ကျောက်တော် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
ဤ ဆောင်းပါး သည် လတ်တလော အဖြစ်အပျက် ကို တင်ပြထားခြင်း ဖြစ်သည်။ ဤဆောင်းပါးပါ သတင်း အချက်အလက်များ သည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။ |
| ကျောက်တော် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု | |
|---|---|
| မြန်မာပြည်တွင်းစစ် (၂၀၂၁–လက်ရှိ)နှင့် ရခိုင်ပြည်နယ် တိုက်ပွဲများ (၂၀၂၃–လက်ရှိ) ၏ တစ်စိတ်တစ်ပိုင်း | |
| နေရာ | ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားနှင့် အိန္ဒိယဈေး |
| ရက်စွဲ | ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက် မွန်းတည့် ၁၂ နာရီကျော် (UTC+6:30) |
| တိုက်ခိုက်မှု အမျိုးအစား | ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု / စစ်ရာဇဝတ်မှု |
| လက်နက်များ | လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု |
| သေဆုံးသူဦးရေ | ၅၀ ဦး (ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များ အပါအဝင်) |
ဒဏ်ရာရဦးရေ | ၆၀ နီးပါး |
| ပြစ်မှုကျူးလွန်သူများ | တပ်မတော်(လေ) |
၂၀၂၁ နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှုအများဆုံး ဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့သည်။ | |
ကျောက်တော် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု သည် မြန်မာပြည်တွင်းစစ် (၂၀၂၁–လက်ရှိ)နှင့် ရခိုင်ပြည်နယ် တိုက်ပွဲများ (၂၀၂၃–လက်ရှိ)၏ တစ်စိတ်တစ်ပိုင်းအဖြစ် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့၊ မွန်းတည့် ၁၂ နာရီကျော်တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရှိ ကစ္ဆပနဒီတံတားအနီးနှင့် အိန္ဒိယဈေးတို့ကို တပ်မတော်(လေ)က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် အရပ်သား ၄၉ ဦး သေဆုံးကာ ၆၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အဆိုးရွားဆုံး စစ်ရာဇဝတ်မှု ဖြစ်စဉ်တစ်ခု ဖြစ်သည်။[၁][၂][၃][၄][၅][၆]
နောက်ခံအကြောင်းအရင်း
[ပြင်ဆင်ရန်]၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကတည်းက အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) အပါအဝင် ကျောက်တော်မြို့ကို အာရက္ခတပ်တော် (AA) က အလုံးစုံ သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။ ရခိုင်ဒေသအတွင်း စစ်ရေးအရ အရေးပါသော မြို့နယ်များကို လက်လွှတ်ဆုံးရှုံးခဲ့ရသည့် တပ်မတော် သည် နောက်ပိုင်းတွင် ရခိုင်ပြည်နယ် ကို လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက် လုပ်ဆောင်လာခဲ့သည်။ ဖြစ်စဉ်ဖြစ်ပွားသည့် စက်တင်ဘာလ ၂၈ ရက်နေ့တွင်လည်း ရခိုင်ဒေသအပြင် ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူနယ်တို့တွင်ပါ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သေးသည်။[၇]
ယခုဖြစ်စဥ်မတိုင်မီ စက်တင်ဘာလ ၂၅ ရက်၊ ညဉ့် ၂ နာရီကျော်ခန့်တွင်လည်း ကျောက်တော်မြို့ရှိ ပြည်တော်သာရပ်ကွက် (၉ လမ်း)၊ ပိုက်သည်ရွာနှင့် နိဒင်ရွာတို့ကို တပ်မတော်(လေ)က Y-12 လေယာဉ်ဖြင့် ဗုံးအလုံးရေ ၃၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မွတ်ဆလင်ငါးဦးနှင့် ဒေသခံရခိုင်အမျိုးသားနှစ်ဦး၊ စုစုပေါင်း ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။[၈][၉]
ဖြစ်စဉ်
[ပြင်ဆင်ရန်]၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်၊ မွန်းလွဲ (၁၂) နာရီ (၁၀)မိနစ်နှင့် (၁၂) နာရီ (၁၄) မိနစ်တို့တွင် တပ်မတော်(လေ)၏ ဂျက်တိုက်လေယာဉ်တစ်စီးသည် ကျောက်တော်မြို့ပေါ်သို့ ရောက်ရှိလာပြီး ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးအတွင်းသို့ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့သည်။[၁၀]
အိန္ဒိယနိုင်ငံမှ တင်သွင်းလာသည့် ကုန်စည်များကို ရောင်းချသောကြောင့် "အိန္ဒိယဈေး" ဟု ခေါ်ဆိုကြသည့် အဆိုပါနေရာသည် ကျောက်တော်ဒေသခံများအပြင် ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း စသည့်မြို့များမှ စစ်ဘေးရှောင်များပါ လာရောက်ကုန်စည်ရောင်းချကြပြီး နေ့စဉ်လူစည်ကားရာ နေရာတစ်ခု ဖြစ်သည်။ ထို့အပြင် ကုန်ပစ္စည်းတင်ဆောင်လာသည့် ကားများ၊ တုတ်တုတ် (သုံးဘီးဆိုင်ကယ်) များ၊ ဆိုင်ကယ်များနှင့် လူသွားလူလာများပြားနေသည့် ကစ္ဆပနဒီတံတားပေါ်နှင့် ဈေးအဝင်ဝကို ဗုံးသီးများ တိုက်ရိုက်ကျရောက် ပေါက်ကွဲခဲ့ခြင်းကြောင့် အထိအခိုက် အသေအပျောက် အလွန်များပြားခဲ့သည်။ ဗုံးစထိမှန်ခြင်းနှင့် မီးလောင်မှုများကြောင့် ရုပ်အလောင်းများကို ရှာဖွေရန်ပင် ခက်ခဲခဲ့ရသည်။[၁၁]
ထိခိုက်သေဆုံးမှုများနှင့် နောက်ဆက်တွဲ အခြေအနေ
[ပြင်ဆင်ရန်]ကနဦး သတင်းထုတ်ပြန်ချက်များအရ လူ ၃၃ ဦး သေဆုံးပြီး ၄၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသော်လည်း နောက်ပိုင်းစာရင်းများအရ ကိုယ်ဝန်ဆောင်များနှင့် ကလေးငယ်များအပါအဝင် အရပ်သား သေဆုံးသူ ၄၉ ဦး ရှိလာခဲ့ပြီး ၆၀ နီးပါး ဒဏ်ရာရရှိသွားကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ထုတ်ပြန်ခဲ့သည်။နောက်ပိုင်းစာရင်းတွင် အရပ်သားပြည်သူ (၅၀)ဦး အသက်ဆုံးရှုံးခဲ့ပြီး (၆၀)ဦးနီးပါး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။သေဆုံးခဲ့ကြသူများထဲတွင် ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ ကုန်တင်ကုန်ချအလုပ်သမားများနှင့် လမ်းသွားလမ်းလာပြည်သူများလည်းပါဝင်ခဲ့သည်။[၁၂]
ဤဖြစ်စဉ်သည် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးမှုအများဆုံး ဖြစ်စဉ်တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။ တံတားပေါ်တွင် လူ့သွေးကွက်များ တွေ့ရှိရပြီး မီးလောင်ထားသည့် ကားနှင့် ဆိုင်ကယ်များ တိမ်းမှောက်နေကာ ဈေးဆိုင်ခန်းများလည်း အများအပြား ပျက်စီးသွားခဲ့သည်။[၁၃]
တုံ့ပြန်ချက်များနှင့် ဝေဖန်မှုများ
[ပြင်ဆင်ရန်]အပြစ်မဲ့ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့သည်။ ULA/AA အနေဖြင့် ဤဖြစ်စဉ်တွင် အသက်ပေးသွားခဲ့ရသည့် အပြစ်မဲ့ပြည်သူများအတွက် တရားမျှတမှုရရှိရန်၊ အမိန့်ပေးသူနှင့် တိုက်ခိုက်ရာတွင် ပါဝင်ပတ်သက်သူ တစ်ဦးချင်းစီကို မှတ်တမ်းတင်ထားပြီး မနှေးမကြာအချိန်အတွင်း လက်တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။[၁၄]
ဒေသခံ စာရေးဆရာ ဝေဟင်အောင် က လည်း လက်နက်မဲ့ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ သူရဲဘောကြောင်စွာ သတ်ဖြတ်နေသည့် စစ်တပ်၏ လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချခဲ့သည်။စစ်တပ်ထောက်ခံသူအချို့ကမူ ယခုနေရာကို အေအေကျောထောက်နောက်ခံထောက်ပို့စခန်းတစ်ခုသဖွယ် မှတ်ချက်ပြုကြသည်။[၁၅]
၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၉ ရက်တွင် ရခိုင့်အရပ်ဘက်အဖွဲ့သုံးဖွဲ့ဖြစ်သည့် ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက် (AAYO-N)၊ ရခိုင်အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (ACN)နှင့် Arakan Against Dictatorship (AAD)တို့က ထိုဖြစ်စဥ်အား စစ်တပ်၏ စစ်ရာဇဝတ်မှုမြောက်သည့်လုပ်ရပ်ဖြစ်သည်ဟု ပူးတွဲထုတ်ပြန်ရှုတ်ချခဲ့ကြသည်။ထို့အပြင် လက်ရဲဇက်ရဲနိုင်လွန်းလှသည့် ဤလုပ်ရပ်ကျူးလွန်သူအား ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းတို့က အပြစ်ပေးအရေးယူပေးရန်လည်း ပူးတွဲထုတ်ပြန်ချက်တွင် ထည့်သွင်းတောင်းဆိုခဲ့ကြသည်။[၁၆]
ထို့အပြင် ကျောက်တော်မြို့ရှိ လူစည်ကားရာ အိန္ဒိယဈေးကို လေကြောင်းတိုက်ခိုက်မှုအတွက် မြန်မာစစ်တပ်အနေဖြင့် တာဝန်ခံရမည်ဟုလည်း အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က စက်တင်ဘာလ ၂၉ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။[၁၇]ထို့နောက် ရက္ခိုင့်ပြည်ကျောင်းသားသမဂ္ဂ (Arakan Students' Union)၊ ယောကာကွယ်ရေးတပ် (YDF)[၁၈] နှင့် Blossom Future (BF) အဖွဲ့တို့ကလည်း ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ကြပြီး ထိုတိုက်ခိုက်မှုသည် ဂျီနီဗာကွန်ဗင်းရှင်း နှင့် ရောမစာချုပ်ပါ စစ်ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ခြင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြကြသည်။[၁၉]
ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ Volker Türk သည် ရခိုင်ပြည်နယ်အတွင်းရှိ လူစည်ကားရာ ဈေးနေရာတစ်ခုကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူ အနည်းဆုံး ၅၀ ခန့် သေဆုံးခဲ့ရသည့်အပေါ် ပြင်းထန်စွာ ရှုတ်ချခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် လူ ၅၈ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူစာရင်း ထပ်မံတိုးလာနိုင်သည်ဟု ဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံအတွင်း ဆိုးရွားလာနေသည့် လူ့အခွင့်အရေး အခြေအနေများကြောင့် မလေးရှားနိုင်ငံက မြန်မာနိုင်ငံသား ၅,၀၀၀ ခန့်ကို ပြည်နှင်ဒဏ်ပေးမည့် အစီအစဉ်ကို ချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုခဲ့ပြီး နိုင်ငံတကာဥပဒေနှင့်အညီ ဒုက္ခသည်များကို အတင်းအကျပ် ပြန်လည်မပို့ဆောင်ကြရန် တိုက်တွန်းခဲ့သည်။[၂၀]
ဆက်စပ်ကြည့်ရှုရန်
[ပြင်ဆင်ရန်]ကိုးကား
[ပြင်ဆင်ရန်]- ↑ Staff၊ Al Jazeera။ Myanmar military launches air strike on Rakhine market, killing at least 33 (in en)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ ကျောက်တော်က အိန္ဒိယဈေးအနီးကို စစ်တပ် ဗုံးကြဲ၊ အများအပြား သေဆုံးဒဏ်ရာရ (in my)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ Desk၊ India Today World (2026-09-29)။ Myanmar airstrike near Rakhine market kills 49 in Arakan Army-held area (in en)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ Myanmar junta airstrike in Rakhine kills 49: 58 injured as bombs hit rebel-held area, report says (in en) (2026-09-29)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ Desk၊ International။ Myanmar Market Airstrike: Death Toll Rises to 50 in Rakhine State (in bn-BD)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ UN rights chief deplores Myanmar airstrikes killing at least 50 at Rakhine market (in tr) (2026-09-29)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ ludunwayoo (2026-09-29)။ ကျောက်တော်ဗုံးကြဲခံရမှု သေဆုံးသူ ၃၃ ဦး၊ ဒဏ်ရာရသူ ၃၆ ဦးထိရှိလာ (in my-MM)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ ကျောက်တော်မြို့ရှိ မွတ်ဆလင်များကို အာဏာသိမ်းစစ်တပ်က လေးရက်အတွင်း နှစ်ကြိမ်တိုင်ဗုံးကြဲ (in my)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ ဖဒူထွန်းအောင် (2026-09-25)။ ကျောက်တော်ကို စစ်တပ်ဗုံးကြဲ၊ အရပ်သား ၈ ဦးဒဏ်ရာရ (in en-US)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ ကျောက်တော်မြို့ဗုံးကြဲခံရမှု သေဆုံးသူအလောင်း ၃ဝ ကျော်ရရှိထား (in my)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ ကျောက်တော်ဈေး ဗုံးကြဲခံရမှု သေဆုံးသူ အရေအတွက်တိုး (in my) (2026-09-29)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ ကျောက်တော်မြို့ရှိ အိန္ဒိယဈေးဗုံးကြဲခံရမှု သေဆုံးသူ ၅ဝ ဦးအထိရှိသွားပြီဟု AA ထုတ်ပြန် (in my)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ Burmese၊ R. F. A. (2026-09-28)။ ကျောက်တော် လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူ ၅၀ နီးပါးရှိလာ (in my)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ ludunwayoo (2026-09-30)။ ကျောက်တော်ဗုံးကြဲမှု ရခိုင်တွင် ပြည်သူသေဆုံးထိခိုက်မှု အများဆုံးဖြစ်စဉ်ဖြစ်လာ (in my-MM)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ ဗုံးကြဲမှု ကျူးလွန်သူများ တူသောအကျိုးပေးစေလိုဟု ကျောက်တော်က ကျန်ရစ်မိသားစုများပြော (in my)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ ကျောက်တော်ဈေးကို အာဏာသိမ်းစစ်တပ်ဗုံးကြဲမှု စစ်ရာဇဝတ်မှုဟု ရခိုင့်အရပ်ဘက်အဖွဲ့သုံးဖွဲ့ ပူးတွဲထုတ်ပြန် (in my)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ ludunwayoo (2026-09-30)။ စစ်တပ်ကကျောက်တော်ဗုံးကြဲမှုအပေါ် အာဆီယံ လူ့အခွင့်အရေး လွှတ်တော်အမတ်များအဖွဲ့ ရှုတ်ချ (in my-MM)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ ကျောက်တော်ဈေးကို အာဏာသိမ်းစစ်တပ်ဗုံးကြဲမှု ယောကာကွယ်ရေးတပ် ပြင်းပြင်းထန်ထန်ကန့်ကွက် (in my)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ ကျောက်တော် လေကြောင်းတိုက်ခိုက်မှု တော်လှန်ရေးနှင့် အရပ်ဘက်အဖွဲ့များ ရှုတ်ချ (in my)။ 2026-09-30 တွင် ပြန်စစ်ပြီး။
- ↑ Myanmar: Türk deplores deadly strikes at busy Rakhine market (in en)။ 2026-09-30 တွင် ပြန်စစ်ပြီး။