ခန်းပတ်မင်းကြီး

ဝီကီပီးဒီးယား မှ
ဦးရွှေမောင်း
သတိုးမင်းကြီး သီရိမဟာမင်းခေါင်ဥဇနာ ခန်းပတ်မင်းကြီးဦးရွှေမောင်
မွေးဖွား( 1821-06-08)၈ ဇွန်၊ ၁၈၂၁ မြန်မာနှစ်။[၁]
ရွှေဘိုမြို့၊ပဒေသရာဇ်ခေတ် ဗမာပြည်
ကွယ်လွန်၃၀ ဇွန်၊ ၁၈၉၈(1898-06-30) (အသက် ၇၆)[၁]
နိုင်ငံလူမျိုးဗမာလူမျိုး
အလုပ်အကိုင်ပဒေသရာဇ်ခေတ် ဘုရင်မှူးမတ်၊ မြန်မာ ပညာရှိ။
ဘွဲ့သခင်ကြီး

ခန်းပတ်မင်းကြီး (မြန်မာ ၁၁၈၂-၁၂၅၈)[ပြင်ဆင်ရန်]

'ပုခန်းမှာလေ၊ • လောင်းရှည်မှာဓား၊ • ခန်းပတ်မှာနား၊ • ရေနံတစ်တိုင် ချင်းရယ်နှင့် လင်းပါ့မလား'။

ဆိုသော ဗန်းမော်ဆရာတော် ချိုးသောစာတိုကလေးကို မြန်မာသမိုင်း လိုက်စားသူတိုင်း ကြားဘူးကြပေလိမ့်မည်။ ဤစာပိုဒ်ကလေးမှာ မင်းတုန်းမင်းတရားကြီးလက်ထက်တွင် ထင်ပေါ် ကျော်စောကြသော လွှတ်တော်ဝန်ကြီး လေးပါးတို့၏ အကြောင်းကို ပြက်ရယ်ပြုကာ ချိုးထားသော စာပင် ဖြစ်သည်။ ပုခန်းဝန်ကြီးမှာ လေနာရောဂါ ရှိကြောင်း၊ လောင်းရှည်ဝန်ကြီးမှာ ၁၂၂၈ ခုနှစ် မြင်ကွန်းနှင့် မြင်းခုံတိုင်မင်းသားတို့ ပုန်ကန်စဉ်က ဓားထိဖူး ကြောင်း၊ ခန်းပတ်မင်းကြီးမှာ နားလေးကြောင်း၊ ထို့ကြောင့် ရေနံချောင်းမင်းကြီး တစ်ပါးတည်းနှင့် အမှုတော်ကုန်စင်အောင် ထမ်းဆောင်နိုင်ပါ့မလားဟု စာချိုးခြင်း ဖြစ်ပေသည်။

ထိုဝန်ကြီး ၄ ပါးအနက် ခန်းပတ်ဝန်ကြီးမှာ သာယာဝတီမင်းပုဂံမင်း၊ မင်းတုန်းမင်းနှင့် သီပေါမင်း လက်ထက်အထိ မင်း ၄ ဆက်တိုင်တိုင် အမှုတော်ထမ်းခဲ့သော ပုဂ္ဂိုလ်ကြီး ဖြစ်သည်။ ဝန်ကြီးမှာ မြန်မာစာပေ အစီအကုံး အနှုန်းအဖွဲ့တို့တွင် ကောင်းမွန်သည်သာမက အင်္ဂလိပ်စာ၊ ပြင်သစ်စာတို့ကိုလည်း တတ်မြောက် ကျွမ်းကျင်သည်။ အထူးသဖြင့် ထိုခေတ် အခါက အင်္ဂလိပ်စကား အပြောကောင်းသူများအထဲတွင် တစ်ဦးအပါအဝင် ဖြစ်ပေသည်။ ထို့အပြင် ထိုခေတ် အခါက ကျွမ်းကျင်မှု မရှိသေးသော ငွေရေးကြေးရေး စာရင်းအင်းများကိုလည်း နိုင်နင်းသောပုဂ္ဂိုလ်ဟု ထင်ရှားခဲ့သည်။

ဖခင်မှာ ဘကြီးတော်ဘုရားလက်ထက် စစ်သူကြီး မဟာဗန္ဓုလနှင့်အတူ အင်္ဂလိပ်မြန်မာ ပထမစစ်ပွဲကို ယှဉ်နွဲတိုက်ခိုက်ခဲ့သူ အတွင်းဝန်မင်း ဦးရန်ငူး ဖြစ်သည်။ ဦးရန်ငူးမှာ သံလျင်တိုက်ပွဲတွင် ကျဆုံးခဲ့သည်။

ခန်းပတ်မင်းကြီးကို သက္ကရာဇ် ၁၁၈၂ ခုနှစ်တွင် အင်းဝမြို့၌ ဖွားမြင်သည်။ ငယ်မည်မှာ ဦးရွှေမောင် ဖြစ်ပေသည်။ သင်ရိုးသင်တန်း ကျမ်းဂန်များကို သင်ကြားတတ်မြောက်ခဲ့ပြီးနောက် သာယာဝတီမင်းထံတွင် အမှုတော်ထမ်းရွက်သည်။ ၁၂ဝ၃ ခုနှစ်တွင် သာယာဝတီမင်းသည် ရန်ကုန်မြို့သို့ စုန်တော်မူလာပြီးနောက် ရွှေတိဂုံစေတီတော်တွင် ရွှေသင်္ကန်းကပ်လှူ၍ ခေါင်းလောင်းတော်ကြီး သွန်းလုပ်လှူဒါန်းတော်မူစဉ်၊ ဦးရွှေမောင်မှာ လွှတ်တော် စာရေးကြီးအဖြစ်ဖြင့် လိုက်ပါအမှုထမ်းရသည်။ သားတော် ပုဂံမင်းလက်ထက်တွင် စာရေးကြီးရာထူးမှ လျှောကျလျက်ရှိသည်။ ညီတော် မင်းတုန်းမင်းတရားကြီး လက်ထက်တွင် ရတနာသိင်္ဃမြို့တွင် ဝန်ထောက်စိုး လေးဆယ်၊ ဒိုင်းဝန်ရာထူးဖြင့် ချီးမြှင့်ခန့်ထား ခြင်း ခံရသည်။ ထို့နောက် ခန်းပတ်မြို့စား အတွင်းဝန်၊ ဝင်းဒိုင်းခုနစ်စုဆိုင်ရာဝန်ကြီး ခန့်ထားပြန်သည်။ မင်းတုန်းမင်းတရားကြီး မကျန်းမမာရှိသည့်အခိုက် ရှင်ဖြူမရှင် မင်းဖုရားခေါင်ကြီးနှင့် တိုင်ပင်၍ သီပေါမင်းသား အား အိမ်ရှေ့မင်းသားအရာ တင်မြှောက်ကြသော မှူးတော် မတ်တော်ကြီးများအထဲတွင် ခန်းပတ်မင်းကြီးလည်း တစ်ဦးအပါအဝင် ဖြစ်သည်။

သီပေါမင်းလက်ထက်တော်တွင် သတိုးမင်းကြီး သီရိမဟာ မင်းခေါင် ဥဇနာဘွဲ့ဖြင့် အမှုတော်ကို ဆက်လက် ထမ်းရွက်ခဲ့သည်။ သို့ရာတွင် မင်းကြီးမှာ ကြာရှည်စွာ အမှုတော် မထမ်းဆောင်ရသေးမီ၊ ရာထူးမှ နုတ်ပယ်ခြင်းခံရသည်။ ရာထူးမှ နုတ်ပယ်ခြင်းခံရသည့် အကြောင်းရင်းကား သီပေါမင်းနှင့် ဒိုင်းခင်ခင်တို့ ချစ်ကြိုက်ရည်ငံရှိနေကြောင်းကို မိဖုရားကြီး သိသောအခါ ဒိုင်းခင်ခင်နှင့်တကွ မိဖုရားဆွေမျိုးအားလုံးတို့မှာ သုတ်သင်ပစ်ခြင်း ခံရသည်။ ခန်းပတ်မင်းကြီးမှာ ဒိုင်းဝန်မင်း၏ ဖခင်ဖြစ်၍ ဒိုင်းခင်ခင်၏ အဖိုးဖြစ် သောကြောင့် ကံကောင်းထောက်မသဖြင့် ကွပ်မျက်ခြင်းမခံရဘဲ၊ ရာထူးမှ နုတ်ပယ်ခြင်းသာ ခံရလေသည်။မြန်မာနိုင်ငံကို ဗြိတိသျှအစိုးရတို့ သိမ်းပိုက်ပြီးသည့်နောက် မင်းကြီးမှာ ရိက္ခာငွေ တစ်လလျှင် ၁ဝဝိ (တစ်ရာကျပ်)မျှ ထောက်ပံ့ခြင်း ရရှိခဲ့ပေသည်။ ၁၂၅၈ခုနှစ်၊ အသက် ၇၆ နှစ်အရွယ်တွင် အနိစ္စရောက်လေသည်။

[၂] [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ mc1500.com
  2. ခန်းပတ်မင်းကြီးရာဇဝင်
  3. မင်းကြီး၏ဆွေနွယ်မျိုးနွယ်များဆီကကြားရသည့် သတင်းစကားအရ မင်းကြီးတွင် သားသမီးသုံးဦးရှိရာ သားသမီးသုံးယောက်မှာ သမီးကြီး ငွေခွန်ဝန်ကတော်၊ သားလတ် ကောင်ဟံဝန်မင်း၊ သားငယ် ပုဂံအတွင်းဝန်မင်း တို့ဖြစ်ပါတယ်။