ကျောက်တော်ကြီးဘုရား(အမရပူရ)

ဝီကီပီးဒီးယား မှ
အခြား အသုံးအနှုန်းများ အတွက် ကျောက်တော်ကြီးဘုရား (သံတူကြောင်းကွဲ) ကို ကြည့်ပါ။
ကျောက်တော်ကြီးဘုရား
မဟာသကျရံသီ
ကျောက်တော်ကြီးဘုရား(အမရပူရ) သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ကျောက်တော်ကြီးဘုရား(အမရပူရ)
မြန်မာနိုင်ငံ အတွင်း တည်နေရာပြ မြေပုံ
အချက်အလက်များ
ကိုဩဒိနိတ်21°53′40″N 96°03′53″E / 21.894381°N 96.064781°E / 21.894381; 96.064781ကိုဩဒိနိတ်: 21°53′40″N 96°03′53″E / 21.894381°N 96.064781°E / 21.894381; 96.064781
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံအမရပူရမြို့မန္တလေးတိုင်းဒေသကြီးမြန်မာနိုင်ငံ
ဗိသုကာ
တည်ထောင်သူပုဂံမင်း
ပြီးစီး၁၈၄၇; ၁၇၇ နှစ် အကြာက (၁၈၄၇)

ကျောက်တော်ကြီး ဘုရားသည် ပုဂံမင်းတရား၏ ကောင်းမှုတော် ဖြစ်၍ အမရပူရမြို့မှ တောင်ဘက် ၃ မိုင်ခန့် ကွာဝေးသော တောင်သမန် အနောက်တောင် ရွာနှစ်ရွာအကြားတွင် တည်ရှိ၏။ မဟာသကျရံသီဟူသောဘွဲ့တော်ဖြင့် ထင်ရှား တော်မူလေသည်။

မဟာမင်းထင်စည်သူ ရေးသည့် မဟာသကျရံသီ ကျောက်တော်ကြီး ကျောက်စာအရ၊ ကျောက်တော်ကို ငစဉ့်ကူးမြို့အဝင်၊ စုံမြို့စီရင်စု စကျင်တောင်မှ ပင့်ဆောင်ပြီးလျှင်၊ ဧရာဝတီမြစ်စဉ်အတိုင်း ပင့်ဆောင်ကာ၊ ရွှေကြက်ယက် ရွှေကြက်ကျ ဘုရားနှစ်ဆူအကြား ခရီးဖြင့် ဝင်တော်မူ၍ တောင်သမန်အင်းအနီး ယခု တည်ရှိသောအရပ်သို့ ပင့်ဆောင်သည်ဟု သိရသည်။

ဒုတိယမဟာရာဇဝင်တော်ကြီးတွင်ကား 'သက္ကရာဇ် ၁၂၁၁ ခုနှစ် နယုန်လဆန်း ၁၄ ရက်နေ့ကစ၍၊ ရတနာပူရ အင်းဝမြို့တွင် မဟာသကျရံသီ ကျောက်တော်ကြီးဘုရား ကိန်းဝပ်တော်မူသည့် အုတ်ပြာသာဒ် ပြိုပျက်သည်ကို၊ ကျောက်မော်မြို့စား ဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှသီဟသူ၊ ပန်းပဲဝန်အတွင်းဝန် သတိုးမင်းကြီးမဟာမင်းလှကျော်သူတို့ကို၊ လှေအမှုထမ်း လူ ၃ဝဝဝ ပေးအပ်၍ ပင့်ဆောင်စေရာ၊ သုံးရက်နှင့် မုတ္တမတံခါးပြင်၊ ဘုရားပင့်ဆောင်ရန် ဘောင်ပေါ်သို့ရောက်ကြောင်း လျှောက်ထား၍၊ ၎င်းနှစ်ဝါဆိုလပြည့်ကျော် ၆ ရက်နေ့တွင်၊ ဆရာတော် သံဃာတော်တို့ကို၊ သမ္ဗာန်တော်များတွင် တင်ဆောင်၍၊ ရှေ့ဦး ရှေ့ဖျား ကြွသွားနှင့်စေပြီးလျှင် ဘဝရှင်မင်းတရားကြီးဘုရား၊ ဘောင်တော်လှေတော် သမ္ဗာန်တော်များနှင့် မင်းညီမင်းသား မှူးတော်မတ်တော်တို့ ခြံရံ၍ ထွက်တော်မူပြီးလျှင်၊ ဘုရားတင်ဘောင်ပြာသာဒ်ကို မီးသင်္ဘောတော်နှင့် ဆွဲစေ၍၊ ရွှေမြို့တော်တောင်မျက်နှာ၊ တောင်သမန်အနီး အထက်တည်ထားဆောက်လုပ်တော်မူသည့် အုတ်ပြာသာဒ်အတွင်း၊ ပင့်ဆောင်ကိုးကွယ်တော်မူ၏'ဟု စုံလင်စွာ ဖော်ပြမှတ်သားပါရှိလေသည်။

ကျောက်တော်ကြီးဘုရားသည် ထက်ဝယ်ဖွဲ့ခွေနေတော်မူသော ရုပ်ပွားတော်ဖြစ်၍၊ ဌာပနာပစ္စည်းများမှာ ရွှေဆင်းတု ၁၂ ဆူ၊ ငွေဆင်းတု ၃၅၈ ဆူ ဖြစ်သည်။ ဘုရားအတွင်း ဖိနပ်တော်နှင့်ကပ်လျက်ရှိသော တနင်္ဂနွေထောင့်၌ မဟာသကျရံသီဟူသော စာတမ်း ရေးထားသည့် ကျောက်ပြားတစ်ချပ်ရှိ၍ ဘုရား၏ တနင်္ဂနွေထောင့် တံတိုင်းအနီး၌မူ မဟာသကျရံသီ ဘရားသမိုင်း ရေးသားသော ကျောက်ပြားတစ်ချပ်ရှိ၏။ တံတိုင်းမြောက်ဘက်တွင်၊ အရှေ့အနောက် အတောင် ၂ဝ၊ တောင် မြောက် ၁ဝ တောင်ရှိသော ခြေတော်ရာ တိုက်ပျက်ရှိ၏။ ခြေတော်ရာမှာ ဘုရား၏ အာရုံခံ တနင်္ဂနွေထောင့်သို့ ပင့်ဆောင်ထားပြီးဖြစ်၏။ ဘုရားအာရုံခံအတွင်း ကျောဖက်တွင် ရဟန္တာရုပ်တုတော် ၈၈ ဆူ ရှိ၏။ ကျောက်တော်ကြီးဘုရားမှာ ပုဂံပြည်ရှိ အာနန္ဒာ ဘုရားပုံ သဏ္ဌာန်ပင် ဖြစ်၍ မြန်မာဗိသုကာများ၏ လက်ရာစစ်ဖြစ်၏။ စိတ်ဝင်စားဖွယ် ကောင်းသည်ကား၊ မုတ် ၄ မုတ်တို့တွင် ရေးခြယ်ထားသော ပန်းချီကားများ ဖြစ်လေသည်။ ထိုပန်းချီကားများသည် စစ်ကိုင်းအမရပူရအင်းဝပုခန်းကြီးပြည်နှင့် ရန်ကုန်မြို့များရှိ ပုဂံမင်း၏ ကောင်းမှုတော်များ ဖြစ်သော ပန်းချီကားများ ဖြစ်သည်။ ထူးခြားချက်မှာ အရှေ့မုခ်တွင် ရေးဆွဲထားသော ကောင်းကင်တမန်ပုံ ၂ ခုပင် ဖြစ်၏။ နက္ခတ်တာရာ ပုံများကိုလည်း တွေ့ရသည်။ ထိုပန်းချီကားများမှာ ထိုခေတ်၏ အဝတ်အစားများကို ဖော်ပြထားသော ခေတ်ကြေးမုံများ ဖြစ်၍ တန်ဖိုးရှိလှပေသည်။ [၁]

မန္တလေးတွင် အမည်တူနှင့် အတူ ကျောက်တော်ကြီး ဘုရားမှာ ပုဂံ၏အာနန္ဒာ (ဝေဇယန္တာ) ကျောင်းဘုရား၏ ပုံတူတစ်ခုအဖြစ် ရည်ရွယ်ခဲ့သည်။ ယင်းကို ပုဂံဘုရင်က ၁၈၄၇ တွင် ဆောက်တည်ခဲ့သည်။ ဘုရား၏အပြင်သားက ပုဂံအာနန္ဒာဘုရား နှင့် ရုပ်ပွားကောင်းတစ်ခုဖြစ်လျက်နှင့် ယင်းအတွင်းသရုပ်သဏ္ဌာန်တို့မှာ မူရင်းကဆိုလိုရင်း တို့နှင့် လားလားမှ မတူသလိုတွေ့ရသည်။ သို့သော်လည်း ယင်းဘုရားမှာ အထင်ကြီးထိုက်သည့်သာသနာ့ အဆောက်အဦး တစ်ခု ဖြစ်ရသည်မှာ ယင်း၏အရှေ့နှင့် အနောက် အဝင်အထွက်စမုတ်တို့က နံရံရေးပန်းချီများဖြင့် ဘုရားတည်သည့်ကာလ နေ့စဉ် လူနေမှုဘဝချယ်သဖော်ပြထားသည်။

ပုဂံမင်း(၁၈၄၆-၁၈၅၃)သည် ကုန်းဘောင်မင်းဆက်၌အရက်စက်ဆုံး ဘုရင်တစ်ပါး ဖြစ်သော်ငြားလည်း သူ့မင်းစံ တိုလှနှစ်သမယအတွင်း လူထောင်ချီကာသတ်ခဲ့ပါလည်း ထို ၇ နှစ်ကာလ ခြယ်ပြသမျှနံရံ ဆေးပန်းချီတို့က သူ့တိုင်းသူပြည်သားတို့အပေါ် မေတ္တာစေတနာ အဖြာဖြာ ကိုအထင်အရှားဖော်ကျူးထားသည့် အနှစ်သာရ ဆောင်လျက်ရှိပေသည်။ ကျောက်တော်ကြီးဘုရား၌ ၈၈ ပါးသော ကျောက်ဆင်းတုတော်များ စံပါယ်ထားလျှက်ယင်းတို့မှာ ဗုဒ္ဓဘုရား၏တပည့်သားတို့သာဖြစ်ကုန်ကြသည်။ လူတပိုင်း တိရစ္ဆာန် တဝက်နှင့် မနုသီဟ ခေါ် ဒဏ္ဍာရီဆန်လှသည့် ကျောက်သား ရုပ် ၁၂ ခုလည်းပါရှိသည်။ ပုဂံတွင် ဗုဒ္ဓရပ်တော်မူ ၄ ဆူပါသော အာနန္ဒာပုဂံဘုရားမှ လွဲ၍ စကျင်ကျောက်သားဖြင့်ထုထားသော ကျောက်စိမ်းရောင်ထွက် ပြိုးပြိုးပြက်ပြက်နှင့် ဗုဒ္ဓကြီးတစ်ဆူလည်းပါပါသေးသည်။ ယင်းဘုရားကား ဦးပိန်တံတား၏ အရှေ့ဘက်တွင်တည်နေတော်မူသည်။

ဆက်စပ်သည်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)အပိုင်း(ခ)