ကြာချည်

ကြာချည် သို့မဟုတ် ပိုးကြာချည် သည် ကြာရိုး၏ အမျှင်များမှ ထုတ်လုပ်ရရှိသည့် ချည်တစ်မျိုး ဖြစ်သည်။ ကြာချည်ထုတ်လုပ်မှုသည် မြန်မာနိုင်ငံတွင် စတင်ခဲ့သည်။ လက်ရှိအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ သေယမ်ရပ်မြို့တွင် များပြားစွာ ထုတ်လုပ်လျက်ရှိသည်။[၁] ဗီယက်နမ်နှင့် အိန္ဒိယရှိ အချို့သော အိမ်တွင်းလုပ်ငန်းအသေးစားများသည်လည်း ကြာချည်ထည်များကို ထုတ်လုပ်လျက်ရှိသည်။[၂][၃] ထုတ်လုပ်မှုလုပ်ငန်းစဉ် များပြားခြင်းနှင့် လုပ်သားလိုအပ်မှုတို့ကြောင့် ကြာချည်မျှင်နှင့် ကြာချည်ထည်သည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံး ချည်ထည်အဖြစ် သတ်မှတ်ကြသည်။ ကြာချည်ထုတ်လုပ်ရာတွင် ပဒုမ္မာကြာ အမျိုးအစားမှ ထုတ်လုပ်သည်။ ပဒုမ္မာကြာသည် ကြီးမား၍ ရနံ့သင်းပျံ့သည့် ပန်းရောင်အပွင့်များပွင့်သည့် ကြာအမျိုးအစား ဖြစ်သည်။[၂][၄][၅]


ကြာအရင်းအမြစ်
[ပြင်ဆင်ရန်]မြန်မာနိုင်ငံတွင် ကြာရိုးများကို နိုင်ငံတဝှမ်းရှိ ကန်များမှ ရရှိသည်။ ၎င်းကန်များတွင် ရှမ်းပြည်နယ်ရှိ အင်းလေးကန်၊ မန္တလေးတိုင်းဒေသကြီးရှိ စွန်ရဲကန်၊ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့ရှိ အင်းမကန်၊ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ရှိ ဝက်သည်းကန်နှင့် စလင်းကန်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့ရှိ ကန်ထောင့်ကြီးကန်တို့ ပါဝင်သည်။[၅]
ကမ္ဘောဒီးယားနိုင်ငံတွင် ကြာရိုးအများစုကို Siem Reap မြို့ရှိ တွန်လီဆပ်ကန် (Tonle Sap lake)မှ ရယူသည်။[၆][၇]
ဗီယက်နမ်နိုင်ငံတွင် ကြာရိုးများသည် ဟနွိုင်းမြို့ရှိ ကန်ကြီးများမှ ရရှိသည်။[ကိုးကားချက်လိုသည်]
သမိုင်းကြောင်း
[ပြင်ဆင်ရန်]
ကြာချည်ရက်ကန်းလုပ်ငန်းသည် မြန်မာနိုင်ငံ၊ အင်းလေးကန်တွင် အစပြုခဲ့သည်။ ၁၉၀၀ ပြည့်နှစ်အစောပိုင်းကာလများတွင် ကျိုင်းခန်ရွာရှိ "ဆာဦး" ဟု အမည်ရှိသည့် အင်းသားလူမျိုးအမျိုးသမီးတစ်ဦးသည် ကြာချည်ရက်ကန်းကို စတင်တီထွင်ခဲ့သည်။ သူမသည် ပထမဆုံးအနေဖြင့် "ကြာသင်္ကန်း" ဟုခေါ်သည့် ကြာချည်မျှင်များဖြင့် ရက်လုပ်ထားသည့် ဗုဒ္ဓဘာသာရဟန်းများ ဝတ်ဆင်ရသည့် သင်္ကန်းကို ရက်လုပ်ခဲ့သည်။[၈][၅] ထိုသင်္ကန်းကို ဒေသရှိ ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်နှင့် ဖောင်တော်ဦးဘုရားရှိ ဗုဒ္ဓရုပ်ပွားတော်များကို လှူဒါန်းခဲ့သည်။ မြန်မာနိုင်ငံတွင် သမိုင်းကြောင်းရှည်ကြာကာလကပင် ရိုးရာနည်းအတိုင်း သင်္ကန်းရက်လုပ်သည့်ဓလေ့သည် အမြစ်တွယ်ခဲ့ပြီး ဖြစ်သည်။ တန်ဆောင်တိုင်ပွဲတော်ကာလတွင် မြန်မာနိုင်ငံတွင် သင်္ကန်းရက်ပြိုင်ပွဲများကို နိုင်ငံတဝှမ်းရှိ ဘုရားစေတီပုထိုးများတွင် ကျင်းပကြသည်။
ဒေါ်ဆာဦး ဆုံးပါးပြီးနောက်တွင် ကြာချည်လုပ်ငန်းသည် ရပ်တန့်ခဲ့သွားခဲ့သော်လည်း သူ၏အမျိုးများဖြစ်သည့် ထွန်းရီနှင့် အုန်းကြည်တို့နှစ်ဦးသည် လုပ်ငန်းကို ပြန်လည်လုပ်ကိုင်ခဲ့သည်။ သူတို့နှစ်ဦးသည် ဤလုပ်ငန်းကို ခေတ်မီလာစေရန်နှင့် စနစ်တကျဖြစ်လာစေရန် စတင်လုပ်ဆောင်ခဲ့ကြသည်။[၅]
၂၀၁၇ ခုနှစ်တွင် ဟနွိုင်းမြို့အနီးရှိ ယက္ကသမား Phan Thi Thuan သည် ကြာချည်ရက်ကန်းလုပ်ငန်းကို စတင်မိတ်ဆက်ပေးခဲ့သည်။ သူသည် လုပ်ငန်းကို အောင်မြင်စွာလည်ပတ်နိုင်ခဲ့ပြီး ကြာချည်ကိုလည်း ရက်လုပ်နိုင်ခဲ့သည်။ သူသည် ၂၅ ကီလိုဂရမ်အလေးချိန်ရှိသည့် ကြာချည်ထည်ရရှိရန် ကြာရိုးတန်ချိန် ၁၀၀ ကို အသုံးပြုခဲ့သည်။[၃]
၂၀၁၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်မှ Bijiyashanti Tongbram သည် လော့တက်ကန် (Loktak Lake) မှ ရရှိသည့် ကြာရိုးများကို အသုံးပြုကာ ကြာချည်ထည်ကို ရက်လုပ်ခဲ့သည်။[၉]
အသုံးပြုမှု
[ပြင်ဆင်ရန်]

ကြာချည်ကို ဗုဒ္ဓဘာသာရဟန်းများနှင့် ဗုဒ္ဓရုပ်ပွားတော်များအတွက် ကပ်လှူရန် သင်္ကန်းအဖြစ် စတင်အသုံးပြုခဲ့ကြသည်။ လက်ရှိအချိန်တွင်မူ အမျိုးမျိုးသော အဝတ်အစားများများ ပြလုပ်ကာ အသုံးပြုနေကြပြီ ဖြစ်သည်။.[၅]
ဇိမ်ခံပစ္စည်းထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်သည့် Loro Piana သည် မြန်မာနိုင်ငံမှ ကြာချည်များကို တင်သွားကာ ဂျာကင်အဝတ်အထည်များနှင့် အခြားအဝတ်အမျိုးအစားများကို ၂၀၁၀ ခုနှစ်ကတည်းက ထုတ်လုပ်လျက်ရှိသည်။[၁၀]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Lotus silk farm။ 2024-11-19 တွင် ပြန်စစ်ပြီး။
- 1 2 Floyd၊ Charlie (November 16, 2020)။ Lotus silk is one of the rarest fabrics in the world, but what makes it so expensive?။ 2021-01-05 တွင် ပြန်စစ်ပြီး။
- 1 2 Fabric of Success: How 'Lotus Silk' Is Weaving Its Way Into Vietnam (in en-US) (2020-08-28)။ 2021-01-05 တွင် ပြန်စစ်ပြီး။
- ↑ Win၊ Lei Lei။ Lotus weaving (in en-US)။ 4 June 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2021-01-06 တွင် ပြန်စစ်ပြီး။
- 1 2 3 4 5 Theingi Myint; Khin Nyein San; Aung Phyo (2018)။ Lotus Fiber Value Chain in Myanmar (PDF)။ Regional BioTrade Project။
- ↑ Life of Lotus farmer in Phnom Krom – Mekong Wonders (in en-US)။ 6 December 2025 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2024-09-12 တွင် ပြန်စစ်ပြီး။
- ↑ Eco-Farm Crafts a Business out of Lotus Plants (in en)။ 2024-09-12 တွင် ပြန်စစ်ပြီး။
- ↑ Chaw Su Hlaing (2016). "Lotus Robe in Kyaing Khan Village Innlay Lake, Shan State (South): An Anthropological Perspective". Dagon University Research Journal 7: 91–102.
- ↑ Clothes made from lotus Stem Fibers | Bijiyashanti Tongbram from Manipur; Prakriti (November 6, 2020)။
- ↑ Binkley၊ Christina။ "New Luxury Frontier: A $5,600 Lotus Jacket" (in en-US)၊ Wall Street Journal၊ 2010-11-03။