မာတိကာသို့ ခုန်သွားရန်

ခင်မောင် (စန္ဒရား အေဝမ်း)

ဝီကီပီးဒီးယား မှ
စန္ဒရား အေဝမ်း ခင်မောင်
[[Image:|200px]]
၆၉ နှစ်
မွေးသက္ကရာဇ် ၆ မတ် ၁၉၁၆
အမည်ရင်း ဦးခင်မောင်
မိဘအမည် ဦးဘရှင် + ဒေါ်ကျော့
မွေးဖွားရာဒေသ ရန်ကုန်မြို့၊ ၁၂ လမ်း
နိုင်ငံသား မြန်မာနိုင်ငံ
လူမျိုး
ကိုးကွယ်သည့်ဘာသာ
ပညာအရည်အချင်း
အလုပ်အကိုင်
ကြင်ဖော် လူပျိုကြီး
သားသမီး
ထင်ပေါ်ကျော်ကြားမှု စန္ဒရားဆရာ
ထင်ရှားသည့်လက်ရာများ ပြည်လှဖေ သီဆိုသော နတ်ရှင်နောင် သီချင်းပပဝင်း သီချင်းမေရှင် သီဆိုသော ကျေးစေတမန် သီချင်း
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက် ၂၄ ဖေဖော်ဝါရီ ၁၉၈၅
ကွယ်လွန်ရာဒေသ ရန်ကုန်မြို့
လက်မှတ် [[Image:|100px]]
ကွန်ယက်


ခင်မောင်၊ စန္ဒရားအေဝမ်း(ခရစ် ၁၉၁၆-၁၉၈၅)

[ပြင်ဆင်ရန်]

ဂီတလောကတွင် ထင်ရှားသော စန္ဒရား အေဝမ်း ခင်မောင်ကို ရန်ကုန်မြို့၊ ၁၂ လမ်း၌ အဖ ဦးဘရှင်၊ အမိဒေါ်ကျော့တို့က ၁၉၁၆ ခုနှစ် မတ်လ ၆ ရက်နေ့ တွင် မွေးဖွားသည်။ ၁၉၂၅-၂၆ ခုနှစ်အချိန်က ရန်ကုန်မြို့၊ ရုပ်ရှင်ရုံများရှေ့ တွင် ရုပ်ရှင်မပြမီ လူခေါ်မောင်းဆိုင်းဖြင့် ဧည့်ခံ လေ့ရှိရာ အေဝမ်းခင်မောင်သည် ၁ဝ နှစ်သားအရွယ်ကတည်းက လူခေါ် မောင်းဆိုင်းတီး ခေါင်းဆောင်အဖြစ် တီးမှုတ်ရသူ ဖြစ်သည်။ တီးဝိုင်းမှအစ လူပြက်နှင့် မင်းသမီးပါ ကလေးများသာ ပါဝင်သော ရန်ကုန်အနောက် ပိုင်း ကလေးအငြိမ့်တွင်လည်း ကလေးတီးဝိုင်းခေါင်းဆောင် ဖြစ်သည်။ အေဝမ်းခင်မောင်သည် ရုပ်ရှင် တီးဝိုင်း လောကသို့ စန္ဒရားဆရာများ၏ လက်ထောက် သံပတ္တလားတီး အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး စန္ဒရား ဆရာထောက်၊ စန္ဒရားရွှေပြည်အေး တို့ထံတွင် စန္ဒရားတီးပညာ သင်ကြား ခဲ့သည်။ ထို့နောက် အသံတိတ်ရုပ်ရှင်တီးဝိုင်းများတွင် တီးဝိုင်း ခေါင်းဆောင် စန္ဒရားဆရာဖြစ်လာခဲ့သည်။ ထိုအချိန်တွင် အေဝမ်းရုပ်ရှင်ကုမ္ပဏီမှ သံစုံသွင်းရုပ်ရှင်ကားများ စမ်းသပ် ရိုက်ကူးစပြုရာ အေဝမ်းခင်မောင် သည် ၁၉၃၇ ခုနှစ်တွင် ရုံတင်သော မောင့်ဝိညဉ် သံစုံသွင်းရုပ်ရှင်ကားမှစ၍ နောက်ခံတေးသွင်း စန္ဒရားဆရာ ဖြစ်ခဲ့သည်။ ထိုမှစ၍ သံစုံသွင်း စန္ဒရားဆရာအဖြစ် အေဝမ်းရုပ်ရှင်ကုမ္ပဏီတွင် လခ ၇ဝကျပ် ဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။

၁၉၃၈ ခုနှစ်တွင် မြန်မာအဆွေအေဝမ်းရုပ်ရှင်ကုမ္ပဏီမှ "သဘင်ဝန်တံဆိပ်" ဓာတ်ပြားများ ထုတ်လုပ်သည်။ ဓာတ်ပြားများထုတ်လုပ်ရာတွင် အေဝမ်းသံစုံတူရိယာအဖွဲ့ တီးဝိုင်းခေါင်းဆောင်မှာ စန္ဒရားအေဝမ်းခင်မောင် ဖြစ်သည်။ ထိုသို့တီးမှုတ်ခဲ့ရာ စန္ဒရား အေဝမ်းခင်မောင်ဟူ၍ ကျော်ကြားလာခဲ့သည်။ အေဝမ်းခင်မောင်သည် နားပြောင်း နားလွှဲဖြစ်ရန် စန္ဒရား တကျော့၊ ဂီတတကျော့၊ မယ်ဒလင်တကျော့ စသည်ဖြင့် တီထွင်တီးမှုတ်ခဲ့သူဖြစ်သည်။

ပြည်လှဖေ သီဆိုသော နတ်ရှင် နောင်၊ ပပဝင်း သီချင်းများတွင် အေဝမ်းခင်မောင်သည် နရီ အထားအသို ကောင်းမွန်ပိရိစွာ စန္ဒရားလက်စွမ်းပြခဲ့သည်။ ထို့အပြင် မေရှင် သီဆို သော ကျေးစေတမန်သီချင်းတွင် စန္ဒရား ကို တီးလုံးတီးကွက် ပြွတ်သိပ်နေအောင် မတီးပဲ လူတိုင်းနား စွဲရန် လက်ပိုင်သမျှကို အထားအသိုလှပစွာ တီးခတ်ခဲ့သည်။ အေဝမ်းခင်မောင်သည် မြန်မာ့အထာနှင့် မြန်မာ့ဂီတခွင်ကို လည်းကောင်း၊ နိုင်ငံခြားအသုံး တီးလုံး တီးကွက်များကို လည်း ကောင်း ကောင်းစွာနားလည်သူ ဖြစ်သည်။ ထို့ကြောင့် စန္ဒရား တီးခတ်ရာတွင် ဂီတ သင်္ကေတများကို အသုံးမပြုခဲ့ချေ။

အေဝမ်းခင်မောင်၏ ငယ်ဆရာများမှာ ဆိုင်းဆရာကြီး ဆရာကြံနှဲဆရာကြီး ဗူးကိုတင်၊ ပတ္တလားနှင့် စန္ဒရားဆရာ ဆရာခန့်စန္ဒရား ဆရာတောက်၊ စန္ဒရား ရွှေပြည်အေးတို့ ဖြစ်ကြသည်။ အေဝမ်းခင်မောင်သည် မြန်မာညွန့် ဦးချစ်မောင်ထံတွင်လည်း သီချင်းကြီး၊ သီချင်းခန့်များကို တက်ယူဆည်းပူးခဲ့သည်။ စန္ဒရားအေဝမ်းခင်မောင်သည် လူပျိုကြီးဘဝနှင့် နေထိုင်ယင်း ၁၉၈၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)