ကျောင်းဟောင်းပြုပြင်အသစ်ဆင်

ဝီကီပီးဒီးယား မှ

ကျောင်းဟောင်းပြုပြင်အသစ်ဆင် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

မုံရွာခရိုင်၊ ဘုတလင်မြို့နယ် ခိုးကျောင်းရွာတွင် သီတင်းသုံးနေထိုင်တော်မူသော ဘုန်းတော်ကြီး ဦးဧသီသည် ပျက်စီးယိုယွင်းသေ ကျောင်းဟောင်းကို ပြုပြင်ရန်အတွက် ဦးပဉ္ဇင်းတစ်ပါးအား သစ်တောဝန်မင်းထံ အလှူခံစေရာ ကနီမြောက်လက် အင်ပေါင်းနယ်အတွင်း မည်သည့်ကျွန်းမဆို အလုံးငါးဆယ် ခုတ်ယူရန် လှူလိုက်သည့်အပြင် ရေကန်တူးစဉ်အခါကလည်း ကျင်းပေါင်း နှစ်ထောင်ဖိုး လှူသည့်အကြောင်းကို ဖွဲ့ဆိုထားခြင်း ဖြစ်သည်။

ကျောင်းဟောင်းပြုပြင်အသစ်ဆင်[ပြင်ဆင်ရန်]

ခရောင်းပြင်မြေတာနှင့်၊ မြောင်းသေလာ ချောင်းရွှေခိုးတွင်မှ၊ ဘေးဘိုးဘီအစဉ်အလာက၊ သံဃာတော်ဝင်သာကိတို့၊ ခါနိယံ ခိုလှုံရာဘို့၊ ကုဋိကာဝိဟာ မြောက်စေဟု၊ ကျောင်းဆောက်၍ လှူခဲ့ပေ။

ဦးဧသီ၊ ပကတူး အခြေကို မမှီလို့၊ မသိပေဘု ကြွေရိရှာ ဝိဟာရကိုဖြင့်၊ နဝကမ္မာဘို့၊ ဖြစ်တန်ရာ ခရစ်ယာန်ဘာသာနှင့် နှောမိအောင်၊ သစ်တောပိုင် ဝန်ရှင်မင်းသို့၊ ပဉ္စင်းဆရာ ချည်းကာတောင်းတော့၊ အင်းပေါင်းမြေနယ်အဝှန်း၊ ဘယ်ကျွန်းမဆို ငါးဆယ်ဖြင့်ခုတ်ပါတော့၊ အဖိုးတန်သကြတိုးနပန်မှ မလုပ်ရထဲ့၊ ကိုးရှစ်ဆုပ်ထွေ။

ပြည်နိဗ္ဗာန်စံယူထဲ့၊ သယမ္ဘူ မာရဇိန်သို့၊ နာထပိဏ်ကပ်လှူသတဲ့၊ ဇေတဝနေကျောင်းရယ်က၊ ရှေညောင်းစွာဟောင်းကာပျက်တော့၊ လောင်းစွက်ပြင်ရှင်အာနန်နှင့်၊ သင်္ဃာအရံ ရဟန်းသာဝကတွေတို့၊ ကျမ်းစာပြပုံပမေ၊ ဂုဏ်သရေပွင့်လင်း။

ပေါက္ခဏီ ညီတညာပ၊ ကျောက်သီလာ အောက်ပထဝီကလှပ်စေ၍၊ စီရသံ ကမ္ဘာရှေရအောင်၊ သဟဿေ၊ နှစ်ရပ်ငွေပေါင်းရဲ့ပြင်၊ ရွှေကျောင်းကို ပြင်ရန်ဘို့၊ အကြောင်းခံ သိစေအပ်တော့၊ ဘိလပ်စံလွန်သဒ္ဓါတဲ့၊ မသက်မစာအမစ္စောပေပ၊ သစ်တောပိုင်ဝန်ရှင်မင်းက၊ ပဉ္စင်းဆရာ၊ လိုရာလှူသော်ကြောင့်၊ ပမာတူ ဇေတာန ကဲ့သို့၊ မကောင်းအပေါ်ရံ၊ အဟောင်းအရှော်ချပါလို့၊ တသောင်းကျော်တန်၊ ကျောင်းတော်အမြန်ထချည်တော့၊ ပေါင်းခြောက်လတွင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ဝင်သာကိ = သာကီဝင်မျိုးဖြစ်သည့် ရဟန်များ။

၂။ ခါနိယံ = အခါမရွေး၊ အမြဲအစဉ်။

၃။ ကဋိကာ = ကဋိကာရ၊ လက်သမား။

၄။ ဝိဟာ = ဝိဟာရ၊ ကျောင်း။

၅။ ပကတူး = ရှေးလွန်လေပြီးသောကာလ။

၆။ နဝကမ္မာ = ရဟန်းတို့အတွက် ကိုးပါးသောအမှု။

၇။ သကြထိုး = သွားကြားထိုး။

၈။ နပန် = နားပန်။

၉။ ကိုးရှစ်ဆုပ် = လုံးပတ်အားဖြင့် ကိုးဆုပ် ရှစ်ဆုပ်ရှိသော သစ်။

၁၀။ သယမ္ဘူ = အလိုလိုသိမြင်သော ဘုရား။

၁၁။ မာရဇိန် = မာရ်ငါးပါးကို အောင်မြင်သော ဘုရား။

၁၂။ ပေါက္ခရဏီ = ကြာရှိသောကန်။

၁၃။ စီရသံ = ကြာညောင်းသောကာလ။

၁၄။ သဟဿေ = ထောင်ဂဏန်း။

၁၅။ အမစ္စော = အမတ်မင်း။

၁၆။ ဇေတဝန = ဇေတဝန်ကျောင်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။