ခင်မမင်းဝန် (နန်းမတော်ဝန်)

ဝီကီပီးဒီးယား မှ

ခင်မမင်းဝန် (နန်းမတော်ဝန်)[ပြင်ဆင်ရန်]

ခင်မမင်းဝန် သို့မဟုတ် နန်းမတော်ဝန်သည် မိဖုရားခေါင်ကြီးနှင့် ပတ်သက်သည့် အရေးကိစ္စအဝဝကို တာဝန်ယူရသူဖြစ်သည်။ အထူးသဖြင့် မိဖုရားခေါင်၏ အသုံးကံကျွေး မြို့ရွာတို့မှ အခွန်တော်များကို စနစ်တကျ ကောက်ခံထိန်းသိမ်း ပေးရသူဖြစ်၏။ ကုန်းဘောင်ခေတ်ဦးကာလ ခင်မမင်းဝန်ဟု ခေါ်ဆိုကြသော်လည်း ခေတ်နှောင်းကာလ၌ နန်းမတော်ဝန်ဟူ၍သာ ခေါ်ဆိုကြသည်။ အမိန့်တော် ပြန်တမ်းများ၌ အများအားဖြင့် ခင်မမင်းဝန်ဟူ၍သာ ဖော်ပြကြသည်။

မိဖုရားခေါင်[ပြင်ဆင်ရန်]

ဘုရင်မင်းမြတ်၏ မိဖုရားများထဲတွင် အခေါင်အထွတ်ဖြစ်သဖြင့် မိဖုရားခေါင်ဟု ခေါ်ဆိုကြသကဲ့သို့ တစ်ခါတစ်ရံ တောင်နန်းမတော် မိဖုရားကြီးဟူ၍လည်း သုံးနှုန်းခေါ်ဆိုကြ၏။ ကုန်းဘောင်ခေတ်တစ်လျှောက် မိဖုရားခေါင်အရာ ရရှိခဲ့ကြသူများမှာ အောက်ပါအတိုင်းဖြစ်သည်။

  1. အလောင်းမင်းတရား၏ မိဖုရားခေါင် မဟာမင်္ဂလာရတနာ ဓိပတိသီရိ ရာဇာ စန္ဒာဒေဝီ (ခင်ယွန်းစံ)
  2. ဒီပဲယင်းမင်း (နောင်တော်ကြီး)၏ မိဖုရားခေါင် မဟာမင်္ဂလာရတနာဒေဝီ (ရှင်ဖိုးဦး)
  3. မြေဒူးမင်း (ဆင်ဖြူရှင်)၏ မိဖုရားခေါင် သီရိအတုလမဟာ ပဒုမ္မာဒေဝီ (ဒေါ်လှ)
  4. စဉ့်ကူးမင်း၏ မိဖုရားခေါင် မဟာရတနာစန္ဒာဒေဝီ (ရှင်မင်း)
  5. ဖောင်းကားစား မောင်မောင်၏ မိဖုရားခေါင် (ရှင်ဗိုင်းတုတ်)
  6. ဗဒုံမင်း(ဘိုးတော်ဘုရား)၏ မိဖုရားခေါင် သီရိပဝရမဟာဇိန်ဒါ မဟာမင်္ဂလာရတနာဒေဝီ (ဒေါ်လွန်းမယ်)
  7. ဘကြီးတော်(စစ်ကိုင်းမင်း)၏ မိဖုရားခေါင် နန်းမတော်မယ်နု
  8. သာယာဝတီမင်း၏ မိဖုရားခေါင် သီရိပဝရတိလောက မဟာရတနာ ပဒုမ္မာဒေဝီ
  9. ပုဂံမင်း၏ မိဖုရားခေါင်သီရိတိလောက မဟာရတနာဒေဝီ(ဒေါ်ရွှေကူ)
  10. မင်းတုန်းမင်း၏ မိဖုရားခေါင် သီရိပဝရမဟာရာဇိန်ဒါဓိပတိ ရတနာပဒုမာဒေဝီ (စကြဒေဝီမင်းသမီး)
  11. သီပေါမင်း၏ မိဖုရားခေါင် သုသီရိမဟာရတနာဒေဝီ(စုဖုရားလတ်) တို့ ဖြစ်ကြသည်။

ခင်မမင်းဝန်မင်း ရဲတင့်တယ်[ပြင်ဆင်ရန်]

အစောပိုင်းကာလ အမည်သိရှိရသူ ခင်မမင်းဝန် တစ်ဦးမှာ မင်းရဲတင့်တယ် ဖြစ်သည်။ မင်းရဲတင့်တယ်သည် တံတားဦး သေနတ်ဝန်ရွှေယင်းမာ ရွာစားလည်း ဖြစ်၏။ အလောင်းမင်းတရားနှင့် နောင်တော်ကြီး (ဒီပဲယင်းမင်း)တို့လက်ထက်တွင် မင်းရဲတင့်တယ် ခင်မမင်းဝန်အဖြစ် အမှုထမ်းခဲ့ခြင်း ရှိမရှိ မသိရသော်လည်း ဆင်ဖြူရှင် (မြေဒူးမင်း) လက်ထက်တွင် မိဖုရားခေါင်ကြီး သီရိအတုလမဟာပဒုမ္မာဒေဝီ အတွက် ခန့်အပ်ခံရသူ ခင်မမင်းဝန်ဖြစ်နေပေသည်။

မယ်ဇလီရွာစား ဦးမောင်[ပြင်ဆင်ရန်]

ဘိုးတော်ဘရား (ဗဒုံမင်း)လက်ထက်တွင် မယ်ဇလီရွာစား သီရိရာဇာသူဘွဲ့ခံ ဦးမောင်အား ခင်မမင်းဝန်အရာ ခန့်အပ်ခဲ့ဟန်ရှိသည်။ သို့သော် မကြာမီ သူ့အား တောင်နန်းမတော်ဝန် ဒေါ်ခင်မမင်းဝန်အဖြစ်မှ မြောက်နန်းမတော်ဝန်အဖြစ်သို့ ပြောင်းလဲခန့်အပ်ခဲ့သည်။ စစ်ကိုင်းမင်းလက်ထက် ဘကြီးတော် (စစ်ကိုင်းမင်း) နန်းတက်စ ၁၈၁၉ ခုနှစ်တွင် အိမ်ရှေ့စာရေးကြီး သီဟစည်သူကျော်ထင်အား အရှင်မိဖုရားခေါင်ကြီး ဝန်အရာ ခန့်အပ်ခဲ့၏။ ၃ နိုဝင်ဘာ ၁၈၁၉ တွင် ထီးဖြူဆောင်းမင်္ဂလာပွဲ ဆင်ယင်ကျင်းပစဉ် သူ့အား နေမျိုးမင်းလှရာဇာဘွဲ့ ပေးအပ်ခဲ့သည်။ သို့သော် မကြာမီ ရာထူးအပြောင်းအလဲ ဖြစ်ခဲ့သည်။ မိဖုရားခေါင်ဖြစ်သူ နန်းမတော်မယ်နုက သူ၏ ဦးရီးတော် မဟာမင်းကြီးကျော်ထင်ဘွဲ့ခံ ဦးကွန်းအား နန်းမတော်ဝန်အရာ ခန့်အပ်ချီးမြှင့်ခဲ့သည်။ ဦးကွန်းသည် ၁၈၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဒီပဲယင်း မြို့ဝန်အဖြစ် ပြောင်းရွှေ့ခန့်အပ်ခဲ့ရ၏။ ဦးကွန်း၏ နေရာ၌ မင်းကြီးကျော်ထင်ဘွဲ့ခံ ဦးစကို အစားထိုးခန့်အပ်လိုက်ပါသည်။ ၁၈၂၄ ခုနှစ် ဘိသိပ်မင်္ဂလာပွဲအပြီးတွင် မင်းလှသီရိကျော်ထင်ဘွဲ့ခံ ဦးစသည် အရှင်နန်းမတော်ဘုရားဝန်အဖြစ် ဖော်ပြခံရပြီး ရွှေစလွယ် ၁၂ သွယ် အပါအဝင် အဆောင်အရွက်များ ပေးအပ်ချီးမြှင့်ခံခဲ့ရကြောင်း သိရှိရ၏။ ဦးစ၌ မမင်းအိုနှင့် မမဆိုသူ သမီးနှစ်ဦးထွန်းကားရာ နှစ်ဦးစလုံးမှာ ၄၀ တော်မှူးမတ်သမီးစာရင်းဝင် ဖြစ်သည်။

ခင်မမင်းဝန် ဦးကြွက်[ပြင်ဆင်ရန်]

၁၈၃၇ ခုနှစ်တွင် သာယာဝတီမင်း နန်းတက်စ၌ ဦးကြွက်အား မင်းကြီးမဟာရာဇသင်္ကြန်ဘွဲ့ဖြင့် ခင်မမင်းဝန်အရာ ခန့်အပ်လိုက်ပါသည်။ ခင်မမင်းဝန် မင်းကြီးမဟာရာဇသင်္ကြန်သည် ၁၅ ဇူလိုင် ၁၈၃၈ တွင် သွေးသောက်အဖွဲ့ ဖွဲ့စည်းရာ၌ ပါဝင်ခဲ့၏။ သို့သော် နောက်နှစ်⁠နှစ်ခန့် အကြာတွင် ခင်မမင်းဝန်ရာထူး အပြောင်းအလဲ ဖြစ်ခဲ့သည်။

နန်းမတော်ဘုရား ဝန်ဦးညို[ပြင်ဆင်ရန်]

ဦးကြွက်၏ ရာထူးကို ဆက်ခံခဲ့သူမှာ မိုးဗြဲစစ်ကဲကြီး မင်းကြီးမဟာမင်းထင် သီဟသူဘွဲ့ခံ ဦးညိုဖြစ်သည်။ ဦးညိုသည် နောင်ကောလိယမြို့စား ဝန်ထောက်ရာထူးဖြင့်ပါ ပူးတွဲတာဝန်ယူခဲ့ရ၏။ မန္တလေးမြို့ မင်းထင်ကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့သည့် ဆင်ဝန်မင်းထင် ဗျာရှပ်ဘွဲ့ခံ ဦးကြီးကလေးမှာ နန်းမတော်ဝန် ဦးညို၏ မြေးဖြစ်သည်။

ပုဂံမင်းလက်ထက်[ပြင်ဆင်ရန်]

ပုဂံမင်းလက် နန်းမတော်ဝန်၏ အမည်ကို ရှာဖွေမတွေ့ရသေးပေ။ ဝန်ထောက် ဦးညိုကိုပင် နန်းမတော်ဝန်အဖြစ် ဆက်လက်ခန့်ထားခဲ့ခြင်းလည်း ဖြစ်ဟန်ရှိသည်။ (ပုဂံမင်း၏ မိဖုရားခေါင်ကြီးမှာ အသက်အလွန်ရှည်သူဖြစ်ပြီး ဗြိတိသျှအစိုးရလက်ထက်တွင်မှ ကွယ်လွန်ခဲ့၏။)

နန်းမတော်ဝန်ဦးပသီ[ပြင်ဆင်ရန်]

၁၈၅၃ ခုနှစ်တွင် မင်းတုန်းမင်း နန်းတက်လာပြီးနောက် ဦးပသီအား မင်းကြီး မဟာမင်းခေါင်ရာဇာဘွဲ့ဖြင့် ပျဉ်းမနားမြို့အား နန်းမတော်ဝန်အရာ ခန့်အပ်လိုကျပါသည်။ ဦးပသီသည် ပုဂံမင်းလက်ထက်က ဒလမြို့ဝန်ဖြစ်၏။ အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲ အစပိုင်းကာလတွင် ရေနန်းယာဉ်သာ သင်္ဘောအား ကော်မိုတိုလင်းဘက်ကို ဆွဲယူသွားကြသည်မှာ ဒလမြို့ဝန် ဦးပသီအုပ်ချုပ်စီရင် ရသော ပိုင်နက်နယ်မြေ အတွင်းဖြစ်သည်။ စစ်ပွဲ ပြီးဆုံးသွားပြီးနောက် ဗြိတိသျှတို့က မြန်မာနိုင်ငံအောက်ပိုင်း ဒေသများအား သိမ်းပိုက်လိုက်ရာ ဦးပသီကို မင်းတုန်းမင်းက နေပြည်တော်သို့ ဆင့်ခေါ်လျက် နန်းမတော်ဝန်အရာ ခန့်အပ်ပေးခဲ့သည်။ ၁၈၅၅ ခုနှစ်တွင် အာသာဖယ်ရာ၏ သံအဖွဲ့ အမရပူရသို့ လာရောက်စဉ် နန်းမတော်ဝန် ဦးပသီနှင့် ဟင်နရီယူးလ်တို့ တွေ့ဆုံခဲ့ကြသေး၏။

နန်းမတော်ဝန် ဦးပေါ်လာ[ပြင်ဆင်ရန်]

ရတနာပုံခေတ်တွင် နန်းမတော်ဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူမှာ ဦးပေါ်လာ ဖြစ်သည်။ မင်းတုန်းမင်းသည် ၁၈၅၉ ခုနှစ်တွင် ရတနာပုံ နေပြည်တော်ကြီး တည်ခဲ့ပြီးနောက် မန္တလေးသို့ ပြောင်းရွှေ့ နန်းစံသောအခါ ဦးပေါ်လာအား နန်းမတော်ဝန်အဖြစ် ခန့်အပ်ခဲ့ဟန်ရှိ၏။ ထိုစဉ်က နန်းမတော်ဝန် ဦးပသီမှာ ကွယ်လွန်သွားဟန်ရှိသည်။ နန်းမတော်ဝန် ဦးပေါ်လာ၏ သားတစ်ဦးမှာ သွေးသောက် မင်္ဂလာ အမြောက်အမှုထမ်း ဦးဗိုလ်ကြီး ဖြစ်သည်။

နန်းမတော်ဝန် ဦးယံ[ပြင်ဆင်ရန်]

မင်းတုန်းမင်း လက်ထက် ၂၆ အောက်တိုဘာ ၁၈၇၂ တွင်း မိုင်းခိုင်းမြို့ စား ပိဋကတ်တော်အုပ် မဟာသီရိဇေယျသူ ဘွဲ့ခံ ဦးယံကို ခင်မမင်းဝန် (နန်းမတော်ဝန်)အရာ ခန့်အပ်လိုက်ပါသည်။ အမိန့်ပြန်တမ်းတွင် ‘မိုင်းခိုင်းမြို့စား မဟာသီရိဇေယျသူကို ခင်မမင်းဝန်ခန့်။ သက္ကရာဇ် ၁၂၃၄ ခု သီတင်းကျွတ်လပြည့်ကျော် ၉ ရက်နေ့ နာခံနေမျိုးသခင်တွင်ပြန်’ဟူ၍ ဖြစ်သည်။ ၂ဝ ဧပြီ ၁၈၇၄ တွင် မင်းတုန်းမင်း မုဒ္ဓါ ဘိသိက်ခံစဉ်က အရှင် နန်းမတော်ဘုရားဝန် မိုင်းခိုင်းမြို့စား မဟာသီရိဇေယျသူ တက်ရောက်ခဲ့ကြောင်း သိရှိရ၏။ သို့သော် နန်းမတော် မိဖုရားခေါင်ကြီး စကြာဒေဝီမှာ ၁၂ နိုဝင်ဘာ ၁၈၇၆ တွင် ကွယ်လွန်သွားရာ ဦးယံမှာလည်း ပိဋကတ်တော်အုပ် ရာထူးဖြင့်သာ ဆက်လက်အမှုထမ်းရွက်ခဲ့ရလေသည်။ သီပေါမင်းလက်ထက် ၁၈၇၈ ခုနှစ်တွင် သီပေါမင်း နန်းတက်လာသောအခါ ဦးယံကိုပင် နန်းမတော်ဝန်အရာ ခန့်အပ်ရန် လျာထားခဲ့၏။ သို့သော် နန်းမတော် မိဖုရားခေါင်အဖြစ် ဘိသိကျမခံရသေးမီ စုဖုရားလတ်၏ ဝန်အဖြစ်သာ ခန့်အပ်ခဲ့ဟန်ရှိသည်။ စုဖုရားလတ်၏ အစ်မတော် မိုင်းနောင်စုဖုရားကြီး အတွက်မူ အင်းဝမြို့ဝန် မင်းကြီးမင်းလှ မဟာမင်းခေါင်ရာဇာဘွဲ့ခံ ဦးဘိုးရောက်အား ခန့်အပ်ခဲ့၏။ အဂ္ဂမဟေသီ ဘိသိက်ခံစဉ် စုဖုရားကြီးအား မိဖုရားခေါင်နေရာ လျာထားသတ်မှတ်သော်လည်း ညီမစုဖုရားလတ်က အဓမ္မရယူခဲ့သဖြင့် ဦးဖိုးရောက်မှာ နန်းမတော်ဝန်အရာနှင့် လွဲကာ ရာထူးလက်မဲ့ဖြစ်သွားရသည်။ စုဖုရားကြီးမှာ နောင်တွင် သီလရှင်ဝတ်သွားသည်။ မင်းကြီးမဟာမင်းကျော်မင်းထင် ၁၈⁠၈၃ ခုနှစ်တွင် မဟာမုနိစေတီတော်မြတ်သို့ ထီးဖြူတော် ချုပ်လုပ်လှူဒါန်းစဉ် နန်းမတော်ဝန် စဉ့်ကူးမြို့ဆိုင်ရာ မင်းကြီးမဟာ မင်းကျော်မင်းထင် ပါဝင်လုပ်ဆောင်ပေးခဲ့ရကြောင်း သိရှိရ၏။ ၎င်းမင်းကြီးမဟာမင်းကျော်မင်းထင် ပါဝင်လုပ်ဆောင်ပေးခဲ့ရကြောင်း သိရှိရ၏။ ၎င်းမင်းကြီးမဟာမင်းကျော်မင်းထင် သည်ပင် မြန်မာမင်းများလက်ထက် နောက်ဆုံးခန့်အပ်ခံခဲ့ရသူ နန်းမတော်ဝန် ဖြစ်ဟန်ရှိသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉