ခရစ်စတီယန် ဟိုင်ဂန်
| Christiaan Huygens | |
|---|---|
၁၆၇၁ ခုနှစ်တွင် ကက်စပါ နက်ရှာ (Caspar Netscher) ရေးဆွဲခဲ့သော ပုံတူပန်းချီ[၁] | |
| မွေးဖွား | ၁၄ ဧပြီ၊ ၁၆၂၉ ဟိတ်မြို့တော်၊ ဒတ်ချ်သမ္မတနိုင်ငံ |
| ဆုံးပါး | ၈ ဇူလိုင်၊ ၁၆၉၅ (အသက် ၆၆) ဟိတ်မြို့တော်၊ ဒတ်ချ်သမ္မတနိုင်ငံ |
| နယ်ပယ် | |
| အဖွဲ့အစည်းဌာန | |
| ပညာရေး | |
| ကြီးကြပ်သူများ | en:Frans van Schooten |
| ကျော်ကြားမှုအရင်းခံ | စာရင်း
|
| လက်မှတ် | |
ခရစ်စတီယန် ဟိုင်ဂန် (Christiaan Huygens) (၁၆၂၉ ခုနှစ် ဧပြီလ ၁၄ ရက် – ၁၆၉၅ ခုနှစ် ဇူလိုင်လ ၈ ရက်) သည် ဒတ်ချ်လူမျိုး သင်္ချာပညာရှင်၊ ရူပဗေဒပညာရှင်၊ အင်ဂျင်နီယာ၊ နက္ခတ္တဗေဒပညာရှင်နှင့် တီထွင်သူတစ်ဦးဖြစ်ပြီး သိပ္ပံတော်လှန်ရေး (Scientific Revolution) တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူအဖြစ် သတ်မှတ်ခံရသည်။ ရူပဗေဒနယ်ပယ်တွင် ဟိုင်ဂန်သည် အလင်းဗေဒနှင့် စက်ပြင်ပညာရပ်တို့၌ အခြေခံကျသော ပံ့ပိုးမှုများ ပြုလုပ်ခဲ့သည်။ နက္ခတ္တဗေဒပညာရှင်အဖြစ် စနေဂြိုဟ်၏ ကွင်းများကို လေ့လာခဲ့ပြီး ၎င်း၏ အကြီးဆုံးလဖြစ်သော တိုက်တန်ကို ရှာဖွေတွေ့ရှိခဲ့သည်။ အင်ဂျင်နီယာနှင့် တီထွင်သူအဖြစ် တယ်လီစကုပ်များ၏ ဒီဇိုင်းကို ပိုမိုကောင်းမွန်အောင် ပြုပြင်ခဲ့ပြီး နှစ်ပေါင်း ၃၀၀ နီးပါးအထိ အချိန်တိုင်းတာရာတွင် အတိကျဆုံးကိရိယာဖြစ်ခဲ့သည့် ချိန်သီးနာရီ (pendulum clock) ကို တီထွင်ခဲ့သည်။ ထူးချွန်သော သင်္ချာပညာရှင်နှင့် ရူပဗေဒပညာရှင်တစ်ဦးဖြစ်သည့် ဟိုင်ဂန်သည် ရုပ်ပိုင်းဆိုင်ရာပြဿနာတစ်ရပ်ကို သင်္ချာဆိုင်ရာ ကန့်သတ်ချက်များ အသုံးပြု၍ စံပြပုံစံဖော်ထုတ်လေ့လာထားသည့် ပထမဆုံး ခေတ်သစ်ကျမ်းကို ရေးသားခဲ့သည်။ ထို့ပြင် အလင်းနှင့်ပတ်သက်သော သူ၏လက်ရာတွင် တိုက်ရိုက်မမြင်နိုင်သည့် ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုကို သင်္ချာနည်းကျကျနှင့် ယန္တရားဆိုင်ရာ အယူအဆများဖြင့် ရှင်းလင်းဖော်ပြထားသည့် ပထမဆုံးရှင်းလင်းချက် ပါဝင်သည်။[၂][၃]
ဟိုင်ဂန်သည် ၁၆၅၆ ခုနှစ်တွင် အပြီးသတ်ရေးသားခဲ့သော်လည်း သူကွယ်လွန်ပြီးနောက် ၁၇၀၃ ခုနှစ်မှ ထုတ်ဝေခဲ့သည့် De Motu Corporum ex Percussione ကျမ်းတွင် ပျော့ပြောင်းတိုက်မိမှု (elastic collision) ဆိုင်ရာ မှန်ကန်သော နိယာမများကို ပထမဆုံး ဖော်ထုတ်ခဲ့သည်။ ၁၆၅၉ ခုနှစ်တွင် De Vi Centrifuga ကျမ်း၌ ဂန္ထဝင် မက္ကင်းနစ်အရ ဗဟိုခွာအား အတွက် ဖော်မြူလာကို ဂျီဩမေတြီနည်းဖြင့် ဆင်းသက်ဖော်ထုတ်ခဲ့သည်။ ထိုအချိန်သည် နယူတန်က အလားတူလုပ်ဆောင်မှု မပြုမီ ဆယ်နှစ်ခန့်စောခဲ့သည်။ အလင်းဗေဒနယ်ပယ်တွင် သူသည် ၁၆၉၀ ခုနှစ်၌ ထုတ်ဝေခဲ့သော Traité de la Lumière ကျမ်းတွင် ရှင်းလင်းဖော်ပြထားသည့် အလင်း၏ လှိုင်းသီအိုရီ (wave theory of light) ကြောင့် အထူးကျော်ကြားသည်။ အစပိုင်းတွင် သူ၏ အလင်းသီအိုရီကို နယူတန်၏ အလင်းအမှုန်သီအိုရီ (corpuscular theory of light) ကို ပိုမိုလက်ခံကြသဖြင့် ပယ်ချခဲ့ကြသည်။ သို့သော် ၁၈၂၁ ခုနှစ်တွင် ဩဂတ်စတန်-ဂျင်း ဖရက်စ်နယ် (Augustin-Jean Fresnel) က ဟိုင်ဂန်၏ နိယာမကို ပြုပြင်အသုံးချပြီး အလင်း၏ မျဉ်းဖြောင့်အတိုင်း ပျံ့နှံ့သွားမှုနှင့် အလင်းယိုင်ပျံ့နှံ့မှုဆိုင်ရာ ဖြစ်စဉ်များကို ပြည့်စုံစွာ ရှင်းပြနိုင်ခဲ့သည်။ ယနေ့တွင် ဤနိယာမကို ဟိုင်ဂန်–ဖရက်စ်နယ် နိယာမ (Huygens–Fresnel principle) ဟု ခေါ်သည်။
ဟိုင်ဂန်သည် ၁၆၅၇ ခုနှစ်တွင် ချိန်သီးနာရီကို တီထွင်ပြီး မူပိုင်ခွင့်ရရှိခဲ့သည်။ ယင်းနာရီကို ပါရီမြို့တွင် ဒုတိယ အိုင်ဆက် တူရေး (Isaac II Thuret) က ထုတ်လုပ်ခဲ့သည်။ ဟိုင်ဂန်၏ နာရီပညာဆိုင်ရာ သုတေသနများကြောင့် ချိန်သီးအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ခွဲခြမ်းစိတ်ဖြာလေ့လာနိုင်ခဲ့ပြီး ၁၆၇၃ ခုနှစ်တွင် Horologium Oscillatorium ကျမ်းကို ရေးသားခဲ့သည်။ ဤကျမ်းကို ၁၇ ရာစု စက်ပြင်ပညာရပ်ဆိုင်ရာ အရေးအပါဆုံး လက်ရာများထဲမှ တစ်ခုအဖြစ် သတ်မှတ်ကြသည်။ ယင်းကျမ်းတွင် နာရီဒီဇိုင်းများအကြောင်း ဖော်ပြချက်များ ပါဝင်သော်လည်း အများစုမှာ ချိန်သီး၏ လှုပ်ရှားမှုနှင့် မျဉ်းကွေးများဆိုင်ရာ သီအိုရီကို ခွဲခြမ်းစိတ်ဖြာထားခြင်း ဖြစ်သည်။ ၁၆၅၅ ခုနှစ်တွင် ဟိုင်ဂန်သည် အစ်ကိုဖြစ်သူ ကွန်စတန်တိန် (Constantijn Huygens Jr.) နှင့်အတူ အလင်းယိုင်တယ်လီစကုပ်များ (refracting telescopes) တည်ဆောက်ရန် မှန်ဘီလူးများကို စတင်ကြိတ်သွေးခဲ့သည်။ သူသည် စနေဂြိုဟ်၏ အကြီးဆုံးလဖြစ်သော တိုက်တန်ကို ရှာဖွေတွေ့ရှိခဲ့ပြီး စနေဂြိုဟ်၏ ထူးဆန်းသော အသွင်အပြင်သည် “ပါးလွှာပြီး ပြားချပ်သော၊မည်သည့်နေရာတွင်မျှ ဂြိုဟ်ကို မထိတွေ့ဘဲ နေကြတ်လမ်းပြင်နှင့် စောင်းနေသည့် ကွင်းတစ်ခု” ကြောင့် ဖြစ်ကြောင်း ပထမဆုံး ရှင်းပြခဲ့သည်။[၄] ၁၆၆၂ ခုနှစ်တွင် အလင်း၏ အရောင်ခွဲထွက်မှု (dispersion) ကို လျှော့ချရန် မှန်ဘီလူးနှစ်ခုပါဝင်သော တယ်လီစကုပ် မျက်ကပ်မှန်စနစ်တစ်မျိုးကို တီထွင်ခဲ့သည်။[၅] ယင်းကို ယနေ့တွင် ဟိုင်ဂန် မျက်ကပ်မှန် (Huygenian eyepiece) ဟု ခေါ်သည်။
သင်္ချာပညာရှင်အဖြစ် ဟိုင်ဂန်သည် အီဗိုလျူး (evolute) ဆိုင်ရာ သီအိုရီကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပြီး ကံစမ်းဂိမ်းများနှင့် အမှတ်ခွဲဝေမှုပြဿနာ (problem of points) အကြောင်းကိုလည်း ရေးသားခဲ့သည်။ သူ၏ Van Rekeningh in Spelen van Gluck ကျမ်းကို ဖရန်စ် ဗန် စခူတန် (Frans van Schooten) က ဘာသာပြန်ပြီး De Ratiociniis in Ludo Aleae အမည်ဖြင့် ၁၆၅၇ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ဟိုင်ဂန်နှင့် အခြားပညာရှင်များ အသုံးပြုခဲ့သော မျှော်မှန်းတန်ဖိုး (expected value) အယူအဆသည် နောက်ပိုင်းတွင် ဂျပ်ကော ဘာနူးလီ (Jacob Bernoulli) ၏ ဖြစ်နိုင်ခြေသီအိုရီ (probability theory) ဆိုင်ရာ လက်ရာများအပေါ် လွှမ်းမိုးမှုရှိခဲ့သည်။[၆][၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Wybe Kuitert "Japanese Robes, Sharawadgi, and the landscape discourse of Sir William Temple and Constantijn Huygens' Garden History, 41, 2: (2013) pp.157–176, Plates II-VI and Garden History, 42, 1: (2014) p.130 ISSN 0307-1243 Online as PDF 9 August 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- ↑ Yoder၊ J. G. (2005)၊ "Christiaan Huygens, book on the pendulum clock (1673)"၊ in Grattan-Guinness၊ I.; Cooke၊ Roger; Corry၊ Leo; Crépel၊ Pierre (eds.)၊ Landmark Writings in Western Mathematics 1640–1940 (အင်္ဂလိပ်ဘာသာစကားဖြင့်)၊ Amsterdam: Elsevier Science၊ pp. 33–45၊ doi:10.1016/b978-044450871-3/50084-x၊ ISBN 978-0-444-50871-3
- ↑ Dijksterhuis, F.J. (2008) Stevin, Huygens and the Dutch republic. Nieuw archief voor wiskunde, 5, pp. 100–107.
- ↑ van Helden, Albert (2004). "Huygens, Titan, and Saturn's ring". Titan – from Discovery to Encounter 1278: 11–29. Bibcode: 2004ESASP1278...11V.
- ↑ Louwman, Peter (2004). "Christiaan Huygens and his telescopes". Titan – from Discovery to Encounter 1278: 103–114. Bibcode: 2004ESASP1278..103L.
- ↑ "Jakob Bernoulli, Ars conjectandi (1713)" (in en) (1 January 2005). Landmark Writings in Western Mathematics 1640–1940: 88–104. doi:.
- ↑ Shafer, G. (2018). "Marie-France Bru and Bernard Bru on Dice Games and Contracts". Statistical Science 33 (2): 277–284. doi:. ISSN 0883-4237.