ခရူးဆိတ် စစ်ပွဲများ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အယူဝါဒကြောင့် ဖြစ်ပွားရသော စစ်ပွဲများ[ပြင်​ဆင်​ရန်​]

သခင်ယေရှု ဖွားမြင်ရာ ဂျရူးဆလမ်းမြို့ကို ပိုင်ဆိုင်ရေး အတွက် အနှစ် ၂ဝဝ အတွင်း၌ ခရစ်ယန်တို့သည် မွတ်စလင် တို့နှင့် ၈ ကြိမ်မျှ သွေးချောင်းစီး တိုက်ခိုက်ခဲ့ကြ၏။ ထိုစစ်ပွဲ များကြောင့် အပျက်နာခဲ့သလောက် အကျိုးလည်း များခဲ့ပေ သည်။

ကရူးဆိတ်စစ်ပွဲများ[ပြင်​ဆင်​ရန်​]

ဗုဒ္ဓအယူဝါဒီတို့သည် မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာကို အထွတ်အမြတ် ထား၍ ဘုရားဖူး သွားကြသကဲ့သို့၊ ခရစ်ယန်တို့သည်လည်း သခင်ယေရှု ဖွားမြင် တော်မူရာ ဒေသဖြစ်သော ဂျရူးဆလမ်းမြို့ကို အထွက်အမြတ် ထားလျက် ဘုရားဖူးသွားလေ့ရှိကြသည်။ အလယ်ခေတ်အတွင်း ဥရောပတိုက်သားတို့ ဂျရူးဆလမ်းမြို့သို့ ဘုရားဖူး သွားကြ စဉ်က၊ ဂျရူးဆလမ်းမြို့ တည်ရှိရာ ပါလက်စတိုင်းပြည်ကို အုပ်စိုးလျက်ရှိသော အာရပ်မွတ်စလင်တို့သည် ခရစ်ယန် ဘုရားဖူးများကို အနှောင့်အယှက် မပြုခဲ့ချေ။ သို့သော် ၁၁ ရာစုနှစ်တွင် ဂျဇူးဆလမ်းမြို့သည် ထိုခေတ်က ဆာရဆစ် ခေါ်သည့် ဆဲလဂျွတ်တရက်တို့ လက်အောက်သို့ ကျရောက် သွားသဖြင့် ခရစ်ယန်ဘုရားဖျားမှာ အာရပ်မွတ်စလင်တို့ လက်ထက်ကကဲ့သို့ မဟုတ်မူဘဲ ညှဉ်းပန်းနှိပ်စက်ခြင်း ခံကြ ရ၏။

ထိုအခါ ခရစ်ယန်တို့သည် မခံမရပ်နိုင်ဖြစ်၍ မိမိတို့ အထွတ်အမြတ်ထား ရာဖြစ်သော သောမြေကို ဆာရဆင် ခေါ် သည့် ဆဲလဂျွတ်တစ်ရက်တို့လက်မှ ပြန်လည် သိမ်းပိုက်နိုင်ရန် ကြိုးစားကြကုန်၏။ ဤသို့ဖြင့် ၁၁ ရာစုနှစ်မှ ၁၃ ရာစုနှစ် တိုင်အောင် ကရူးဆိတ် စစ်ပွဲပေါင်း ရှစ်ကြိမ်မျှ ဖြစ်ပွားခဲ့လေ သည်။ ပထမကရူးဆိတ်စစ်ပွဲမျာ ၁ဝ၆၉ ခုမှ ၉၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့၏။ ဂျရူးဆလမ်း၌ ခရစ်ယန်တို့အား ဆာရဆင်များက ညှဉ်းပန်းပုံကို ထိုအတိုင်းကြည့်နေလျှင်၊ ကဲသည်ထက် ကဲလာ ၍ ခရစ်ယန်အယူဝါဒအား လွှမ်းမိုးသွားမည်ကို စိုးရိမ်ရသဖြင့်၊ ကလားမွန်မြို့တွင် အယူဝါဒဆိုင်ရာ အစည်းအဝေးကြီး ကျင်းပ ၍ ဆာရဆင်တို့အား တိုက်ခိုက်နှိမ်နင်းရန် ဆုံးဖြတ်ကြသည်။ ထိုအရေးတွင် ပီတာ-သ- ဟာမစ်သည် အယူဝါဒ စော်ကားသူ ဆာရဆင်တို့အား တိုက်ခိုက်ချေမှုန်းရန် ဥရောပတစ်ခွင်သို့ လှည့်လည်၍ လှုံဆော်ခဲ့လေသည်။

ဥရောပမှ လူအများသည် ပါလက်စတိုင်းပြည်သို့ ချီတက်၍ ဂျရူးဆလမ်းမြို့ကို သိမ်းပိုက်ရန် တပ်ကြီး နှစ်တပ်ကို ဖွဲ့စည်းခဲ့ သည်။ တပ်တစ်တပ်ကို ပီတာ-သ-ဟာမစ် က ခေါင်းဆောင်၍ ကျန်တပ်တတပ်ကို ဝေါ်လတာ-သ-ပဲနီလက် အမည်ရှိ သူရဲကောင်းက ခေါင်းဆောင်လေသည်။

ပီတာခေါင်းဆောင်သောတပ်မှာ ကတိုက်ကရိုက် တပ်ဖွဲ့၍ ထွက်လာကြသဖြင့်၊ အစီအစဉ်လည်း မကျန၊ လက်နက်လည်း မပြည့်စုံချေ။ ထို့ပြင် အရှေ့နိုင်ငံများသို့ ချီတက်ရာလမ်းခရီး သည် ပင်ပန်းခက်ခဲလှ၍၊ ပါလက်စတိုင်းသို့ မရောက်မီကပင် တပ်သားများ သေကြပျက်စီးကြသဖြင့် အရေးမလှခဲ့ချေ။ သို့ရာ တွင် ဝေါ်လတာ ခေါင်းဆောင်သည့်တပ်ကား ကွန်စတန်တီနို ပယ်မြို့အရောက် ချီတက်နိုင်ခဲ့လေသည်။

ထိုတပ် ၂တပ် ထွက်သွားပြီးမှ မင်းညီမင်းသားများနှင့် သူရဲ ကောင်း မြောက်မြားစွာ ခေါင်းဆောင် ပါဝင်သည့် စနစ်တကျ ကျင့်သားရပြီးသော တပ်များသည် ပါလက်စတိုင်းပြည်ဘက်သို့ ဆက်လက် ချီတက် တိုက်ခိုက်ရာ လမ်းတစ်လျှောက်တွင် ခရစ်ယန်တို့ဖက်မှ အကျအဆုံး များသလောက် ဆာရဆင်တို့ ဘက်မှလည်း အပျက်အစီး နာလှသည်။ လမ်းတစ်လျှောက်ရှိ မြို့ကြီးများကို သိမ်းပိုက်နိုင်၍ ၁ဝ၉၉ ခုနှစ်တွင် မိမိတို့၏ ရည်ရွယ်ချက်ပန်းတိုင်ဖြစ်သော ဂျရူးဆလမ်းမြို့ကြီးကို သွေး ချောင်းစီးမျှ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ကြသည်။ ထိုအခါ တွင် ကရူးဆိတ်စစ်တပ်များဖက်မှ ခေါင်းဆောင်တစ်ဦး ဖြစ် သော ဗူယွန်မြို့သား ဂေါ့ဖရီအား ဂျရူးဆလမ်းဘုရင်အဖြစ် တင်မြှောက်၍ သေဉ်မြေကို ကာကွယ်စောင့်ရှောက်ရန် ထားခဲ့ ကြသည်။

ထိုစဉ်က ကရူးဆိတ်စစ်တပ်များတွင် ပါဝင်ဆင်နွဲသူများမှာ ဂုဏ်ထူးဘွဲ့ထူးနှင့် ကျော်စောခြင်းကိုသာမက၊ လယ်ယာ မိုးမြေ ရွှေငွေအများလည်း ရရှိကြသည်။ ထိုကြောင့် နောင်ခေတ်များ၌ ကရူးဆိတ်စစ်တပ်ကြီးများတွင် လိုက်ပါ တိုက်ခိုက်လိုသူများ အတော်ပင် ပေါများခဲ့၏။ သို့သော် ထိုသူများမှာ အယူဝါဒ အတွက် တိုက်ခိုက်ခြင်းထက် မိမိတို့ကျော်စောကိတ္တိရှိမှု၊ ချီ တက်ရာလမ်းမှ ပြည်နယ်များကို လုယက်တိုက်ခိုက်လိုမှုများ အတွက် လိုက်ပါသူက ပို၍များပြားလေသည်။

၁၁၄၇ ခုနှစ်မှ ၄၉ ခုနှစ်တွင် ဒုတိယ ကရူးဆိတ်စစ်ပွဲ ဖြစ် ပွားပြန်သည်။ ထိုစစ်ပွဲတွင် ပြင်သစ်ဘုန်းကြီး စိန်ဗါးနဒ်က ဆော်ဩ၍၊ ဂျာမနီနိုင်ငံမှ တတိယကရူးဆိတ်တပ်ကြီးသည် ပါလက်စတိုင်းဖက်သို့ ချီတက်ခဲ့၏။ သို့သော် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းကြောင့် ပါလက်စတိုင်းသို့ မရောက်မီပင် မရှုမလှ အရေးနိမ့်၍ ပြန်လည် ဆုတ်ခွာလာခဲ့ကြရသည်။

ထိုနောက် အနှစ်လေးဆယ်ခန့်တွင် ထင်ရှားလှသော မွတ် စလင်ခေါင်းဆောင် ဆဲလဒင်းဘုရင်က ဂျရူးဆလမ်းမြို့ကို တိုက်ခိုက်သိမ်းပိုက်သဖြင့် တတိယကရူးဆိတ်စစ်ပွဲ (၁၁၈၉- ၁၁၉၁) ဖြစ်ပွားရပြန်သည်။

ထိုအကြိမ်က ခေါင်းဆောင်သူများ မှာ ဖရက်ဒရစ် ဗါဗရော့ဆာ ဧကရာဇ် ဘုရင်၊ ပြင်သစ် ဘုရင် ဖိလစ်နှင့်အင်္ဂလန်ပြည်ဘုရင် ပထမ ရစ်ချတ်တို့ဖြစ်လေသည်။ ဖရက်ဒရစ် ဗါဗရော့ဆာမျာ အာရှ မိုင်းနားသို့ရောက်၍ မြို့တစ်မြို့သိမ်းပြီးမှ မြစ်တစ်မြစ်ကို ဖြတ် ကူးစဉ် ရေနစ်၍ ကံကုန်လေသည်။ ထိုကြောင့် ရစ်ချတ်နှင့် ဖိလစ် နှစ်ဦးသာ ခေါင်းဆောင်၍ ဂျရူးဆလမ်းမြို့သို့ ချီတက်ခဲ့ ကြရသည်။ သို့သော် ဧကမြို့ကို သိမ်းပိုက် ကြပြီးသော် ထို ခေါင်းဆောင် ဘုရင်နှစ်ဦးတို့ သဘောကွဲလွဲကြသဖြင့် ဖိလစ် သည် တပ်ခေါက်၍ ပြန်လာခဲ့သည်။ ရစ်ချတ်တဦးတည်း ပါလက်စတိုင်းတွင် ကျန်ရစ်ခဲ့၍ ဆက်လက် တိုက်ခိုက်နေပြီး နောက် မြှော်လင့်ချက် မရှိလှသဖြင့် ဆဲလဒင်းနှင့် စစ်ပြေငြိမ်း ရေးစာချုပ် ချုပ်လေသည်။ ထိုစာချုပ်ဖြင့် ခရစ်ယန်ဘုရားဖူး များအား မွတ်စလင်တို့က မနှောင့်ယှက်ရန် ဆဲလဒင်းထံမှ ကတိရခဲ့လေသည်။

စတုတ္ထကရူးဆတ်စစ်ပွဲတွင် ဖလန်းဒါးနယ်စား ကောင့် ဗေါ်လဒွင် ခေါင်းဆောင်၍ ပါလက်စတိုင်း ပြည်ဖက်သို့ ချီတက်သော်လည်း၊ ဗင်းနစ်မြို့အရောက်တွင် ကွန်စတန်တီနို ပယ်မြို့မှ စစ်ကူခေါ်သဖြင့် ထိုမြို့သို့ သွားရောက်ကာ ဧကရာဇ် ဘုရင်အား နန်းပြန်တင်ရေးကို ကူညီရလေသည်။ ထိုကြောင့် ပါလက်စတိုင်းသို့ပင် မရောက်ဘဲ ကွန်စတန်တီနိုပယ်မြို့ကို ကရူးဆိတ်တပ်သားများက တိုက်ခိုက်လုယက်ကြ၏။ ဧကရာဇ် ဘုရင် ကွယ်လွန်သည့်အခါ ဗော်လဒွင်သည် ထီးနန်းကို ဆက်ခံလေသည်။

ပဉ္စမ ကရူးဆိတ်စစ်ပွဲ (၁၂၂၈-၂၉) တွင်ကား ခရစ်ယန်ခေါင်းဆောင် ဖြစ်သူ ဂျာမနီပြည့်ရှင် ဖရက်ဒရစ်သည် ခရစ်ယန်မြေကို ပိုင်သော အီဂျစ်ဘုရင်နှင့် စေ့စပ်ရေးစာချုပ်များ ချုပ်ဆိုခြင်း အားဖြင့် စစ်မတိုက်ရဘဲ ဂျရူးဆလမ်းမြို့ကို ရခဲ့လေသည်။ သို့သော် ၁၂၄၄ ခုနှစ်တွင် တူရကီတို့က ခရစ်ယန်သေဉ် မြေကို သိမ်းပိုက်ကြပြန်သဖြင့်၊ ပြင်သစ်ဘုရင် နဝမလူဝီ ခေါင်းဆောင်ပြီးလျှင် ဆဋ္ဌမကရူးဆိတ်စစ်ပွဲ (၁၂၄၇-၁၂၅၄)ကို ဆင်နွှဲကြပြန်သည်။ ထိုစစ်ပွဲတွင် ထိုစဉ်အခါက ပါလက်စတိုင်း သို့ တက်ရောက်ရာ အချက်အခြာဖြစ်သည့် အီဂျစ်နိုင်ငံသို့ ချီတက်တိုက်ခိုက် လေသည်။ ထိုစစ်ပွဲတွင် ခရစ်ယန်တို့ဖက်မှ အရေးနိမ့်၍ လူဝီဘုရင်ကိုယ်တိုင် အဖမ်းခံရပြီးလျှင်၊ ကြေးငွေ အမြောက်အမြား ပေး၍ ရွေးမှ လွတ်မြောက်ခဲ့လေသည်။ ပြင်သစ်ဘုရင် စိန်လူဝီနှင့်အင်္ဂလန်ပြည်ဘုရင် ပထမအက်ဒွပ် မင်းသားတို့ ခေါင်းဆောင်၍ သတ္တမ ကရူးဆိတ်စစ်ပွဲကို စတင် ကြပြန်သည်။ သို့သော် စိန်လူဝီမှာ စစ်တိုက်နေယင်း ပလိပ် ရောဂါဖြင့် ကွယ်လွန် သွား၍၊ ခရစ်ယန်သူရဲကောင်များ ထိန်းသိမ်းစောင့်ရှောက်ခဲ့သော ပါလက်စတိုင်းပြည်ရှိ မြို့ကြီး များသည်လည်း တစ်မြို့ပြီးတမြို့ မွတ်စလင်များလက်သို့ ကျရောက်ကြလေသည်။ ၁၂၉၁ ခုနှစ် အလွန်တွင် ကရူးဆိတ် စစ်ပွဲများ မရှိတော့ချေ။

နှစ်ပေါင်းနှစ်ရာခန့်အတွင်း ကရူးဆိတ်စစ်ပွဲကြီးများ တစ်ခု ပြီးတစ်ခု ဖြစ်ပွားခဲ့သည်။ အယူဝါဒကို အကြောင်းပြုလျက် စွန့်စားလိုမှု၊ တိုက်ခိုက်ယင်း ပစ္စည်းဥစ္စာ တိုက်ခိုက်လုယူလိုမှု၊ နာမည်ကျော်ကြားလိုမှု၊ နယ်မြေများ ရရှိလိုမှုတို့ကြောင့် ကရူး ဆိတ်စစ်ပွဲကြီးများ ဖြစ်ခဲ့လေသည်။ ထိုသို့ဖြစ်စေရန်လည်း အကြောင်းရှာ၍ ကြိုးစားခဲ့ကြ၏။ ထိုခေတ်အခါက ကရူး ဆိတ်စစ်တပ်များ အလွန်ခေတ်စားခဲ့ကြသည်။ ထို့ကြောင့် ၁၂၁၂-ခုနှစ်ခန့်တွင် ကလေးများပင် ကရူးဆိတ်စစ်တပ် တစ်တပ် ဖွဲ့စည်းခဲ့လေသည်။ ထိုကလေးများမှာ ဂျာမနီနှင့် အီတလီတို့မှ ဖြစ်ကြ၍ မြေထဲပင်လယ်ကို ဖြတ်သန်းကာ ပါလက်စတိုင်းပြည်ကို ချီတက် သွားကြ၏။ ကလေးများအား ဘုရားသခင်က စောင့်ရှောက်ကူညီသဖြင့် သူတို့၏ရည်ရွယ်ချက် ပြည့်စုံလိမ့်မည်ဟု မြှော်လင့်ကြသော်လည်း၊ ကလေး အမြောက် အမြားပင် ပျက်စီးသေဆုံး၍ အချို့မှာ ငွေဝယ်ကျွန်အဖြစ် ရောင်းစားခြင်း ခံကြရလေသည်။

ယင်းသို့ဖြင့် ကရူးဆိတ်စစ်ပွဲများမှာ အရှုံးများခဲ့သည်ဟု ဆိုရပေမည်။ သို့သော် အမြတ်ထွက်သည့် အချက်များလည်း ဆိုပေသေးသည်။ ယင်းသို့မှာ ထိုခေတ်ထိုအခါက တစ်ဦးကို တစ်ဦး တိုက်ခိုက်သတ်ဖြတ်နေခဲ့သော ဥရောပြည်နယ်များသည် ရည်ရွယ်ချက် တစ်ခုတည်းအတွက် ပေါင်းစည်းလာကြသည်။ ယဉ်ကျေးမှု အဆင့်အတန်း နိမ့်ကျခဲ့သော ဥရောပအနောက်ပိုင်း နိုင်ငံများသည် ယဉ်ကျေးမှုအဆင့်အတန်းမြင့်သည့် အရှေ့ဘက် နိုင်ငံများနှင့် ဆက်ဆံလာကြရသဖြင့် ယဉ်ကျေးမှု တိုးတက် လာသည်။ အရှေ့နိုင်ငံများကဲ့သို့ ကောင်းကောင်းနေ ကောင်း ကောင်းစားလျက် စည်းစိမ်ခံစားရမှန်း သိလာသည်။ ထိုကြောင့် ယခင်က မတွေ့မမြင်ဘူးသည့် ပစ္စည်းများကို သုံးစွဲလာကြ၍ အရှေ့နိုင်ငံများနှင့် ကုန်သွယ်မှုများ ပြုလုပ်လာလေသည်။ ကုန်စည်ရောင်းဝယ်ခြင်းဖြင့်လည်း တန်ခိုးကြီးမားလာသော ဗင်းနစ်၊ ဂျီးနိုးဝါးစသည့် မြို့ကြီးများ ပေါ်ပေါက်လာလေသည်။ ထို့ပြင် အရှေ့နိုင်ငံများ၏ အတွေးအခေါ် အယူအဆများကို စဉ်းစားလာကြ၏။ ယင်းသို့ဖြင့် ၁၅ ရာစုနှစ်လောက်တွင် ဥရောပတိုက်၌ အတတ်ပညာ ပြန်လည် ဆန်းသစ်ခေတ် ဖြစ် သော ခေတ်ဆန်းချိန် ပေါ်ပေါက်ရန် အခြေခံအုတ်မြစ်များ တဖြည်းဖြည်း ချခဲ့သည်ဟု ဆိုနိုင်သည်။ ထိုကြောင့် ကရူး ဆိတ်စစ်ပွဲများသည် ဥရောပ၏အခြေအနေ ပြုပြင်ပြောင်းလဲရေး ၏ အခြေခံ အုတ်ချပ်များဟုဆိုလျှင် မှားမည် မဟုတ်ချေ။

[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)