ခရာ-ဒိုင် ဘာသာစကားများ
ခရာ–ဒိုင် ဘာသာစကားများ (အင်္ဂလိပ်: Kra–Dai languages) သို့မဟုတ် တိုင်-ခဒိုင် ဘာသာစကားများ (အင်္ဂလိပ်: Tai–Kadai languages) သည် တရုတ်နိုင်ငံတောင်ပိုင်း၊ အရှေ့တောင်အာရှနှင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတို့တွင် ပျံ့နှံ့အသုံးပြုကြသော ဘာသာစကားမိသားစုတစ်ခုဖြစ်သည်။ ဤဘာသာစကားမိသားစုတွင် ထိုင်းနိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သော ထိုင်းဘာသာစကားနှင့် လာအိုနိုင်ငံ၏ ရုံးသုံးဘာသာစကားဖြစ်သော လာအိုဘာသာစကားတို့ ပါဝင်သည်။
| ခရာ-ဒိုင် | |||
|---|---|---|---|
| တိုင်-ခဒိုင်၊ တိုင် (ရှမ်း) | |||
| လူမျိုး: | တိုင်လူမျိုးများ | ||
| ဒေသအလိုက် ပျံ့နှံ့မှု: | တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ကျွန်း၊ အရှေ့တောင်အာရှ နှင့် အရှေ့မြောက်အိန္ဒိယ | ||
| ခွဲခြားမှု: | ကမ္ဘာ့အဓိက ဘာသာစကားမိသားစုများအနက်မှ တစ်ခု | ||
| ရှေးဦးပထမဖြစ်သော ဘာသာစကား | ရှေးဦး-ခရာ-တိုင် | ||
| အခွဲများ: | |||
| Glottolog: | taik1256[၁] | ||
ခရာ-ဒိုင် ဘာသာစကားမိသားစု ပြန့်နှံ့တည်ရှိပုံပြမြေပုံ
| |||
ခရာ-ဒိုင် ဘာသာစကား ပြောဆိုသူ စုစုပေါင်း ၉၃ သန်းခန့် ရှိသည့်အနက် ၆၀ ရာခိုင်နှုန်းခန့်မှာ ထိုင်းဘာသာစကားကို ပြောဆိုကြသူများ ဖြစ်သည်။[၂] Ethnologue ၏ မှတ်တမ်းများအရ ဤမိသားစုတွင် ဘာသာစကားပေါင်း ၉၅ မျိုး ပါဝင်ပြီး ၎င်းတို့အနက် ၆၂ မျိုးမှာ တိုင်ဘာသာစကားများ (Tai languages) အကိုင်းအခက်တွင် ပါဝင်သည်။ယခင်က ဤဘာသာစကားအုပ်စုကို တရုတ်-တိဗက်နွယ် ဘာသာစကားများ မိသားစု၏ အခွဲတစ်ခုဖြစ်သော "Sino-Tai" (တရုတ်-တိုင်) သီအိုရီအဖြစ် ယူဆခဲ့ကြသော်လည်း တိကျခိုင်မာသော ဆက်စပ်မှု အထောက်အထားများ မရှိသဖြင့် ၁၉၈၀ ပြည့်လွန်နှစ်များတွင် အဆိုပါ သီအိုရီကို ပယ်ဖျက်ခဲ့ကြသည်။[၃]
လက်ရှိတွင် ခရာ-ဒိုင် ဘာသာစကားများကို သီးခြားဘာသာစကားမိသားစုတစ်ခုအဖြစ် သတ်မှတ်ထားသည်။ သို့သော် အချို့သော ပညာရှင်များက ဤမိသားစုသည် အော်စထရိုနီးရှန်း ဘာသာစကားများ (Austronesian languages) နှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း "Austro-Tai theory" ကို တင်ပြထားကြပြီး ယင်းနှင့်ပတ်သက်၍ ဆက်လက်သုတေသနပြုဆဲ ဖြစ်သည်။
ခရာ-ဒိုင် ဘာသာစကားမိသားစု သတ်မှတ်ခဲ့ပုံ သမိုင်းကြောင်း
[ပြင်ဆင်ရန်]ခရာ-ဒိုင် ဘာသာစကားများကို သီးခြားဘာသာစကားမိသားစုကြီးတစ်ခုအဖြစ် သတ်မှတ်နိုင်ရန် ဘာသာဗေဒပညာရှင်များက အဆင့်ဆင့် သုတေသနပြုခဲ့ကြသည်။
၁။ တရုတ်-တိဗက်နွယ်ဝင်အဖြစ် ယူဆခဲ့ခြင်း (၂၀ ရာစုအစောပိုင်း)
[ပြင်ဆင်ရန်]၁၉ ရာစုနှောင်းပိုင်းနှင့် ၂၀ ရာစုအစောပိုင်းတွင် ဥရောပနှင့် တရုတ်ဘာသာဗေဒပညာရှင်များက ထိုင်း၊ ရှမ်း နှင့် လာအို (Tai) ဘာသာစကားများကို တရုတ်-တိဗက်နွယ် ဘာသာစကားများ၏ အကိုင်းအခက်တစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။ တရုတ်ဘာသာစကားကဲ့သို့ပင် အသံနိမ့်အသံမြင့် (Tones) ရှိခြင်း၊ စကားလုံးတစ်လုံးချင်း ခွဲခြားထားခြင်း (Monosyllabic) နှင့် ဝေါဟာရအချို့ တူညီနေခြင်းတို့ကြောင့် ဖြစ်သည်။ ၎င်းကို "Sino-Tai" (တရုတ်-တိုင်၊ ထိုင်း-တရုတ်) အယူအဆဟု ခေါ်ဆိုခဲ့သည်။
၂။ Paul K. Benedict နှင့် ခဒိုင် (Kadai) အမည်ပေါ်ပေါက်လာခြင်း (၁၉၄၂)
[ပြင်ဆင်ရန်]၁၉၄၂ ခုနှစ်တွင် အမေရိကန် ဘာသာဗေဒပညာရှင် Paul K. Benedict က ထိုင်း-တရုတ် ဆက်နွယ်မှုကို စတင်သံသယဖြစ်ခဲ့သည်။ လူသိနည်းသော ခရာ (Kra) အုပ်စုဝင် ဘာသာစကားများကို လေ့လာပြီးနောက် "Kadai" ဟူသော ဝေါဟာရကို စတင်အသုံးပြုခဲ့သည်။Kadai အမည်ရင်းမြစ်မှာ ၎င်းသည် K (ခရာ) နှင့် Dai (တိုင်) တို့ကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။Benedict က ဤအုပ်စုသည် တရုတ်နှင့် မသက်ဆိုင်ဘဲ အော်စထရိုနီးရှန်း ဘာသာစကားများ (ဥပမာ- မလေး၊ အင်ဒိုနီးရှား) နှင့်သာ ပိုမိုနီးစပ်ကြောင်း "Austro-Tai" သီအိုရီကို တင်ပြခဲ့သည်။[၄]
၃။ထိုင်း-တရုတ်(Sino-Tai) အယူအဆကို တရားဝင် ပယ်ဖျက်ခြင်း (၁၉၇၀ - ၁၉၉၀)
[ပြင်ဆင်ရန်]၁၉၇၀ ပြည့်လွန်နှစ်များတွင် Li Fang-Kuei ကဲ့သို့သော ပညာရှင်များက တရုတ်စကားနှင့် ခရာ-ဒိုင် စကားများအကြား တူညီနေသော စကားလုံးများသည် မျိုးရိုးတူ၍ မဟုတ်ဘဲ၊ ရှေးဟောင်းတရုတ်စကားထံမှ ငှားယူထားသော "မွေးစားစကားလုံးများ" (Loanwords) သာဖြစ်ကြောင်း သက်သေပြခဲ့သည်။၁၉၈၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် ကမ္ဘာ့ဘာသာဗေဒလောကက "Sino-Tai" သီအိုရီကို လက်မခံတော့ဘဲ ခရာ-ဒိုင်ကို သီးခြားလွတ်လပ်သော မိသားစုတစ်ခုအဖြစ် တရားဝင် လက်ခံခဲ့ကြသည်။
၄။ ခေတ်သစ် "ခရာ-ဒိုင်" (Kra-Dai) အမည် သတ်မှတ်ခြင်း
[ပြင်ဆင်ရန်]ယခင်က သုံးစွဲခဲ့သော "Kadai" ဟူသော အမည်သည် အုပ်စုခွဲများကို ရောထွေးစေသဖြင့် ၂၀၀၀ ပြည့်လွန်နှစ်များတွင် Weera Ostapirat ကဲ့သို့သော ပညာရှင်များက Kra-Dai (ခရာ-ဒိုင်) ဟူသော အမည်ကို ပိုမိုတိကျသော အမည်အဖြစ် အဆိုပြုခဲ့သည်။Kra မျိုးနွယ်စုများက မိမိကိုယ်ကို "လူ" ဟု ခေါ်ဆိုသော ဝေါဟာရ (ဥပမာ- Gelao, Lachi)။ တိုင်မျိုးနွယ်စုများက မိမိကိုယ်ကို ခေါ်ဆိုသော ဝေါဟာရ (ဥပမာ- ထိုင်း, တိုင်, ရှမ်း)။
၅။ လက်ရှိ အခြေအနေ
[ပြင်ဆင်ရန်]ယနေ့ခေတ်တွင် Ethnologue၊ Glottolog နှင့် နိုင်ငံတကာ ဘာသာဗေဒ အသိုင်းအဝိုင်းက ခရာ-ဒိုင်ကို တရုတ်-တိဗက် မိသားစုဝင် မဟုတ်တော့ဘဲ၊ အရှေ့တောင်အာရှ၏ အဓိက ဘာသာစကားမိသားစုကြီး (၅) ခုအနက်မှ တစ်ခုအဖြစ် အသိအမှတ်ပြုထားကြသည်။
မျိုးရိုးဗီဇ
[ပြင်ဆင်ရန်]ခရာ-ဒိုင် (Kra–Dai) ဘာသာစကားများ၏ မူလဖြစ်ပေါ်ရာဒေသ (Urheimat) သည် ယနေ့ခေတ် တရုတ်နိုင်ငံတောင်ပိုင်းရှိ ကွမ်ရှီးပြည်နယ် နှင့် ယူနန်ပြည်နယ် တို့အနီး ဖြစ်သည်ဟု ပညာရှင်များက ယူဆကြသည်။[၅] ကျွမ်း (Zhuang)၊ ဒုံ (Dong) နှင့် လီ (Li) လူမျိုးစုများသည် တရုတ်သမိုင်းမှတ်တမ်းများတွင် ဘိုင်ယွီ (Bai Yue; 百越) ဟု ခေါ်ဝေါ်သော ရှေးဦးလူ့အဖွဲ့အစည်းတွင် ပါဝင်သည်ဟု ယူဆရသည်။[၆]
ထိုင်း၊ လာအို နှင့် ရှမ်းတို့သည် ထိုအုပ်စုမှ တိုင်စကားပြောလူမျိုးစုများ အဖြစ် အရှေ့တောင်အာရှသို့ ပြန့်နှံ့ခဲ့ကြသည်။ ထိုရွှေ့ပြောင်းမှုသည် ခန့်မှန်းခြေအားဖြင့် အေဒီ (၁၀) ရာစုမှ (၁၂) ရာစု (1000 – 1200 CE) အတွင်း ဖြစ်ပေါ်ခဲ့သည်ဟု ယူဆရသည်။[၇]
Phylogenetic tree လေ့လာမှုများအရ ခရာ-ဒိုင် နွယ်ဝင်များနှင့် အော်စထရိုအေးရှားတစ် (မွန်၊ ခမာ၊ ပလောင် စသည်) နွယ်ဝင်တို့သည် O1b branch (O-M95, O-M119) ၏ ရင်းမြစ်အချင်းချင်း နီးစပ်သူများ ဖြစ်ကြသည်။[၈] ထို့ကြောင့် သမိုင်းအစောပိုင်းတွင် ယန်ဇီမြစ်ဝှမ်းနှင့် တရုတ်နိုင်ငံတောင်ပိုင်းတို့တွင် အတူတကွ နေထိုင်ခဲ့ကြပြီးနောက် အော်စထရိုအေးရှားတစ် နှင့် ခရာ-ဒိုင် ဟူ၍ ကွဲထွက်ပြန့်နှံ့လာသည်ဟု ယူဆနိုင်သည်။
ခရာ-ဒိုင် လူမျိုးများတွင် ရှေးဟောင်း DNA Haplogroups များဖြစ်သော O1b1a1a (O-M95) နှင့် O2a2b (O-M7) တို့ကို တွေ့ရှိရပြီး ၎င်းတို့သည် အရှေ့တောင်အာရှနှင့် တရုတ်တောင်ပိုင်းရှိ တိုင်-ခဒိုင်လူမျိုးများအကြား မျိုးရိုးဗီဇမျှဝေမှုရှိခြင်း၏ ခိုင်မာသော သက်သေများ ဖြစ်ကြသည်။[၉] ထိုဗီဇတူညီမှုများကို မွန်-ခမာ နှင့် တရုတ်-တိဗက် နှစ်ဖက်လုံးတွင် အနည်းငယ်မျှသာ တွေ့ရသဖြင့် ခရာ-ဒိုင်သည် သီးခြားမျိုးရင်း (Language family isolate level) တစ်ခု ဖြစ်နိုင်သည်ဟုလည်း ယူဆနိုင်ပါသည်။[၁၀]
အမည်သုံးစွဲမှု
[ပြင်ဆင်ရန်]ခရာ-ဒိုင် (Kra–Dai) ဟူသော အမည်သည် ဤမိသားစုအတွင်းရှိ အဓိက အကိုင်းအခက်နှစ်ခုဖြစ်သော ခရာ (Kra) နှင့် တိုင် (Tai/Dai) တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။
ယခင်က "တိုင်-ခဒိုင်" (Tai-Kadai) ဟု အသုံးများခဲ့သည်။ ထိုစဉ်က "ခဒိုင်" (Kadai) ဆိုသည်မှာ လူသိနည်းသော ခရာ (Kra) အုပ်စုကို ရည်ညွှန်းခဲ့သော်လည်း၊ နောက်ပိုင်းတွင် ပညာရှင်များက "Kadai" သည် "Tai" နှင့် "Kra" ကို သီးခြားသတ်မှတ်မှုမရှိဘဲ ရောထွေးခေါ်ဆိုခြင်းဖြစ်သည်ဟု သုံးသပ်ခဲ့ကြသည်။ထို့ကြောင့် ပညာရေးနှင့် ဘာသာဗေဒဆိုင်ရာ အထောက်အထားများအရ ပိုမိုတိကျသော "ခရာ-ဒိုင်" (Kra–Dai) ဟူသော အမည်ကို ခေတ်သစ်ဘာသာစကားဗေဒတွင် သဘောတူ လက်ခံသုံးစွဲလာကြသည်။
ယခင်က ခရာ-ဒိုင် ဘာသာစကားများကို တရုတ်-တိဗက်နွယ် ဘာသာစကားများ၏ အခွဲတစ်ခု (Sino-Tai သီအိုရီ) အဖြစ် ယူဆခဲ့ကြသော်လည်း အောက်ပါအထောက်အထားများကြောင့် ၎င်းကို ပယ်ဖျက်ခဲ့သည် -
- ၁၉၆၀ ပြည့်လွန်နှစ်များ: Paul K. Benedict က "Austro-Tai" သီအိုရီကို တင်ပြခဲ့ပြီး ခရာ-ဒိုင် ဘာသာစကားများကို အော်စထရိုနီးရှန်း (Austronesian) နှင့် ချိတ်ဆက်ရန် ကြိုးပမ်းခဲ့သည်။
- ၁၉၇၇ ခုနှစ်: Li Fang-Kuei နှင့် Laurent Sagart တို့က ခရာ-ဒိုင် နှင့် တရုတ်-တိဗက် အကြားတွင် ပုံမှန်အသံချင်း တူညီမှုများ (Regular sound correspondences) မရှိကြောင်း သက်သေပြခဲ့သည်။
- ၁၉၉၀ ပြည့်လွန်နှစ်များ: ထိုင်းဘာသာစကားနှင့် တရုတ်ဘာသာစကားအကြား အခြေခံဝေါဟာရ (Core vocabulary) တူညီမှု မရှိကြောင်း၊ ရှိနေသော တူညီချက်များသည်လည်း နှစ်ရှည်လများ ထိတွေ့မှုကြောင့် ရရှိလာသည့် "မွေးစားစကားလုံးများ" (Loanwords) သာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
- ၂၀၀၀ ပြည့်လွန်နှစ်များမှ ယနေ့တိုင်: Glottolog၊ Ethnologue နှင့် နှိုင်းယှဉ်ဘာသာဗေဒ (Comparative Linguistics) ပညာရှင် အများစုက "Sino-Tai" သီအိုရီကို တရားဝင် ပယ်ဖျက်ခဲ့ပြီး ခရာ-ဒိုင်ကို သီးခြားလွတ်လပ်သော ဘာသာစကားမိသားစုကြီးတစ်ခုအဖြစ် သတ်မှတ်ခဲ့ကြသည်။
သဒ္ဒါနှင့် အသံဗေဒလက္ခဏာများ
[ပြင်ဆင်ရန်]Kra–Dai ဘာသာစကားများတွင် စဉ်ဆက်မပြတ်တွေ့ရသည့်သဒ္ဒါပုံစံများမှာ -
သဒ္ဒါပုံစံ
SVO word order (Subject–Verb–Object) ဥပမာ – “ႁဝ်းႁၵ်ႉသူ-ငါ+ချစ်တယ်+နင်-ฉันรักคุณ“ (မြန်မာစကားဟာ SOV ဖြစ်သဖြင့် “ငါနင့်ကိုချစ်တယ်”ပြောမှသာ အဓိပ္ပာယ်သက်ရောက်သည်။)
Tonal system
Tone (နိမ့်မြင့်သံ) အစဉ်အလာဖြင့်ရှိသည်။ အထူးသဖြင့် တိုင်အနွယ်ဘာသာစကားများ တွင် tone များစွာရှိသည်။
Monosyllabic words
Kra–Dai languages တော်တော်များများတွင် ဗျည်းတစ်လုံး/အသံတစ်လုံးတည်းဖြင့် စကားလုံးတစ်လုံးဖွဲ့နိုင်ခြင်းရှိသည်။
Serial verb constructions
Verb တချို့ကို အတိုင်းအတာတူ ချိတ်ဆက်ရေးသားခြင်း။ (ဥပမာ: သွားယူ၊ လာစား)
ကိုးကား
[ပြင်ဆင်ရန်]- ↑ Nordhoff၊ Sebastian; Hammarström၊ Harald; Forkel၊ Robert; Haspelmath၊ Martin, eds. (2013)။ "Tai–Kadai"။ Glottolog။ Leipzig: Max Planck Institute for Evolutionary Anthropology။
- ↑ Taikadai။ 15 October 2017 တွင် ပြန်စစ်ပြီး။
- ↑ Ethnologue Tai–Kadai family tree။
- ↑ Benedict, Paul K. (1942). "Thai, Kadai, and Indonesian: A New Alignment in Southeastern Asia". American Anthropologist.
- ↑ Ostapirat၊ W. (2005)။ The Tai-Kadai Languages။ Routledge။
- ↑ Pain, F. (2008). "An Introduction to Thai Ethnohistory". Journal of the Siam Society.
- ↑ Pittayaporn, P. (2014). "Layers of Chinese Loanwords in Proto-Southwestern Tai". Journal of the South East Asian Linguistics Society.
- ↑ Kutanan, W. (2018). "Genetic structure of Tai-Kadai speaking peoples in Thailand". Scientific Reports.
- ↑ Sun, J. (2013). "The Genetic Structure of the Tai-Kadai Peoples". PLOS ONE.
- ↑ You, X. (2020). "Paternal Genetic Structure of Tai-Kadai Speaking Populations". Frontiers in Genetics.