ခရစ္စမတ် အလှဆင်ခြင်း

ဝီကီပီးဒီးယား မှ
အိမ်ထဲတွင် အလှဆင်ထားသော ခရစ်စ္စမတ် သစ်ပင်

ဒီဇင်ဘာလ ဆိုလျှင် ခရစ္စမတ်ပွဲအတွက် အိမ်တွေမှာ အလှဆင်နေကြပါပြီ။ ခရစ်စမတ် အလှဆင်ခြင်း အလေ့အထက ၁၆ရာစု တည်းက ဂျာမနီနိုင်ငံမှ စတင်ခဲ့ပါတယ်။

အဲဒီ အချိန်တုန်းက ခရစ္စမတ်နေ့မှာ တည်ခင်းတဲ့ အစားအစာများ ဖြစ်တဲ့ သကြားချောင်း၊ ပျားရည်ကိတ်မုန့် ၊ ခရစ္စမတ် ကန်ဒီ ချိုချဉ်များကို ခရစ္စမတ်သစ်ပင် ၊ အိမ်တံခါးဝ စတာတွေမှာ အလှဆင် ပြင်ဆင် လေ့ရှိ ခဲ့ကြပါတယ်။ ၁၈ ရာစုမှာတော့ ခရစ္စမတ် အလှဆင်ခြင်းက ပိုမို ခေတ်စားလာပြီး တောက်ပြောင်သော စက္ကူများ၊ ရောင်စုံ စက္ကူများနဲ့ အလှဆင်ကြပြီး ချိုချဉ် သကြားလုံးများ ၊ ကိတ်မုန့်များ ၊ စပျစ်သီးခြောက်များ နဲ့ သစ်သီးများကိုလည်း ပါဝင် ထည့်သွင်းကာ အလှဆင်လေ့ရှိခဲ့ကြပါတယ်။

ယနေ့ခေတ်အချိန်မှာတော့ ခရစ္စမတ် အလှဆင်တဲ့ ပစ္စည်းများ အများအပြားရှိပြီး လူတစ်ဦးရဲ့ အကြိုက်ပေါ်မူတည်ပြီး အလှဆင်ယင်လေ့ ရှိကြပါတယ်။

ခရစ္စမတ် အလှဆင်တဲ့ ပစ္စည်းများကတော့ အိန်ဂျယ် ၊ ခရစ္စမတ် ဘောလုံးများ ၊ ခရစ္စမတ် ဖယောင်းတိုင်များ ၊ ပြောင်လက်တောက်ပနေသော စက္ကူရောင်စုံကြိုးများဖြင့် ပြုလုပ်ထားသော ခရစ္စမတ် သစ်ပင်ငယ်လေးများ စသည်ဖြင့် ဖြစ်ကြပါတယ်။

ခရစ္စမတ်အိန်ဂျယ်ရုပ်ကလေးများကို ခရစ္စမတ် အလှဆင်တဲ့နေရာမှာ အသုံးပြုခဲ့ကြတာ ၁၈၈၀ ပြည့်နှစ်များကတည်းက ဖြစ်ပြီး ယနေ့အချိန်ထိ ဆက်လက်ကျယ်ပြန့်စွာ အလှဆင်နေကြပါတယ်။ အိန်ဂျယ်များက ခရစ်ယာန်ဘာသာနဲ့ အဓိကပါဝင်ပတ်သက်နေသလို အခြားသော ဘာသာများဖြစ်ကြတဲ့ ဗုဒ္ဓဘာသာဟိန္ဒူဘာသာအစ္စလာမ်ဘာသာ ၊ ဂျူး ဘာသာများမှာလည်း သက်ဆိုင်ရာ နတ်သမီး အိန်ဂျယ်များ ရှိကြပါတယ်။ အိန်ဂျယ်များကို တမန်တော်များအဖြစ်ဖြင့်လည်း သိကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ခန့်မှ စလို့ ဖန်ဘောလုံးများကို ခရစ္စမတ် အလှဆင် ဘော်လုံးများ အဖြစ် အသုံးပြု အလှဆင်ခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာ တော့ ဂျာမဏီနိုင်ငံမှ စတင်တီထွင် ထုတ်လုပ်ခဲ့တဲ့ တောက်ပတဲ့ ပလပ်စတစ် ရောင်စုံ ဘော်လုံးများကို ခရစ္စမတ် အလှဆင်တဲ့အခါမှာ အသုံးပြု နေကြပါတယ်။

ခရစ္စမတ် ထင်းရှုးပင်မှာ ခရစ်စမတ် ဖယောင်းတိုင်များ ထည့်သွင်း အလှဆင်ခြင်းဟာ ၁၆ ရာစုကတည်းကပင်ဖြစ်ပါတယ်။ ခရစ္စမတ် သစ်ပင်ကို ဝယ်ယူလာပြီး အိမ်မှာ စတင် အလှဆင်ချိန်မှာ ခရစ္စမတ် ဖယောင်းတိုင်များကိုပါ တစ်ချိန်တည်း အလှဆင်ခြင်း အကြောင်းရင်းကတော့ ခရစ္စမတ်ဖယောင်းတိုင်များက ဘဝရဲ့ ပျော်ရွှင်ခြင်း အလင်းရောင် အဖြစ် ကိုယ်စားပြုသလို ပြီးပြည့်စုံသော ခရစ္စမတ် အဖြစ်လည်း ကိုယ်စားပြုခြင်းကြောင့်ပင် ဖြစ်ပါတယ်။

၁၆၁၀ ခုနှစ်မှာ ဂျာမဏီနိုင်ငံကနေ စတင်တီထွင်ထုတ်လုပ်လိုက်တဲ့ ငွေအစစ်နဲ့ပြုလုပ်ထားတဲ့ Tinsel များကို ခရစ္စမတ် အလှဆင်တဲ့နေရာမှာ အသုံးပြုကြပါတယ်။ ငွေ အချပ်လိုက်ကို စက်ဖြင့် အစိတ်စိတ်အမြွှာမြွှာ အစင်းများအဖြစ်ရအောင်ပြုလုပ်ပြီးနောက် ပန်းကုံးသဖွယ်ပြုလုပ်ကာ အလှဆင်ကြပါတယ်။ ငွေသားအစစ်နဲ့ပြုလုပ်ခြင်းက ရေရှည်မှာ တောက်ပမှု လျော့နည်းလာပြီး မလှတော့တဲ့အတွက် နောက်ပိုင်းမှာ ငွေအစား အခြား ပစ္စည်းများနဲ့ အစားထိုး ပြုလုပ် အလှဆင်ကြပါတယ်။

ခရစ်ယာန်ဘာသာဝင် မိသားစုများမှာ ခရစ္စမတ် အလှဆင်ခြင်းဟာ မျိုးဆက် တစ်ဆက်မှ တစ်ဆက်သို့ ကူးပြောင်း လက်ဆင့်ကမ်း ကြပါတယ်။ နှစ်စဉ် နှစ်တိုင်းမှာ ခရစ္စမတ် အလှဆင် ပစ္စည်းများကို အသစ်ဝယ်ယူကာ အရောင်မှိန်ဖျော့သွားသော ၊ တောက်ပမှု မရှိတော့သော ယခင်နှစ်မှ အလှဆင် ပစ္စည်းများနေရာမှာ အစားထိုးကာ သစ်လွင်သော ခံစားမှုများကို ပေးစွမ်း နိုင်အောင် ပြင်ဆင်လေ့ရှိကြပါတယ်။

ခရစ္စမတ် အလှဆင်ခြင်းများ မပြုလုပ်ဘဲ ခရစ်စမတ်ဆိုတာ ရောက်မလာနိုင်သလိုပါပဲ။ နှစ်စဉ် ဒီဇင်ဘာလရောက်တိုင်း နှင်းဖွေးဖွေးနဲ့ ဆောင်းချမ်းညများမှာ တောက်ပနေသော ခရစ္စမတ် ထင်းရူးပင်နားမှာ ဝိုင်းဖွဲ့ထိုင်ကာ မိသားစု ချမ်းမြေ့ပျော်ရွှင်ကြသည်မှာ ကြည်နူးစရာ မြင်ကွင်း တစ်ခုပဲ ဖြစ်ပါတော့တယ်။