ကျော်ထင် (ဒုတိယဝန်ကြီး)
ဗိုလ်မှူးချုပ် (ငြိမ်း) ဝဏ္ဏကျော်ထင်၊ ဦး ကျော်ထင် | |
|---|---|
| အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၁၀ ဧပြီ ၂၀၂၆ ဦးသန့်စင်လွင် နှင့်အတူ | |
| ခန့်အပ်သူ | မင်းအောင်လှိုင် |
| ခေါင်းဆောင် | အောင်ကျော်ဟိုး |
| ယခင်လူ | ဝန်ကြီးဌာနစတင် |
| အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး | |
| တာဝန်သက်တမ်း ၆ ဩဂုတ် ၂၀၂၅ – ၁၀ ဧပြီ ၂၀၂၆ | |
| ခန့်အပ်သူ | အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ |
| ဝန်ကြီး | ညိုစော |
| ယခင်လူ | ဝန်ကြီးဌာနစတင် |
| ဆက်ခံသူ | ဝန်ကြီးဌာနဖျက်သိမ်း |
| စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် | |
| တာဝန်သက်တမ်း နိုဝင်ဘာ ၂၀၂၁ – ဇူလိုင် ၂၀၂၄ | |
| ဝန်ကြီး | ဝင်းရှိန် |
| အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် | |
| တာဝန်သက်တမ်း ၂၅ မတ် ၂၀၁၆ – နိုဝင်ဘာ ၂၀၂၁ | |
| ယခင်လူ | ထွန်းသိန်း |
| ဆက်ခံသူ | သိန်းဆွေ |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | မတ် ၉၊ ၁၉၆၄ ရန်ကုန်မြို့၊မြန်မာနိုင်ငံ |
| မိခင်ကျောင်း | စစ်တက္ကသိုလ် (စတသ-၂၆) |
| ဆုတံဆိပ်များ | ဝဏ္ဏကျော်ထင်ဘွဲ့ (၂၀၂၆) |
| စစ်မှုထမ်းခြင်း | |
| သစ္စာခံနိုင်ငံ | |
| တပ်/တပ်ဖွဲ့ခွဲ | |
| အမှုထမ်းကာလ | ၁၉၈၅-၂၀၁၆ |
ဦးကျော်ထင် (၉ မတ် ၁၉၆၄ မွေးဖွား) သည် လက်ရှိတွင် သမ္မတဦးမင်းအောင်လှိုင်အစိုးရတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်သည်။
ယင်းမတိုင်ခင် ဦးညိုစောအစိုးရ၏ အမျိုးသားစီမံကိန်းဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ [၁]၎င်းသည် အကောက်ခွန်ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ်လည်း တာဝန်ယူခဲ့ဖူးသည်။
အစောပိုင်းဘဝနှင့် ပညာရေး
[ပြင်ဆင်ရန်]ဦးကျော်ထင်ကို ၁၉၆၄ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ ဖခင်၏ တပ်မတော်တာဝန်များကြောင့် ကျိုင်းတုံ၊ ပခုက္ကူနှင့် တောင်ကြီးမြို့တို့တွင် နေထိုင်ကြီးပြင်းခဲ့ပြီး တောင်ကြီးမြို့၌ ၁၀ တန်း အောင်မြင်ခဲ့သည်။ ၁၉၈၁ ခုနှစ်မှ ၁၉၈၅ ခုနှစ်အထိ စစ်တက္ကသိုလ် (အမှတ်စဉ် ၂၆) သို့ တက်ရောက်ခဲ့သည်။ စစ်တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် တပ်မတော် (လေ) အမှတ်စဉ် (၄၇) လေယာဉ်မောင်းသင်တန်းကို တက်ရောက်ခဲ့သည်။[၂]
စစ်မှုထမ်းဘဝ
[ပြင်ဆင်ရန်]ဦးကျော်ထင်သည် မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တွင် G4 အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့နောက် အမှတ် (၁) လေယာဉ်မောင်းသင်ကျောင်း၌ နည်းပြအဖြစ် လုပ်ကိုင်ခဲ့ပြီး လေတပ်တွင် စစ်ဦးစီးမှူး (ပထမတန်း) အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ မကွေးလေတပ်စခန်းဌာနချုပ်၏ ဒုတိယလေတပ်စခန်းဌာနချုပ်မှူးအဖြစ်လည်း ပြောင်းရွှေ့တာဝန်ယူခဲ့သည်။ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးအဖြစ် သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဗိုလ်မှူးချုပ်ရာထူးအထိ ထမ်းဆောင်ခဲ့သည်။
တပ်မတော်မှ အနားပေးခံရပြီး၊ ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် အကောက်ခွန်ဦးစီးဌာနသို့ ပြောင်းရွှေ့တာဝန်ပေးခြင်း ခံခဲ့ရသည်။
အရာထမ်းဘဝ
[ပြင်ဆင်ရန်]၂၀၁၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှစ၍ အကောက်ခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ဦးကျော်ထင် တာဝန်ထမ်းဆောင်ခဲ့သည်။ [၃]
အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ထင်သည် မြန်မာ့တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးဖြစ်သည့် မြန်မာ့စီးပွားရေးဦးပိုင်အများပိုင်ကုမ္ပဏီ (UMEHL) ၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ခြင်းကြောင့် အကျိုးစီးပွားပဋိပက္ခရှိနိုင်ကြောင်း Myanmar Now သတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ Justice For Myanmar အဖွဲ့က ဥပဒေအရ စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သည်။ သမ္မတရုံးက ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မှတ်ချက်အရ ဦးကျော်ထင်၏ လုပ်ဆောင်ချက်သည် ၂၀၁၃ ခုနှစ် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် မညီညွတ်ကြောင်း တွေ့ရှိရသဖြင့် ဦးကျော်ထင်သည် ဦးပိုင်ဒါရိုက်တာရာထူးမှ နုတ်ထွက်ခဲ့သည်။ [၄]
၂၀၂၁ နောက်ပိုင်း
[ပြင်ဆင်ရန်]၂၀၂၁ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ၎င်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် ပြောင်းရွှေ့ခန့်ထားလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။[၅]
ဒုတိယဝန်ကြီး
[ပြင်ဆင်ရန်]၂၀၂၅ ဩဂုတ်လ ၆ ရက်နေ့တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး အမိန့်အမှတ် ၂၃/၂၀၂၅ အားဖြင့် ဦးညိုစောအစိုးရ၏ အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်ခံရသည်။[၁]
၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် သမ္မတဦးမင်းအောင်လှိုင်အစိုးရတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ [၆]
ဂုဏ်ပြုခံရခြင်း
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၂၆ ဖြင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သော ဝဏ္ဏကျော်ထင်ဘွဲ့ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချီးမြှင့်အပ်နှင်းခဲ့သည်။[၇]
ကိုးကား
[ပြင်ဆင်ရန်]- 1 2 ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ Ministry of Information။ 7 August 2025 တွင် ပြန်စစ်ပြီး။
- ↑ DVB - အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင် နှင့် မိတ်ဖက်စကား။ DVB။ 7 August 2025 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံပြန်တမ်း၊ အတွဲ ၆၉၊ အမှတ် ၁၉။ Open Development Mekong (၂၀၁၆ ဧပြီ ၂၉)။ 7 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဦးပိုင်ဒါရိုက်တာဖြစ်ခဲ့သည့် ဆိပ်ကမ်းနှင့်အကောက်ခွန်အရာရှိနှစ်ဦးကို စုံစမ်းစစ်ဆေးရန်တောင်းဆို။ Myanmar Now (July 21, 2020)။ 7 August 2025 တွင် ပြန်စစ်ပြီး။
- ↑ မြန်မာနိုင်ငံပြန်တမ်း။ NPE (11/13/2021)။ 7 August 2025 တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်း | Ministry Of Information (in en)။ 2026-04-13 တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း | Ministry Of Information (in en)။ 2026-03-02 တွင် ပြန်စစ်ပြီး။