ခင်မောင်ဝင်း (ဒဿနဗေဒ)

ဝီကီပီးဒီးယား မှ
(ခင်မောင်ဝင်း၊ ဒေါက်တာ (ဒဿနဗေဒ) မှ ပြန်ညွှန်းထားသည်)
ခင်မောင်ဝင်း၊ ဒေါက်တာ(၁၉၂၉-၂၀၁၁)

ဒေါက်တာခင်မောင်ဝင်းကို ဦးညိမ်း၊ ဒေါ်ကြင်တို့က ၁၉၂၉ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်တွင် မန္တလေးမြို့၌ မွေးဖွားသည်။ ဒေါက်တာခင်မောင်ဝင်း (ဒဿနဗေဒ)သည် မန္တလေးမြို့ရှိ တိုင်းချစ်အလွတ်ပညာသင်ကျောင်း၊ သံတဲကျောင်း၊ အစိုးရမူလတန်းလွန်ကျောင်း၊ ပရီယူနီဗာ စီတီကျောင်း၊ မန္တလေးဥပစာကောလိပ်တို့၌ ပညာသင်ယူသည်။ ၁၉၅၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ဒဿနိကဗေဒပထမနှစ် (ဂုဏ်ထူးတန်း) သို့ တက် ရောက်ပညာသင်ယူသည်။ ၁၉၅၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့ကို ရရှိသည်။ ၁၉၅၄ ခုနှစ်တွင် ယေးလ်တက္ကသိုလ်သို့ သွားရောက်ပညာသင် ယူသည်။ ယေးလ်တက္ကသိုလ်မှ ၁၉၅၆ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့နှင့် ၁၉၅၈ ခုနှစ်တွင် ပါရဂူဘွဲ့ကို ရရှိသည်။


ဒေါက်တာခင်မောင်ဝင်း(ဒဿနဗေဒ)သည် ၁၉၅၃ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ်၌ နည်းပြနှင့်ကထိကတာဝန်များကို ထမ်းဆောင်သည်။ ၁၉၆၄ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိ ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်၌ ဒဿနိကဗေဒပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၇၂ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ပညာရေးတက္ကသိုလ်၌ ပါမောက္ခချုပ်အဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၇၄ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရပြီး ၁၉၈၀ ပြည့်နှစ်အထိ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၈၀ ပြည့်နှစ်တွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၈၃ ခုနှစ်တွင် ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံရသည်။ ၁၉၈၃ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိ ပြင်သစ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်၊ ဆွစ်ဇာလန်နိုင်ငံ၊ စပိန်နိုင်ငံနှင့် အယ်လ်ဂျီးရီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတာဝန်များကို ပူးတွဲထမ်းဆောင်သည်။ ၁၉၈၆ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်စဉ် မောရစ်ရှပ်နိုင်ငံနှင့် အီရန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတာဝန်များကို ပူးတွဲထမ်းဆောင်သည်။ ၁၉၈၉ ခုနှစ်တွင် သံအမတ်ကြီးအဖြစ်မှသက်ပြည့် အငြိမ်းစားယူသည်။ အငြိမ်းစားယူပြီးနောက် ရန်ကုန်တက္ကသိုလ်၊ ဒဿနိကဗေဒဌာန၊ ဂုဏ်ထူးဆောင်ပါ မောက္ခတာဝန်ကို ထမ်းဆောင်သည်။


ဒေါက်တာခင်မောင်ဝင်း(ဒဿနဗေဒ)သည် အခြေခံယုတ္တိဗေဒစာအုပ် (ဦးဆန်းလွင်နှင့်တွဲ၍)ဒဿနိကနှင့်စိတ်ပညာ ဆိုင်ရာစာတမ်းများ၊ အတွေးသစ် ကိုဖန်တီးသူများ၊ အနောက်တိုင်း ဒဿနအမြင်ကို မြန်မာမျက်စိဖြင့်ကြည့်ခြင်း၊ လူကိုယ်ကျင့်တရားနှင့် ဒဿနရှုထောင့်၊ ဒဿနကို မြတ်နိုးခြင်းစသော စာအုပ် များကို ရေးသားပြုစုသည်။ ဒေါက်တာခင်မောင်ဝင်း(ဒဿနဗေဒ) သည် ၁၉၈၂ ခုနှစ်တွင် နိုင်ငံတော်က ချီးမြှင့်သည့် နိုင်ငံ့ဂုဏ်ရည် ဘွဲ့ (ပထမဆင့်) ကု ိ ရရှိသည်။ ဒေါက်တာခင်မောင်ဝင်း (ဒဿနဗေဒ) သည် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် သားတစ်ဦး၊ သမီးတစ်ဦး၊ မြေးလေးဦးနှင့် မြစ်တစ်ဦးကျန်ရစ်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၂)