ဝန်ကြီးချုပ်များဖြင့် ကိုယ်ပိုင်အုပ်ချုပ်မှုကို စတင်ခဲ့သည်။

ခင်ပွန်းဖြစ်သူ ဇီယာအူး ရာဟ်မန်သည် ဘဝအစပိုင်းတွင် ပါကစ္စတန်စစ်တပ် တွင် ဗိုလ်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေခဲ့သည်။ ဒုတိယ ကာရှ်မီးယား စစ်ပွဲအတွင်း စစ်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ပြီး Hilal-e-Jurrat ဆုကို ချီးမြှင့်ခံခဲ့သည်။ ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးတိုက်ပွဲအတွင်း ဇီယာအူး ရာဟ်မန်သည် ဘင်္ဂလားဒေ့ရှ် တပ်ဖွဲ့ အတွက် လုံခြုံရေးနှင့် စစ်ရေးတာဝန်ထမ်းဆောင်ရန် ပါကစ္စတန်စစ်တပ်မှနုတ်ထွက် ပြောင်းလဲခဲ့ပြီး၊ မတ် ၂၇ ရက်နေ့တွင် လွတ်လပ်ရေးရေဒီယိုစခန်း (Swadhin Bangla Betar Kendra) မှတဆင့် နိုင်ငံလွတ်လပ်ရေးကြေညာချက်ကို ထုတ်လွှင့်ခဲ့သည်။ အဆိုပါ ထုတ်လွှင့်ကြေညာချက်ကြောင့် သူသည် လွတ်မြောက်ရေးကြေညာသူ အဖြစ် လူသိများခဲ့သည်။

ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးရပြီးနောက် ဘင်္ဂလားဒေ့ရှ် စစ်တပ် တွင် တပ်မဟာမှူးရာထူးရရှိခဲ့ပြီး၊ထိုမှတဆင့် ဒုတိယစစ်ဦးစီးချုပ် အဖြစ် တာဝန် အဆင့်ဆင့်ထမ်းဆောင်ခဲ့သည်။၁၉၇၅ ခုနှစ်၊ ဩဂုတ် ၁၅ ရက် ဘ င်္ဂလားဒေ့ရှ် စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ဦးစီးချုပ် အဖြစ် ရာထူးတိုးမြှင့်ခံရသည်။၁၉၇၅ ခုနှစ်၊ နိုဝင်ဘာ ၃ ရက် အာဏာသိမ်းမှုနောက်ပိုင်းတွင်မူ သူသည် စစ်တပ်တွင်းမှ ဖယ်ရှားခံရသည်။ ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာ ၇ ရက် အာဏာသိမ်းမှု အပြီးတွင် ဇီယာအူး ရာဟ်မန်သည် စစ်အုပ်ချုပ်ရေးအောက်တွင် အစိုးရခေါင်းဆောင်အဖြစ် အာဏာရရှိခဲ့သည်။၁၉၇၇ ခုနှစ် သမ္မတရာထူးကို လက်ခံပြီး ၁၉၇၈ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် စစ်တပ်မှ အနားယူခဲ့သည်။

၁၉၇၇ ခုနှစ်၊ဧပြီ ၂၁ ရက် တွင် ခင်ပွန်းဖြစ်သူ ဇီယာအူး ရာဟ်မန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ သမ္မတအဖြစ် ရာထူးယူလိုက်ချိန်မှစ၍ ခါလီဒါ ဇီယာ သည် နိုင်ငံသမ္မတ၏ ဇနီး (First Lady) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ထိုတာဝန်ကို ၁၉၈၁ ခုနှစ် မေ ၃၀ ရက် သမ္မတ ဇီယာအူး ရာဟ်မန် လုပ်ကြံခံရချိန်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံရေးဖြတ်သန်းမှုများ

[ပြင်ဆင်ရန်]

ခင်ပွန်းဖြစ်သူ လုပ်ကြံခံရပြီးနောက်၊၇လအကြာ ၁၉၈၂ ခုနှစ်၊ ဇန်နဝါရီ ၂ ရက်တွင် နိုင်ငံရေးသို့ ကိုယ်တိုင်ကိုယ်ကျ စတင် ဝင်ရောက်ခဲ့သည်။ခင်ပွန်းဖြစ်သူ တည်ထောင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ (Bangladesh Nationalist Party (BNP) )တွင် အဖွဲ့ဝင် အဖြစ် စတင်ရင်းဖြင့်၊၁၉၈၄ ခုနှစ် မေ ၁၀ ရက် တွင် ထိုပါတီ၏ ခေါင်းဆောင် ဖြစ်သွားခဲ့သည်။

၁၉၉၁ ခုနှစ်၊ဘင်္ဂလားဒေ့ရှ်အထွေထွေရွေးကောက်ပွဲ တွင် ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ သည် အနိုင်ရရှိခဲ့သည်။နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထဆုံးသော ဒီမိုကရက်တစ် ရွေးကောက်ပွဲ နှင့် တက်လာသည့် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေး ပါတီ (ဘီအန်ပီ) ခေါင်းဆောင် ခါလီဒါ ဇီယာ သည် ၁၉၉၁ ခုနှစ်၊မတ်လ ၂၀ ရက် တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာသည်။ထိုတာဝန်ကို ၁၉၉၆ ခုနှစ်၊မတ်လ ၃၀ ရက် နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ပြုလုပ်သည့် ပါလီမန်ရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ရှ် အဝါမီလိဂ်ပါတီသည် အင်အားကြီးပါတီတစ်ရပ်အဖြစ်ရပ်တည်ခဲ့ပြီးနောက်၊ ၁၉၉၆ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ထိုပါတီခေါင်းဆောင် ရှိတ်ဟာဆီနာသည် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်တာဝန်ကို စတင် ထမ်းဆောင်ခဲ့သည်။ဝန်ကြီးချုပ်ဟောင်း ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ ခေါင်းဆောင် ခါလီဒါ ဇီယာ သည် ပါလီမန်တွင် အတိုက်အခံခေါင်းဆောင် အဖြစ် ရပ်တည်ခဲ့သည်။

ဤသို့ဖြင့် ခါလီဒါ ဇီယာ နှင့် ရှိတ်ဟာဆီနာ တို့သည် တစ်လှည့်စီဝန်ကြီးချုပ် နှင့် အတိုက်အခံခေါင်းဆောင်တာဝန်များ ဝန်ထမ်းဆောင်ရင်း နိုင်ငံရေးပြိုင်ဘက်များ ဖြစ်လာခဲ့ကြသည်။၂၀၀၁ ခုနှစ် ရွေးကောက်ပွဲတွင် ခါလီဒါ ဇီယာသည် ဒုတိယအကြိမ်မြောက် ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခံရသည်။ထိုအချိန်တွင် ရှိတ်ဟာဆီနာ သည် အတိုက်အခံခေါင်းဆောင် အဖြစ် နှင့် နိုင်ငံရေးပြိုင်ဘက် အဖြစ် ရှိနေခဲ့သည်။

၂၀၀၆ ခုနှစ်၊အောက်တိုဘာ ၂၉ ရက် တွင် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ၏ အုပ်ချုပ်မှု ပြီးဆုံးပြီးနောက်၊ ၂၀၀၆ ခုနှစ် အောက်တိုဘာလကုန်တွင် သမ္မတ အီယာဂျူဒ်ဒင် အာမက်ဒ် (Iajuddin Ahmed)သည် သမ္မတ တာဝန်အပြင် အိမ်စောင့်အစိုးရအဖွဲ့၏ အကြံပေးအရာရှိချုပ် အဖြစ် ရွေးကောက်ပွဲမတိုင်ခင် တိုင်းပြည်၏ အုပ်ချုပ်ရေးအာဏာကို လွှဲယူခဲ့သည်။ယင်းနှင့်အတူ ၂၀၀၆-၂၀၀၈ ခုနှစ် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး အကျပ်အတည်းသည် စတင်သွားခဲ့သည်။

BNP အစိုးရသည် အိမ်စောင့်အစိုးရ၏ အကြံပေးအရာရှိချုပ် ခန့်အပ်မှုကို ထောက်ခံခဲ့သည်။အကြံပေးအရာရှိချုပ်သည် ကြားဖြတ် ရက် ၉၀ ကာလနှင့် လွှတ်တော် ရွေးကောက်ပွဲများအတွင်း အစိုးရကို စီမံခန့်ခွဲသည်။ထို့နောက်တွင် နိုင်ငံရေးပဋိပက္ခသည် စတင်ခဲ့သည်။ရှိတ်ဟာဆီနာ၏ အဝါမီလိဂ် ပါတီမှ စတင်သည့် အကြမ်းဖက်ဆန္ဒပြမှုများကြောင့် လူ ၄၀ သေဆုံးကာ ရာပေါင်းများစွာ ဒဏ်ရာရခဲ့သည်။ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီသည် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အတိုက်အခံများကို တိုင်ကြားမှုများ ရှိခဲ့သည်။

၂၀၀၇ ခုနှစ် ဇန်နဝါရီ ၁၁ ရက် တွင် အရေးပေါ်အခြေအနေ ကြေညာပြီး သမ္မတ အီယာဂျူဒ်ဒင် အာမက်ဒ် (Iajuddin Ahmed)သည် အိမ်စောင့်အစိုးရအဖွဲ့ အကြံပေးအရာရှိချုပ် အဖြစ်မှ နုတ်ထွက်ခဲ့ရသည်။စစ်တပ်ထောက်ခံသော အိမ်စောင့်အစိုးရ အသစ် တက်လာသည်။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ပြုလုပ်သည့် (၉)ကြိမ်မြောက် ပါလီမန်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဦးဆောင်သည့် မဟာမိတ် အုပ်စုသည် ပါလီမန်အမတ်နေရာ (၂၉၉)နေရာအနက် (၂၆၂)နေရာတွင် အနိုင်ရရှိခဲ့ပြီး၊ ၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။ဤသို့ဖြင့် ဝန်ကြီးချုပ်ရာထူးကို သက်တမ်းအရှည်ကြာဆုံးဝန်ကြီးချုပ် ဖြစ်သည်အထိ ရှိတ်ဟာဆီနာသည် နိုင်ငံမှထွက်ပြေးခဲ့ရသော ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ရက်နေ့ မွန်းလွဲပိုင်းအထိ ဆက်တိုက် ထမ်းဆောင်ခဲ့သည်။

ခါလီဒါ ဇီယာ သည် ထိုကာလတစ်လျှောက် အတိုင်အခံခေါင်းဆောင် အဖြစ် ဖြတ်သန်းခဲ့သည်။ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏ နိုင်ငံရေးအရ ဖိနှိပ်မှုများကိုလည်း ခံခဲ့ရသည်။

ပြင်းထန်ခဲ့သည့် အတိုက်အခံကာလများ

[ပြင်ဆင်ရန်]

၂၀၁၄ ခုနှစ် ဘင်္ဂလားဒေ့ရှ် အထွေထွေ ရွေးကောက်ပွဲ ကို ခါလီဒါ ဇီယာ သည် သပိတ်မှောက်ခဲ့သည်။၎င်းသပိတ်မှောက်ခဲ့သည့် ရွေးကောက်ပွဲတွင် ရှိတ်ဟာဆီနာ သည် အနိုင်ရကာ ဝန်ကြီးချုပ် ဖြစ်ခဲ့သည်။ဇီအာ သည် အတိုက်အခံခေါင်းဆောင်ဘဝ ဖြင့် အထွေထွေ ပိတ်ဆို့ ဆန္ဒပြပွဲများအပါအဝင် ၊အတိုက်အခံမျိုးစုံဆောင်ရွက်ခဲ့သည်။[]

၂၀၁၅ ခုနှစ်၊ဇန်နဝါရီနှစ်ဆန်းပိုင်းတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လူ၇၀၀၀ကျော်အထိ ဖမ်းဆီးထိန်းသိမ်းခဲ့ရသည့် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ သည် အတိုက်အခံများကို စစ်သွေးကြွများ အဖြစ် ပြောဆို ရှုတ်ချ ခဲ့ပြီး၊အတိုက်အခံများကို ဖိနှိပ်ခဲ့သည်။[]

၂၀၁၅ ခုနှစ်၊ဖေဖော်ဝါရီ ၃ ရက် တွင် ဘင်္ဂလားဒေရှ့် နိုင်ငံ ၊Chauddagram မြို့အနီး၌ ဖြစ်ပွားခဲ့သည့် လူ၇ဦး မီးလောင်သေဆုံးခဲ့သော ဘတ်စ်ကား တစ်စင်း မီးလောင်ဗုံးဖြင့် တိုက်ခိုက်ခံရသည့်ဖြစ်ရပ် ဖြစ်ပွားခဲ့သည်။ထိုကိစ္စနှင့် ပတ်သက်ပြီး သွေးထိုး လှုံဆော်မှုဖြင့် အတိုက်အခံခေါင်းဆောင် ခါလီဒါ ဇီယာ သည် ရှိတ်ဟာာဆီနာအစိုးရ အာဏာပိုင်အဖွဲ့၏ တရားစွဲဆိုခြင်းကို အခြားသူများနှင့်အတူ ခံခဲ့ရသည်။ဇီအာ ၏ ဘင်္ဂလားဒေရှ့်အမျိုးသားရေးပါတီ BNP သည် အဆိုပါ ဘတ်စ်ကား အတိုက် ခံခဲ့ရမှု ကို ပြစ်တင် ရှုတ်ချခဲ့ပြီး ၎င်းတို့နှင့် မသက်ဆိုင်ကြောင်း ကြေညာခဲ့သည်။[]သို့သော်လည်း ခါလီဒါ ဇီယာသည် ထိုဖြစ်ရပ်ဖြင့် ၂၀၁၆ ခုနှစ်၊မတ်လ ၃၀ ရက် တွင် ဘင်္ဂလားဒေ့ရှ်တရားရုံး၏ ဖမ်းဝရမ်းထုတ်ခြင်းကို ခံခဲ့ရသည်။[]

အဓိက မသင်္ကာသူအဖြစ် စွဲချက်ဖြင့် ဖမ်းဝရမ်းအပေါ် နိုင်ငံရေးအရ ပူးပေါင်းကြံစည်မှု တစိတ်တပိုင်းအဖြစ် အတိုက်အခံပါတီဘက်က တုံ့ပြန်ခဲ့ပြီး၊စွပ်စွဲချက်များကို ပယ်ချခဲ့သည်။

၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီ ၈ ရက် တွင် ခါလီဒါ ဇီယာ သည် အဂတိလိုက်စားမှု စွဲချက်များနှင့် ထောင်ဒဏ် ၅ နှစ် စီရင်ချက် ချမှတ်ခံခဲ့ရသည်။ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့သည့် ၂၀၀၁ ခုနှစ် မှ ၂၀၀၆ ခုနှစ် အတွင်း မိဘမဲ့ ဂေဟာ တခုအတွက် စုထားသည့် ရန်ပုံငွေထဲမှ အမေရိကန် ဒေါ်လာ ၂ သိန်းခွဲ အလွဲသုံးစား လုပ်ခဲ့မှုဖြင့် ပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်သည်။[]

ဇီယာကမူ နိုင်ငံရေးအရ လုပ်ဆောင်မှုကို ခံခဲ့ရသည်ဟု တရားရုံး ရှေ့တွင် ငိုကြွေးရင်း၊ ထောက်ခံကြသူများအား စိတ်ဓာတ် ခိုင်ခိုင်မာမာ ထားကြရန် မှာကြားရင်း ထောင်ဒဏ်ကျခံခဲ့ရသည်။[]

အမှု နှင့် ဆက်စပ်နေသည့် ဝန်ကြီးချုပ်ဟောင်း ဇီယာ ၏ သားဖြစ်သူ တာရစ် ရာဟ်မန် နှင့် တခြားသူ လေးဦးတို့ကိုလည်း တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။ သားဖြစ်သူ တာရစ် ရာဟ်မန် သည် ရှိတ်ဟာဆီနာ၏ နိုင်ငံရေးဖိနှိပ်ညှဉ်းပန်းမှုများကြောင့် ၂၀၀၈ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာခဲ့ပြီး ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော် တွင် တိမ်းရှောင်နေခဲ့ရသူဖြစ်သည်။

ထိုကဲ့သို့ အတိုက်အခံ ဘင်္ဂလားဒေရှ့် အမျိုးသားရေးပါတီ၏ ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း ဇီယာသည် ပြစ်ဒဏ် စီရင်ချက်ကြောင့် ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲ တွင် ပါဝင် ယှဉ်ပြိုင်ခွင့်ဆုံးရှုံးသွားခဲ့ပြီး၊ရှိတ်ဟာဆီနာ သည်သာ တကျော့ပြန်အာဏာဆက်လက် ရရှိခဲ့သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

ခါလီဒါ ဇီယာသည် ၂၀၂၁ ခုနှစ်မှစ၍ နာတာရှည် ကျောက်ကပ်ရောဂါ၊ အသည်းလုပ်ဆောင်ချက်ချို့ယွင်းမှု အပါအဝင် အသက်အရွယ်ဆိုင်ရာ ရောဂါများ ကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ခံစားနေခဲ့ရသည်။

၂၀၂၁ ခုနှစ် ဧပြီလတွင် COVID-19 ကူးစက်ခံခဲ့ရသော်လည်း လက္ခဏာမပြသဘဲ နောက်ပိုင်းတွင် ပြန်လည်ကျန်းမာလာခဲ့သည်။

၂၀၂၁ ခုနှစ် ဧပြီလ ၂၇ ရက်မှ ဇွန် ၁၉ ရက်အထိ၊ အောက်တိုဘာ ၁၂ ရက်မှ နိုဝင်ဘာ ၃ ရက်အထိ၊ ထို့နောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှစ၍ ဒါကာမြို့ရှိ ဆေးရုံတွင် ကုသမှု ခံယူခဲ့သည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၈ ရက်တွင် ဆေးဘက်ဆိုင်ရာအဖွဲ့သည် ခါလီဒါ ဇီယာ တွင် အသည်းချို့ယွင်းမှု (liver cirrhosis) ကို ခံစားနေရကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံခြားသို့ သွားရောက်ကုသခွင့်ပြုရန် တင်ပြခဲ့သော်လည်း ထိုတောင်းဆိုချက်ကို တရားရုံးမှ ပယ်ချခဲ့သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် သူသည် ဆေးရုံတက်၍ ဆက်လက် ဆေးကုသမှုခံယူခဲ့ရပြန်သည်။

၂၀၂၄ ခုနှစ် ဇွန်လ တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ရှိတ်ဟာဆီနာအစိုးရ၏ စီမံခန့်ခွဲမှု အလွဲအမှားနှင့်စပ်လျဉ်းပြီး ကျောင်းသားလူငယ်များဦးဆောင်သည့် ကြီးမားသည့် ဆန္ဒပြ လှုပ်ရှားမှုကြီး ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၄ ဘင်္ဂလားဒေ့ရှ် ကိုတာ ပြန်လည်ပြုပြင်ရေး လှုပ်ရှားမှုအဖြစ် လူသိများသည့် ထိုလှုပ်ရှားမှုကြောင့် သက်တမ်းရှည်ဝါရင့် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ သည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၅ရက်နေ့ မွန်းလွဲပိုင်း တွင် ရာထူးမှ ရုတ်တရက် နုတ်ထွက်ခဲ့ရပြီး အိန္ဒိယနိုင်ငံသို့ ထွက်ပြေးသွားခဲ့ရသည်။[]

လစ်လပ်နေသည့် ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့ အကြီးအကဲ ရာထူးကို အကြံပေးအရာရှိချုပ် အနေဖြင့် မိုဟာမတ် ယူနွတ်စ် သည် ဆက်ခံခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၅ ရက် ည ၁၀ နာရီဝန်းကျင် တွင် ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှဟာဘူဒင် သည် ဝန်ကြီးချုပ်ဟောင်း နှင့် အတိုက်အခံခေါင်းဆောင် ခါလီဒါ ဇီယာကို ထောင်ဒဏ်ချမှတ်ခံထားရခြင်းမှ ပြန်လွှတ်ပေးရန် အမိန့်ပေးခဲ့သည်။သူသည် ဤသို့ဖြင့် နေအိမ်အကျယ်ချုပ်မှ ပြန်လွှတ်လာခဲ့သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် ခါလီဒါ ဇီယာသည် လန်ဒန်မြို့သို့ သွားရောက်၍ ကုသမှု ခံယူခဲ့သည်။၄လကျော်ကြာ ဆေးကုသမှုခံယူပြီး မေလ ၆ ရက် တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

ဟာစီနာ၏ ခါးသီးပြိုင်ဘက်ဖြစ်သည့် ဇီယာ နှင့် ၎င်း၏ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) တို့သည် ယူနွတ် ခေါင်းဆောင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီမိုကရေစီစနစ် ပြန်လည်ကျင့်သုံးရန်အတွက် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲပြုလုပ်ရန် တိုက်တွန်းဖိအားပေးခဲ့သည်။[]

၂၀၂၅ ခုနှစ်၊နိုဝင်ဘာ ၂၁ ရက် တွင် ခါလီဒါ ဇီယာသည် ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရ အကြီးအကဲ ယူနွတ်စ် နှင့် ဒါကာမြို့ တွင် တွေ့ဆုံပြီး နိုင်ငံရေးဆွေးနွေးခဲ့ကြသည်။[၁၀]

၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် အလွန်အရေးကြီးသော အခြေအနေဖြင့် ဇီယာသည် ဆေးရုံတက်ခဲ့ရပြန်သည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် အစိုးရက သူ့အား အရေးကြီးပုဂ္ဂိုလ် အဖြစ် သတ်မှတ်ပြီး လုံခြုံရေးအတွက် Special Security Force ကို တပ်ဆင်ထားခဲ့သည်။

၂၀၂၅ ခုနှစ်၊ဒီဇင်ဘာ ၂၅ ရက် တွင် ပြည်ပ၌ ၁၇ နှစ်ကြာ တိမ်းရှောင်နေခဲ့ရသည့် ဇီယာမိသားစု၏ သားဖြစ်သူ တာရစ် ရာဟ်မန် သည် မိခင်နိုင်ငံသို့ ပြန်လာပြီးကျန်းမာရေးမကောင်းဖြစ်နေသည့် ဝန်ကြီးချုပ်ဟောင်း ခါလီဒါ ဇီယာ ၏ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ BNP၏ ယာယီ ခေါင်းဆောင်အဖြစ် လွှဲပြောင်းတာဝန်ယူခဲ့သည်။[၁၁] [၁၂]

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် Evercare Hospital တွင် ဇီယာသည် ကွယ်လွန်သွားခဲ့သည်။ခင်ပွန်းဖြစ်သူ သမ္မတဟောင်း ဇီယာအူး ရာဟ်မန်၏ သင်္ချိုင်းဘေးတွင် သင်္ဂြိုဟ်ခဲ့သည်။[၁၃]

ကိုးကား

[ပြင်ဆင်ရန်]
  1. "Conversations: Khaleda Zia; A Woman Leader for a Land That Defies Islamic Stereotypes"၊ The New York Times၊ 17 October 1993။
  2. ပိတ်ဆို့ ဆန္ဒပြဖို့ ဘင်္ဂလားဒေ့ရှ် အတိုက်အခံ ဆော်ဩ BBC (၅ ဇန်နဝါရီ ၂၀၂၅)။ ၃၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  3. အတိုက်အခံ ၇၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီးခဲ့ BBC (၂၁ ဇန်နဝါရီ ၂၀၁၅)။ ၃၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  4. ဘင်္ဂလားဒေ့ရှ် အတိုက်အခံ ခေါင်းဆောင် တရားစွဲခံရ BBC (၄ ဖေဖော်ဝါရီ ၂၀၁၅)။ ၃၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  5. ဝန်ကြီးချုပ်ဟောင်း Khaleda တရားရုံးဖမ်းဝရမ်းထုတ် VOA (၃၁ မတ် ၂၀၁၆)။ ၃၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  6. ဘင်္ဂလားဒေ့ရ်ှဝန်ကြီးချုပ်ဟောင်း ထောင် ငါးနှစ်အမိန့်ချခံရ VOA (၈ ဖေဖော်ဝါရီ ၂၀၁၈)။ ၃၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  7. ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ထောင် ၅ နှစ်ကျ BBC (၈ ဖေဖော်ဝါရီ ၂၀၁၈)။ ၃၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  8. ဟာစီနာအလွန် ဘင်္ဂလားဒေ့ရှ်သစ်အတွက် စိန်ခေါ်မှုများ The Irrawaddy (၁၅ ဩဂုတ် ၂၀၂၄)။ ၃၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  9. Bangladesh's ailing former premier Khaleda Zia returns home Reuters (6 May 2025)။ 31 Dec 2025 တွင် ပြန်စစ်ပြီး။
  10. Prof Yunus holds meeting with Khaleda Zia dhakatribune (21 Nov 2025)။ 31 Dec 2025 တွင် ပြန်စစ်ပြီး။
  11. Bangladesh election: Why BNP leader Tarique Rahman’s return matters aljazeera (26 Dec 2025)။ 31 Dec 2025 တွင် ပြန်စစ်ပြီး။
  12. နိုင်ငံရေးဩဇာကြီးသူ တာရစ်ရာမန် ပြည်နှင်ခံဘဝကို အဆုံးသတ်ပြီး ဘင်္ဂလားဒေ့ရှ် ပြန်မည် mizzima (၂၅ ဒီဇင်ဘာ ၂၀၂၅)။ ၃၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  13. ဘင်္ဂလားဒေ့ရှ် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ခါလီဒါ ဇီယာ ကွယ်လွန် DVB (၃၀ ဒီဇင်ဘာ ၂၀၂၅)။ ၃၁ ဒီဇင်ဘာ ၂၀၂၅ တွင် ပြန်စစ်ပြီး။