ကျောင်းသားတော်လှန်ရေးတပ်တော်
| ကျောင်းသားတော်လှန်ရေးတပ်တော် Student's Revolutionary Force | |
|---|---|
အလံတော် တံဆိပ် | |
| အခြားအမည် | SRF |
| ခေါင်းဆောင် | ကိုစံတင်ထွန်း (ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ) |
| တည်ထောင်ခြင်း | ၂၁ အောက်တိုဘာ ၂၀၂၁ |
| စတင်လှုပ်ရှားခြင်း | ၂၀၂၁ – လက်ရှိ |
| နိုင်ငံ | |
| သစ္စာခံ | အမျိုးသားညီညွတ်ရေး အစိုးရ (NUG) (MOD) |
| နိုင်ငံရေးအယူဝါဒ | ဖက်ဒရယ်ဒီမိုကရေစီရရှိရေး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး |
| မဟာမိတ် | |
| ပြိုင်ဘက်များ | |
| စစ်ပွဲနှင့် တိုက်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခ (၂၀၂၁–လက်ရှိ) |
ကျောင်းသားတော်လှန်ရေးတပ်တော် (အင်္ဂလိပ်: Student's Revolutionary Force၊ အတိုကောက် SRF) သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်တွင် အခြေစိုက်လှုပ်ရှားနေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည်။ အဆိုပါအဖွဲ့ကို ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီး၊ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့တွင် စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ခိုက်ရန်အတွက် ကျောင်းသားလူငယ်များဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။[၁]
သမိုင်းကြောင်းနှင့် စစ်ရေးလှုပ်ရှားမှုများ
[ပြင်ဆင်ရန်]ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) သည် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များနှင့် ၎င်းတို့ကို ထောက်ခံသော ပျူစောထီး ပြည်သူ့စစ်အဖွဲ့များကို ဒေသခံမဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားမှုများ ဖော်ဆောင်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး တပ်တော်၏ ခေါင်းဆောင်မှာ စံတင်ထွန်း ဖြစ်သည်။ ကျောင်းသားတော်လှန်ရေးတပ်တော်၏ လက်အောက်ခံတပ်ဖွဲ့များအနက် အမှတ် (၅၁၈) တပ်ရင်းသည် ထင်ရှားကာ အဆိုပါတပ်ရင်းသည် မဟာမိတ်ဖြစ်သော အာရက္ခတပ်တော် (ULA/AA) နှင့် ပူးပေါင်း၍ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆) အနီးတွင် တိုက်ပွဲဝင်ခဲ့သည်။ ထို့ပြင် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်နေ့မှ ၇ ရက်နေ့အထိ ဆောင်ရွက်ခဲ့သော မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်ရှိ ကိုင်းတောမရဲစခန်းနှင့် ရဲကင်းစခန်းများကို စီးနင်းတိုက်ခိုက်သည့် ကိုင်းတောမရဲစခန်းသိမ်းတိုက်ပွဲတွင်လည်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အမှတ် (၈၁၅) တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ Lighting Drone Force၊ ပခုက္ကူစုဖွဲ့မှုများဖြစ်ကြသော Young Force၊ PPDF၊ ThuRain၊ Hunter Pakokku၊ Earthquake၊ အညာမြေတပ်ပေါင်းစု၊ မြိုင်မြို့နယ်မှ တော်လှန်ရေးအဖွဲ့များဖြစ်ကြသည့် မြိုင်ပကဖ အမှတ် (၁) တပ်ရင်း တပ်ခွဲ (၄) စင်္ကြာအဖွဲ့၊ ပေါက်မြို့နယ် ပလဖ နှင့် Justice Revolution Force တို့နှင့်အတူ မဟာမိတ်အင်အားစုအဖြစ် ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည်။[၂][၃]
ထင်ရှားဖြစ်ရပ်
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ် မေလ ၂၆ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၌ လှုပ်ရှားနေသော ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ ကိုစံတင်ထွန်း အပါအဝင် အဖွဲ့ဝင်များအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ မင်းကင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ပူးပေါင်းတပ်များက ဖမ်းဆီးထိန်းသိမ်းခဲ့ရာ နောက်ဆက်တွဲ ဖမ်းဆီးမှုများအပါအဝင် ဖမ်းဆီးခံရသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာခဲ့သည်။ SRF အဖွဲ့သည် ၎င်းတို့လှုပ်ရှားရာ ဒေသအတွင်း ရပ်ကျေး ပကဖ ရဲဘော်များအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ စင်ပြိုင်အုပ်ချုပ်ရေးနှင့် ကိုယ်ပိုင်တရားစီရင်ရေး တည်ဆောက်ခြင်း၊ အဓမ္မစစ်မှုထမ်းခိုင်းခြင်း အပါအဝင် ပြစ်မှု အနည်းဆုံး ၈ မှုထက်မနည်း ကျူးလွန်ထားကြောင်း တိုင်ကြားချက်များရှိသဖြင့် ဥပဒေအတိုင်း ဖမ်းဆီးရခြင်းဖြစ်ကြောင်း မြို့နယ် ပအဖ အဖွဲ့က စွပ်စွဲထုတ်ပြန်ခဲ့သည်။ ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ SRF ဘက်ကမူ ၎င်းတို့အနေဖြင့် စင်ပြိုင်အုပ်ချုပ်ရေး တည်ဆောက်ခြင်းမရှိဘဲ ဒေသခံများတောင်းဆို၍ ပညာရေး၊ ကျန်းမာရေး ဝန်းရံပေးနေခြင်းသာဖြစ်ကြောင်းနှင့် အဆိုပါအမှုများကို သမာသမတ်ကျသည့် ဥပဒေပညာရှင်များနှင့် တရားဝင်ဖြေရှင်းရန် ဆန္ဒရှိကြောင်း ပြန်လည်တုံ့ပြန်ခဲ့သည်။[၄]
ကျောင်းသားတော်လှန်ရေးတပ်တော် (SRF) သည် ၂၀၂၆ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည့် ပူးတွဲကြေညာချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ရေးကွပ်ကဲမှုစနစ် (Chain of Command - COC) အောက်သို့ တရားဝင် ဝင်ရောက်ကာ ကွပ်ကဲမှုခံယူခဲ့သည်။ စစ်ကိုင်းတိုင်း မင်းကင်းဒေသအတွင်း ဖြစ်ပွားခဲ့သည့် အဖွဲ့အစည်းအကြား ပဋိပက္ခများကို ညှိနှိုင်းဖြေရှင်းပြီးနောက် နှစ်ဖက်သဘောတူညီချက်အရ SRF ၏ အပြစ်မကျူးလွန်ထားသည့် ရဲဘော်များအားလုံးသည် NUG ၏ စစ်ရေး COC အောက်သို့ ဝင်ရောက်ကာ မြို့နယ်အတွင်း တော်လှန်ရေးလုပ်ငန်းများကို PDF တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။ ယခုကဲ့သို့ စစ်ရေးကွပ်ကဲမှုအောက်သို့ ဝင်ရောက်ခြင်းသည် ၂၀၂၆ ခုနှစ် မတ်လအတွင်းက တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) မှ NUG, MOD ၏ PDF လက်အောက်သို့ ကူးပြောင်းခဲ့သည့် ဖြစ်စဉ်ကဲ့သို့ပင် NUG အစိုးရအနေဖြင့် ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများကို တစ်ခုတည်းသော စစ်ရေးကွပ်ကဲမှုအောက်သို့ စုစည်းမှုဖြစ်ခဲ့သည်။[၅]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Agency၊ Yangon Khit Thit News (2026-05-26)။ မင်းကင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိ၊ သရက်ချောင်းမြို့ပေါ်မှ ထွက်လာသော စစ်ကြောင်းကိုလည်း ကြားဖြတ် တိုက်ခိုက် (in en-US)။ 2026-05-28 တွင် ပြန်စစ်ပြီး။
- ↑ ludunwayoo (2024-08-07)။ မြိုင်မြို့နယ်ရှိ ကိုင်းတောမရဲစခန်းအား တော်လှန်ရေးအဖွဲ့များ သိမ်းပိုက် (in my-MM)။ 2026-05-28 တွင် ပြန်စစ်ပြီး။
- ↑ ရုပ်သံ၊ အောင်ကောင်းလင်း in သတင်း | သတင်းတို | တိုက်ပွဲ |။ လေးရက်ကြာ တိုက်ခိုက်ပြီးနောက် မြိုင်၊ ကိုင်းတောမရဲစခန်းကို သိမ်းပိုက် (in en)။ 2026-05-28 တွင် ပြန်စစ်ပြီး။
- ↑ ခင်ရီရီဇော် (2026-05-27)။ SRF ခေါင်းဆောင်နှင့် ၁၂ ဦးကို ပြစ်မှုကျူးလွန်သူဟု စွပ်စွဲပြီး NUG ဖမ်းထား (in en-US)။ 2026-05-28 တွင် ပြန်စစ်ပြီး။
- ↑ NUG ကွပ်ကဲမှုအောက်၌ SRF ရဲဘော်များတော်လှန်ရေး ဆက်လုပ်မည် (in en)။ 2026-05-29 တွင် ပြန်စစ်ပြီး။