ခမ်းပါတ်မြို့သိမ်းတိုက်ပွဲ
| ခမ်းပါတ်မြို့သိမ်းတိုက်ပွဲ | |||||||
|---|---|---|---|---|---|---|---|
| မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ) နှင့် အညာ စစ်မြေပြင်၏ တစ်စိတ်တစ်ပိုင်း | |||||||
| |||||||
| စစ်ရင်ဆိုင်သူများ | |||||||
| |||||||
| အသေအပျောက် | |||||||
| မသိရှိရ | မသိရှိရ | ||||||
| ကောလင်းမြို့သိမ်းတိုက်ပွဲနောက်ပိုင်း NUG အတွက် ဒုတိယမြောက်သိမ်းပိုက်နိုင်သည့်မြို့ဖြစ်သည်။ တိုက်ပွဲဖြစ်ပွားစဉ်ကာလအတွင်း စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူများ အပြင်းအထန် အသုံးပြုခဲ့သည်။ | |||||||
စစ်ကိုင်းတိုင်းဒေသကြီး၊ ခမ်းပါတ်မြို့၏ တည်နေရာ | |||||||
ခမ်းပတ်မြို့သိမ်းတိုက်ပွဲသည် မြန်မာ့ပြည်တွင်းစစ် (၂၀၂၁-လက်ရှိ) နှင့် အညာ စစ်မြေပြင် တို့၏ အစိတ်အပိုင်းတစ်ခု ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပါတ်မြို့ တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲတစ်ခုဖြစ်သည်။ အဆိုပါတိုက်ပွဲသည် KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွန်း စစ်ဒေသမှူးအဖြစ် တာဝန်ယူထားသည့် အမှတ်(၁) စစ်ဒေသ၊ တမူးခရိုင် ကွပ်ကဲမှုအစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက မြို့ကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။၂၀၂၆ ခုနှစ် ဇွန် ၂၀ ရက် တွင် တော်လှန်ရေးတပ်များထံမှ စစ်တပ်က ပြန်လည် ရယူထိန်းချုပ်ခဲ့သည်။[၁][၂]
နောက်ခံအကြောင်းအရင်း
[ပြင်ဆင်ရန်]ခမ်းပါတ်မြို့သည် ကလေးမြို့နှင့် မိုင် ၃၀ ကျော်၊ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နှင့် မိုင် ၄၀ ကျော်အကွာ၊ အာရှအဝေးပြေးလမ်းမကြီးပေါ် ကလေး - တမူးလမ်းပိုင်းတွင် တည်ရှိသည့် မဟာဗျူဟာကျသော မြို့တစ်မြို့ဖြစ်သည်။ယင်းအပြင် အိန္ဒိယနယ်စပ်အနီး၌ တည်ရှိသောကြောင့် ကလေး - တမူးလမ်းကြောင်းပေါ်ရှိ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသော မြို့တစ်မြို့လည်း ဖြစ်သည်။[၃]
ခမ်းပါတ်မြို့ ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွန်း စစ်ဒေသမှူးအဖြစ် တာဝန်ယူသော အမှတ် (၁) စစ်ဒေသလှုပ်ရှားမှုနယ်မြေ အတွင်း ထည့်သွင်းသတ်မှတ်ထားသည်။ အဆိုပါဒေသသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များကို လေ့ကျင့်ပျိုးထောင်ပေးရာ အဓိကဒေသတစ်ခုလည်းဖြစ်ခဲ့သည်။တိုက်ပွဲများအစသည် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက် နေ့က ခမ်းပါတ်မြို့ ရှိ စစ်တပ်စခန်းအနားဖြတ်သွားသော ခမ်းပတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် နှင့် အဖွဲ့ဝင်တစ်ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။[၄]
နောက်ဆက်တွဲအနေဖြင့် တော်လှန်ရေးပူးပေါင်းမဟာမိတ်အဖွဲ့များသည် ခမ်းပါတ်မြို့ ရှိ စစ်တပ်စခန်း နှင့် ရဲစခန်းများကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်ကစပြီး ပထမအကြိမ်အဖြစ် ရက်သတ္တပါတ်အကြာ တိုက်ပွဲများ ဆင်နွဲခဲ့ကြသည်။သို့သော် စစ်တပ်၏ အပြင်းအထန် ခုခံမှုကြောင့် တပ်စခန်းများကို သိမ်းပိုက်ရရှိခဲ့ခြင်းမရှိဘဲ ဆုတ်ခွာခဲ့ကြရသည်။ထို့နောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာတွင် အင်အားအလုံးအရင်းဖြင့် မြို့သိမ်းတိုက်ပွဲ ကို ထပ်မံ ဖော်ဆောင်ခဲ့ကြခြင်းလည်း ဖြစ်သည်။[၅]
တိုက်ပွဲဖြစ်စဉ်
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် KIA ဦးဆောင်သော စစ်ကြောင်းများသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နေရာအများအပြားကို တစ်ပြိုင်တည်း ထိုးစစ်ဆင်ခဲ့ပြီးနောက် ခမ်းပါတ်မြို့ ကို ဝိုင်းပတ်တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲတွင် တမူးခရိုင် တပ်ရင်း (၂)၊ စစ်ဒေသအထူးတပ်ရင်း (၂)၊ အမှတ် (၁) စစ်ဒေသ လက်နက်ကြီးအဖွဲ့၊ ရှေ့တန်းကွပ်ကဲရေးအဖွဲ့တို့အပြင် CNDF၊ TDA၊ RCDF နှင့် KNA-Burma (ကူကီးအဖွဲ့) တို့ ပူးပေါင်းပါဝင်ခဲ့သည်။ နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းတွင် နယ်မြေလုံခြုံရေးအတွက် ရှင်းလင်းမှုများ ဆောင်ရွက်ပြီးနောက် ခမ်းပတ်မြို့ကို အပြည့်အဝ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ခဲ့သည်။[၆]
စစ်တပ်ထောက်ခံ သတင်းဌာနတစ်ခု ဖြစ်သည့် People Media သည် စစ်ကိုင်းတိုင်း၊ ကလေး - တမူးလမ်းပိုင်းပေါ်ရှိ၊ ခမ်းပတ်မြို့ လုံခြုံရေးအဖွဲ့များ စခန်းအသီးသီး ဆုတ်ခွာသွားမှုကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၅ ရက် ညပိုင်းအချိန် တွင် ဖြစ်သည်ဟု သတင်းဖော်ပြခဲ့သည်။[၇]
တိုက်ပွဲရလဒ်နှင့် နောက်ဆက်တွဲအခြေအနေ
[ပြင်ဆင်ရန်]ခမ်းပါတ်မြို့သိမ်းပိုက်မှုသည် ကောလင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် NUG အတွက် ဒုတိယမြောက် သိမ်းပိုက်နိုင်သည့်မြို့ ဖြစ်လာခဲ့သည်။ ခမ်းပါတ် မြို့ပေါ်တိုက်ပွဲကြောင့် ဒေသခံများသည် မြန်မာပြည်ဘက်ခြမ်းရှိ နီးစပ်ရာ လုံခြုံမည့် နေရာများသို့ တိမ်းရှောင်ခဲ့ကြရသည်။ယင်းအပြင် မြို့သည် စစ်စခန်းတစ်ခု ဖြစ်လာပြီး၊နောက်ဆက်တွဲသက်ရောက်မှုအနေဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပိတ်ဆို့သွားခဲ့ရသည်။ [၈][၉]
စစ်တပ်မှ ပြန်လည်သိမ်းပိုက်ခြင်း (၂၀၂၆)
[ပြင်ဆင်ရန်]၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ စိုးမိုးမှုအောက်သို့ ရောက်ရှိခဲ့သည့် ခါမ်းပါတ်မြို့ကို စစ်တပ်က ၂ နှစ် နှင့် ၇ လနီးပါးအကြာ ၂၀၂၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ဤစစ်ဆင်ရေးသည် ကလေး-တမူး လမ်းကြောင်းတစ်လျှောက် ထိန်းချုပ်နိုင်ရေး နှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပြန်လည်လည်ပတ်နိုင်ရေးကို စစ်တပ်က ရည်ရွယ်ချက်ခဲ့သည်။ခမ်းပါတ်မြို့ ထိန်းချုပ်နိုင်ရေးအတွက် စစ်တပ်သည် ကလေးမြို့ဘက်နှင့် တမူးမြို့ဘက် တို့မှနေ၍ စစ်ကြောင်းများဖြင့် ထိုးဖောက် ဆောင်ရွက်ခဲ့သည်။၂၀၂၆ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ကလေး-တမူး လမ်းကြောင်းပေါ်ရှိ အရှေ့ခုံသာ၊ ၅၆ မိုင်ရွာ နှင့် ၅၅ မိုင်ကျေးရွာများကိုလည်းကောင်း၊ တမူးဘက်မှ ချီတက်လာသည့် စစ်ကြောင်းများက နန်းမွတ်တား၊ ရန်လင်းဖိုင် နှင့် အနီးတစ်ဝိုက်ရှိ စခန်းများကိုလည်းကောင်း အသီးသီး သိမ်းပိုက်ရရှိခဲ့သည်။ ဇွန်လ ၁၃ ရက်တွင် ရာဇဂြိုဟ်ကျေးရွာနှင့် ရေလှောင်တမံ၊ ဇွန်လ ၁၅ ရက်တွင် ရန်မျိုးအောင်၊ ဇွန်လ ၁၆ ရက်တွင် စော်ဘွားရေရှင်၊ ဇွန်လ ၁၇ ရက်တွင် ကျွန်းတောရေရှင်ကျေးရွာတို့ကို ဆက်လက်သိမ်းပိုက်ခဲ့သည်။[၁၀]
ဆက်လက်၍ ဇွန်လ ၁၉ ရက်နေ့တွင် ခွန်နိုင်းနှင့် နန်းခေါက်ခေါက် ကျေးရွာများကိုလည်းကောင်း၊ ဇွန်လ ၂၀ ရက်နေ့တွင် နန်းကတိတ်ကျေးရွာနှင့် ခါမ်းပါတ်မြို့ကိုပါ အလုံးစုံ ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ စစ်တပ်ထုတ်ပြန်ချက်အရ အဆိုပါတိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှာ မြို့၏မြောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။[၁၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Agency၊ Yangon Khit Thit News (2023-11-07)။ ခမ်းပတ်မြို့ကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ တိုက်ခိုက် သိမ်းပိုက် (in en-US)။ 2026-06-15 တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
- ↑ LuduNwayOo (2023-11-07)။ KIA၊ PDFနှင့် တော်လှန်ရေးတပ်များက ခမ်းပတ်မြို့ကိုအပြည့်အဝ သိမ်းပိုက်နိုင်ပြီဟု NUG စစ်ရုံးချုပ်ထုတ်ပြန် (in my-MM)။ 2026-06-15 တွင် ပြန်စစ်ပြီး။
- ↑ ကလေး- တမူး ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ခါမ်းပါတ်မြို့ကို တပ်မတော်က ပြန်လည်သိမ်းပိုက်ရရှိ (in my)။ 2026-06-21 တွင် ပြန်စစ်ပြီး။
- ↑ ခမ်းပတ်တိုက်ပွဲကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေ အိန္ဒိယဘက် ထွက်ပြေး (in my) (2023-07-27)။ 2026-06-15 တွင် ပြန်စစ်ပြီး။
- ↑ Now၊ Myanmar (2023-12-07)။ ခမ်းပတ်ကို ထိုးစစ်ပြန်ဆင်သည့် စစ်ကောင်စီတပ်က သုံ့ပန်းများကို နှိပ်စက်သတ်ဖြတ် (in en-US)။ 2026-06-15 တွင် ပြန်စစ်ပြီး။
- ↑ DVB TV News (2023-11-07)။ ခမ်းပတ် သိမ်းပိုက်ရရှိမှု သတင်းမှတ်တမ်း။ 2026-06-15 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာ - အိန္ဒိယနယ်စပ်က ခမ်းပတ်မြို့ကို NUG ထပ်မံသိမ်းပိုက် (in my) (2023-11-07)။ 2026-06-15 တွင် ပြန်စစ်ပြီး။
- ↑ ခမ်းပတ်မြို့တွင် ၂ နှစ်နီးပါးပိတ်ထားသော ဖုန်းလိုင်းများ အချိန်ပိုင်းဖြင့် ပြန်ဖွင့်ပေး (in my)။ 2026-06-15 တွင် ပြန်စစ်ပြီး။
- ↑ Now၊ Myanmar (2023-12-11)။ ခမ်းပတ်မြို့ ပြန်ရရန် ကြိုးပမ်းသည့် စစ်တပ်က မိဘမဲ့ကျောင်းကို စီးနင်း၊ ၃၆ ဦး ဖမ်းထား (in en-US)။ 2026-06-15 တွင် ပြန်စစ်ပြီး။
- ↑ PDF များယာယီစိုးမိုးထားသော ရာဇဂြိုဟ်ကျေးရွာနှင့် ရာဇဂြိုဟ်ရေလှောင်တမံကို တပ်မတော်က ပြန်လည်ထိန်းချုပ် (in my)။ 2026-06-21 တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော်စစ်ကြောင်းများက ကလေး- တမူးလမ်းကြောင်းပေါ်ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် ခါမ်းပါတ်မြို့အား ပြန်လည်သိမ်းပိုက်ရရှိ၊ ကလေး-တမူးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိ (in en)။ 2026-06-21 တွင် ပြန်စစ်ပြီး။