ကျောက်ဆည်ဆင်ပွဲ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဆင်ဦးစီးနှင့် ဆင်တစ်ကောင် ပြိုင်ပွဲဝင်နေပုံ

မြန်မာတစ်နိုင်ငံလုံးတွင် ကျောက်ဆည်မြို့ရှိ သီတင်းကျွတ်ဆင်ပွဲသည် အထူးထင်ရှားကျော်ကြားသည်။ နှစ်စဉ် သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့နှင့် လပြည့်နေ့များတွင် ဆင်ပွဲတော် ကျင်းပမြဲဖြစ်သည်။ ဝါးစက္ကူတို့ဖြင့် ချိုးထားသော ဆင်ရုပ်အတွင်းလူဝင်၍ အပြိုင်အဆိုင် တီးမှုတ်ကခုန်ကာ လှည့်လည်ကြသည့် ပွဲတော်တစ်မျိုး ဖြစ်သည်။

ဆင်ပွဲအစ ကျောက်ဆည်က[ပြင်ဆင်ရန်]

ဤပွဲတော်မျိုးကာ မြန်မာနိုင်ငံတွင် ကျောက်ဆည် တစ်မြို့တည်း၌သာ ထူးခြားစွာ တွေ့နိုင်ပေသည်။ ပွဲတော်ကား လွန်ခဲ့သည့်နှစ်ပေါင်း တစ်ရာကျော်က စခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် အစိုးရပြန်တန်းဝင် ပွဲတစ်ခုဖြစ်ပြီး ကျောက်ဆည်နယ်တွင်သာမက တစ်ပြည်လုံးပါ ပျံ့နှံ့ကျော်ကြား လူသိများခဲ့ရခြင်းဖြစ်သည်။ ယခုခေတ် လူဝင်ကရသော ဆင်ရုပ်များဖြင့် ဆင်ပွဲကျင်းပခဲ့သည်မှာ နှစ်ပေါင်း(၇၀) ကျော်ခဲ့ပြီဟု ခန့်မှန်းနိုင်ပါသည်။ ယခင်ကမူ ဆင်ရုပ်မုန့်တို့ဖြင့် ဘုရားအား ဆွမ်းတော်ကပ်ခဲ့ကြသည်။ ရွှေသာလျောင်းမြတ်စွာဘုရား၏ မုခ်လေးမုခ်တွင် သတ်မှတ်ထားသည့် ဆင်အမျိုးအစားအတိုင်း သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့ည၌ လှူဒါန်းပူဇော်၍ ဆွမ်းတော်ကြီးကပ် ဘုရားဝပ်တက်ကြသည်။ လပြည့်နေ့မှာ ဆွမ်းတော်တင်ပြီးသည့် ဆင်ရုပ်မုန့်များကို တောင်ပေါ်မှ တောင်အောက်သို့ ပစ်ချလေ့ရှိသည်။ မျက်မှောက်ကာလ ဆင်လှူပွဲ ကျင်းပပုံ ဆင်လှူပွဲကို နှစ်စဉ်သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင်ကျင်းပကြသည်။ ဝါဝင်ပြီဆိုလျှင် မြို့နယ်အတွင်း၌ ဗေတိုပတ်၊ ဗုံညံဗုံညံ အသံတို့ကြားရမြဲ၊ ဆင်များဖြင့် ကျေးရွာရပ်ကွက်အတွင်း ဆင်းပြီး အလှူခံကြခြင်း ဖြစ်သည်။ အလှူခံရငွေဖြင့် ဗုဒ္ဓဝေယျာဝစ္စတို့ကို၎င်း၊ အလှူအတန်းစသည်ဖြင့်၎င်း အသုံးပြူကြသည်။ ရွှေသာလျောင်း စေတီတော်သည် ကျောက်ဆည်မြို့ အရှေ့ဘက်ကပ်လျက်ရှိ ရွှေသာလျောင်း တောင်ထိပ်တွင် တည်ရှိသည်။ တောင်ခြေမှ တောင်ထိပ်အထိ သွပ်မိုးစောင်းတန်း ပြုလုပ်ထားလေသည်။

ဖြစ်ပေါ်လာပုံ[ပြင်ဆင်ရန်]

အနော်ရထာမင်းကြီးသည် သီဟိုဠ်ဘုရင် (ဓာတုသေန)မင်းထံတွင် မြတ်စွာဘုရား၏ လက်ဝဲအောက် စွယ်တော်မြတ်ရှိကြောင်း သိတော်မူ၍ အမတ်လိမ္မာအား ဆင်ဖြူတော်တစ်စီး လက်ဆောင်နှင့် (ဓာတုသေန)မင်းထံ စေလွှတ်တော်မူလေ၏။ အမတ်လိမ္မာသံအဖွဲ့သည် ရွက်သင်္ဘောဖြင့် သီဟိုဠ်ကျွန်းသို့ ရောက်သောအခါ ဆင်ဖြူတော် လက်ဆောင်ပေး၍ စွယ်တော်မြတ်ကို တောင်းယူပင့်ဆောင်ရာ ဘုရားသခင် တန်ခိုးတော်ကြောင့် စွယ်တော်မြတ်တစ်ဆူ ပင့်ယူရရှိခဲ့လေသည်။

ရှင်အရဟံလည်း မင်းကြီးအား စွယ်တော်မြတ်ကို နန်းတော်တွင်ထား၍ ကိုးကွယ်သည်ထက် သာသနာတော် ငါးထောင်တိုင်တိုင် ခပ်သိမ်းသော သတ္တဝါအပေါင်းတို့ ကိုးကွယ်စေခြင်းငှာ စေတီတည်တော်မူသင့်ကြောင်း မိန့်တော်မူ၏။ မင်းကြီးလည်း ငါသည် ဘုရားအဖြစ်သို့ ရောက်တော်မူမည်မှန်လျှင် စွယ်တော်မြတ်တစ်ဆူ ပွားရန် ဓိဋ္ဌာန်တော်မူ၏။ စွယ်တော်လည်း တစ်ဆူပွား၍ ဆင်ဖြူတွင် တင်ပြီးသော် ကိန်းဝပ်တော်မူလိုသော အရပ်၌ ဆင်ဖြူဝပ်ရန် ဓိဋ္ဌာန်တော်မူပြီး ဆင်ဖြူကို လွှတ်၏။ ဆင်ဖြူလည်း သာလျောင်းတောင်ထက်၌ တစ်ခဏမျှ ရပ်၏။ ထိုမှ ပြက္ခရွေတောင်သို့ တက်၏။

သာလျောင်းတောင်ထိပ်ရှိ စေတီတော်မြတ်အား နှစ်စဉ် တပေါင်းလတွင် ဘုရားပွဲတော်ပြုလုပ်စေခြင်း၊ သီတင်းကျွတ်လ၌ ရွှေဆင်၊ ငွေဆင်စသော ဆင်(၁ဝ)မျိုးတို့၏ အရုပ်တို့ကို ပြုလုပ်၍ လှူဒါန်းပူဇော်စေခြင်း၊ ဆွမ်းတော်ကြီး ကပ်လှူပွဲ၊ ဆီမီးပူဇော်ပွဲတို့ဖြင့် နှစ်စဉ် ခမ်းနားစွာ ပွဲလမ်းသဘင် ခင်းကျင်း ပြုလုပ်ခဲ့လေသည်။

အနော်ရထာမင်းကြီးသည် စွယ်တော်တင်သော ဆင်ဖြူတော် (ဆင်မယဉ်သာ) အတွက်ကိုလည်း သတိတရ ရည်စူး၍ လှူဒါန်းအမျှပေးဝေရန် အဓိဋ္ဌာန် ထားခဲ့သည့်အတိုင်း ဆွမ်းတော်ကြီးကပ်ပွဲ၊ မြသပိတ်တော်၊ မီးထွန်းပွဲနှင့်အတူ ဆင်မရုပ်တို့ဖြင့် ဆင်(၁ဝ)မျိုး လှူဒါန်းရသော ထုံးတမ်းစဉ်လာသည် ကျောက်ဆည်မြို့တွင် အနော်ရထာမင်း လက်ထက်တော်မှ စတင်၍ နှစ်စဉ် ကျင်းပဖြစ်ပေါ်လာခဲ့ပေသည်။

အဓိဋ္ဌာန်[ပြင်ဆင်ရန်]

အနော်ရထာမင်းကြီးသည် သာလျောင်းတောင်နှင့် ပြတ်ခရွေတောင်တို့တွင် စေတီများတည်ပြီးနောက် အဓိဋ္ဌာန် ထားတော်မူခဲ့သည်မှာ ”ငါပြုတော်မူသော ကုသိုလ်တော်စေတီတို့အား တစ်နှစ်တစ်ကြိမ် ဆွမ်းဆက်ကပ်လှူဒါန်းကြစေ၊ မမေ့မလျော့ ဆွမ်းတော်ကြီး ကပ်လှူကြသောသူတို့သည် စပါးဆန်ရေ ကောက်ပဲသီးနှံ ဖွံ့ဖြိုးတိုးတက်ချမ်းသာပါစေ။ မေ့လျော့ ပေါ့ဆသူတို့သည် ဆန်ကောနှင့် ကောက်ဆွသာ ကျန်ရှိပါစေ’ ဟုတ် အဓိဋ္ဌာန်ထားတော်မူ၏။ ၎င်းပြင် ရွှေသာလျောင်းစေတီတော်တွင်လည်း ငါ့အား အမျှအတန်း ပေးဝေကြသကဲ့သို့ စွယ်တော်မြတ်တင်သော ဆင်ဖြူ (ဆင်မယဉ်သာ)ကိုလည်း သတိတရ ဆင် ၁ဝ မျိုးတို့၏ အရုပ်တို့ဖြင့် ဆွမ်းတော်ကြီးကပ်ပွဲတွင် ထည့်ဝင်လှူဒါန်းပြီး ဆင်ဖြူကို အမျှအတန်း ပေးဝေကြရန် အဓိဋ္ဌာန်ထားတော်မူခဲ့လေသည်။ ထို့ကြောင့် ကျောက်ဆည်မြို့တွင် အနော်ရထာမင်းလက်ထက်တော်မှစ၍ ရွှေသာလျောင်းစေတီတော်မြတ်အား သီတင်းကျွတ်လဆန်း ၁ဝ ရက် ၁၅ ရက်နေ့များတွင် ဆွမ်းတော်ကြီးကပ်ပွဲ၊ မီးထွန်းပွဲနှင့်အတူ ရွှေဆင်၊ ငွေဆင်စသော ဆင် ၁ဝ မျိုးတို့၏ အရုပ်တို့ကို လှူဒါန်းပူဇော်ရသော ဆင်လှူပွဲတော်သည် ယနေ့တိုင် အစဉ်အလာတစ်ရပ် ဖြစ်ခဲ့လေသည်။

ဆင်ချိုးသည်[ပြင်ဆင်ရန်]

ရွှေသာလျောင်းဆင်လှူပွဲတော်တွင် မုန့်ဆင်ရုပ်များ ထည့်ဝင်လှူဒါန်းရသော အစဉ်အလာမှ အရုပ်ဝတ်ဆင်၊ ထန်းဆင်၊ မြေနင်းဆင်တို့လည်း ပါဝင်လာကြ၏။ ဆင်လှူပွဲတွင် ဆင်ကပွဲများ၊ ဆင်ပြိုင်ပွဲများ ပါဝင်လာခဲ့ကြသည်။ သီတင်းကျွတ်လဆန်း ၁၄ ရက်မတိုင်မီ ဝါခေါင်လလောက်မှ စ၍ ကျေးရွာ ရပ်ကွက်များမှ ပုဂ္ဂိုလ်များသည် မိမိတို့ ကျေးရွာ ရပ်ကွက်ဌာနအလိုက် ဆင်လှူပွဲ၌ ပါဝင်ကပြနိုင်ရန် ဆင်ရုပ်လုပ်ပေးနိုင်သော ဆင်ချိုးသူ(ဆင်ရုပ်လုပ်သူ) ပန်းချီဆရာများထံ သွားရောက်၍ မိမိတို့ ကြိုက်နှစ်သက်ရာ ဆင်ဖြူ၊ ဆင်မည်း၊ ဆင်အမျိုးမျိုးနှင့် အရွယ်အစားအမျိုးမျိုးတို့ အဖိုးစားနား သင့်အောင် ပေး၍ မှာထားကြလေသည်။ ဒိုးပတ်၊ နှဲ၊ ယကွင်း၊ ဝါးလက်ခုပ်၊ မောင်းကြီး၊ မောင်းလေးစသည့် တီးမှုတ်မည့်သူများ၊ ဆင်ထဲ ဝင်က မည့်သူများ၊ ဆင်နှင့်အတူ က ကြမည့်သူများဖြစ်သော ရသေ့၊ ဖိုးသူတော်၊ ဆင်ဖမ်းသမား၊ ဆင်ဦးစီး၊ ဆင်ဦးစီးကတော် စသည်တို့အတွက် လိုက်ဖက်သော အဝတ်အစား၊ လက်နက်ကိရိယာများကိုလည်း ကြိုတင်ရှာဖွေစုဆောင်းထားကြလေသည်။ အကသမားအားလုံးသည် ပရိသတ်၏ မျက်စိတွင် ရယ်ရွှင်ဖွယ်ဖြစ်နေရလေသည်။

ဤဒေသတွင် ဆင်ရုပ်လုပ်သည်ကို ဆင်ချိုးသည်ဟု ခေါ်၍ ဆင်ရုပ်လုပ်သူကို ဆင်ချိုးသူဟု ခေါ်ကြသည်။ ရှေးက နာမည်ကြီး ဆင်ချိုးဆရာမှာ ညောင်ခြောက်ပင်ရပ်မှ ဦးဘဧ ဖြစ်ပါသည်။ ဦးဘဧ၏ ဆင်များတွင် နားရွက်နှစ်ဖက်၌ အက္ခရာ ရေးထားသည်။ အချို့ဆရာများလည်း ချိုးပါသည်။ အချိုးအစား မကျလှ၊ နောင်အခါ စုကြီးရပ်မှ မဏ္ဍပ်ဆရာ ဦးဘသင်နှင့်သား ဦးကျော်လေးတို့ ချိုးလာပါသည်။ [၁]

ဆင်ယူ လမိုင်းတင်[ပြင်ဆင်ရန်]

ဆင်ယူသည့်နေ့သို့ ရောက်သောအခါ အတီးအမှုတ်၊ အကအခုန်တို့ဖြင့် တပျော်တပါး ကခုန်ကြကာ ဆင်ချိုးသူ ပန်းချီဆရာအိမ်သို့ သွားကြ၏။ ထိုသို့ သွားရောက်ရင်းလည်း ငွေဖလားဖြင့် လမ်းကြုံရာအိမ်များသို့ တစ်အိမ်ပြီးတစ်အိမ် ကူးကာ အလှူခံသွားကြ၏။ အလှူခံခြင်းမှာလည်း ရှေးအခါက ရွှေသာလျောင်းမြတ်စွာဘုရားအား လှူဒါန်းရန် ရည်စူးပြီး အလှူခံကြသကဲ့သို့ လှူဒါန်းကြသော ကုသိုလ်ရှင်များကလည်း ရွှေသာလျောင်းမြတ်စွာဘုရားအား ရည်စူး၍ လှူဒါန်းကြခြင်းဖြစ်လေသည်။ ထိုကဲ့သို့ ကခုန်သွားသည်ကိုပင် ဆင်ယူသွားကြသည် ဟု ဆို၏။ ဆင်ပြုလုပ်သော ပန်းချီဆရာအိမ်ရှေ့တွင် ယူမည့် ဆင်ရုပ်ကို ခုံဖြင့် တင်ထား၍ ဆင်ရုပ်၏ ရှေ့တွင် ကန်တော့ပွဲနှစ်ပွဲထားရသည်။ တစ်ပွဲမှာ နယ်တော်ရှင်ဖြစ်သော ”ကိုးသိန်းရှင်’ ကို တင်မြှောက်ပသသော ပွဲဖြစ်သည်။ ကျန်တစ်ပွဲမှာ ဥတေန နတ်အား တင်မြှောက်ပသခြင်းမှာ ဥတေန နတ်သည် ဆင်များကို ပိုင်စိုးသော နတ်ဖြစ်၏။ ”ဥတေ’ နတ်အား တင်မြှောက်ခြင်းသည် လမိုင်းတင်သည်၊ ပွဲပေးသည်ဟု ခေါ်သည်။

ဆင်ထိုးသည်[ပြင်ဆင်ရန်]

ဆင်ရုပ်ထဲသို့ ဝင်ကမည့်သူ နှစ်ယောက်သည် ရှေ့တစ်ယောက် နောက်တစ်ယောက်ဝင်၍ ကန်တော့ပွဲများအား နတ်ဒိုးဖြင့် သုံးကြိမ်ဦးတိုက်ကန်တော့ပြီးနောက် လေးကင်း၊ အရိုင်းတီး၊ အယဉ်တီးတို့ဖြင့် အတီးအမှုတ်နှင့် လိုက်အောင် ပျော်ရွင်စွာ တီးမှုတ်ကခုန်ကြပြီးလျှင် ဆင်ကို ယူ၍ သွားကြလေသည်။ ဆင်ယူရာမှ အပြန်တွင်လည်း မြို့တွင်းသို့ လှည့်လည်၍ ဆင်အကဖြင့် အိမ်တိုင်းစေ့လှည့်လည်အလှူခံကြ၏။ အထူးသဖြင့် ခင်မင်ရင်းနှီးသော အိမ်များသို့ ကြိုတင် အကြောင်းကြားထားရာ အိမ်များသို့ ဝင်ရောက်နားနေအလှူခံကြ၏။ အိမ်ရှင်များကလည်း စားသောက်ဖွယ်ရာတို့ကို ကြိုတင်စီမံထားပြီး ဆင်အဖွဲ့သားများအား ဧည့်ခံကျွေးမွေးကြလေသည်။ ဤသည်ကို ဆင်ထိုးသည်ဟု ခေါ်သည်။ ဤသို့ လှည့်လည်အလှူခံကြသည်မှာ တော်သလင်းလဆန်းမှ စ၍ အရပ်တိုင်းမှာလိုလိုပင် တွေ့ကြရသည်။ တစ်ခါတစ်ရံ နှစ်စီးသုံးစီးဆုံ၍ အပြိုင်အဆိုင် တီးကြမှုတ်ကြ ကကြသည်မှာ ကြည့်ကြသူများဖြင့် ဆင်ပွဲငယ်တစ်ခုမျှ စည်ကားလှ၏။ ဆင်ပွဲတော်နီးလေလေ အလှူခံသူများ စည်ကားလေ ဖြစ်သည်။

ပွဲတော်နေ့[ပြင်ဆင်ရန်]

သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့သည် အထူးစည်ကားဆုံးသော နေ့တစ်နေ့ဖြစ်၏။ ထို့နေ့တွင်ပင် ”မာဃ’ အရုဏ်တော်ဝတ်အသင်းမှ မြသပိတ်တော် လှည့်လည်ပွဲနှင့်အတူ ဆွမ်းတော်ကြီးလှည့်လည်ပွဲ၊ မီးထွန်းလှည့်လည်ပွဲ၊ ဆင်ကပွဲ၊ ဆင်ပြိုင်ပွဲများ ပြုလုပ်သော နေ့ဖြစ်သည်။ ထိုအချိန်တွင် အမြို့မြို့၊ အရွာရွာ အရပ်ရပ်တို့မှ မြသပိတ်တော်လှည့်ပွဲနှင့် ဆင်ကပွဲ၊ ဆင်ပြိုင်ပွဲတို့ကို ကြည့်ရှုရန် လူကြီး၊ လူငယ်၊ မိန်းမယောက်ျား တို့သည် ဆင်လှည့်မည့် လမ်းတစ်လျှောက်တွင် နေရာယူကြပြီးဖြစ်လေသည်။ မြသပိတ်တော်နှင့် ဆွမ်းတော်ကြီးပွဲများ ရွှေသာလျောင်းတောင်ခြေသို့ ရောက်လျှင် မြသပိတ်တော်နှင့် ဆွမ်းတော်ပွဲများ၊ ဗုံတောင်များကို ရွှေသာလျောင်းတောင်ထိပ်သို့ ယူဆောင်ပြီးကြလျှင် ဆွမ်းတော်ကြီးကပ်လှူရန် ပြင်ဆင်ထားရလေသည်။

မြသပိတ်တော် လှည့်လည်ပွဲပြီးသည့်အချိန်မှစ၍ ဆင်ကပွဲသို့ ဝင်ရောက်မည့် ဆင်အဖွဲ့များသည် တာလွတ်ပေးမည်ဖြစ်သော အစိုးရဂေါပက၊ မီးသတ်၊ ရဲတို့ဖြင့် ဖွဲ့စည်းထားသော ”ဗဟို’မဏ္ဍပ်သို့ သွားရောက်ပြသ စာရင်းပေးကြရ၏။ ဗဟိုမဏ္ဍပ် လုံခြုံရေး တာဝန်ရှိသူများက အရက်သေစာသောက်စားခြင်း ရှိ မရှိ၊ တုတ်ဓါး၊ လက်နက်ပါ မပါ၊ ဆင်အဖွဲ့ခေါင်းဆောင်မှ ခိုက်ရန်ဒေါသမဖြစ်ရန် တာဝန် ယူ မယူ စစ်ဆေးမေးမြန်းပြီးနောက် တာဝန်ရှိသူနှစ်ယောက်အား အထိန်းသိမ်း ထည့်ပေးပြီးလျှင် ဆင်ကပွဲသို့ ဝင်ခွင့်ပေးလေသည်။ ထိုသို့ ဆင်ကပွဲသို့ ဝင်ရောက်ကြရာတွင် ဆင်တစ်စီး တစ်စီးစီတွင် အတီးအမှုတ် ကခုန်သူများနှင့် အားပေး လိုက်ပါသူများမှာ ဆင်တစ်ဖွဲ့ တစ်ဖွဲ့တွင် ၈ဝ ၁ဝဝ ထက် မနည်းပေ။ ဆင်ပွဲကြည့်ရန် လိုက်ပါလာသူများမှာလည်း ရွာလုံးကျွတ်မျှ ဖြစ်၏။ ဆင်တစ်စီးစီပင် လွတ်ပေးသော်လည်း ဆင်အစီး ၃ဝ-၄ဝ ဖြစ်လာသောအခါ ဆင်တစ်ဖွဲ့နှင့် တစ်ဖွဲ့ဆက်မိပြီး ဆင်ပွဲကြည့်သူများနှင့် ပြည့်ကြပ်ကာ ကြက်ပျံမကျ စည်ကားလှပေတော့၏။ တီးကြ မှုတ်ကြ ကကြ ခုန်ကြ နှင့် ပျော်လိုက်ကြည်သည့်ဖြစ်ခြင်း၊ ဒိုးသံ၊ လကွင်းသံ၊ ဝါးလက်ခုပ်သံတို့မှာ ရောထွေးဆူညံလျှက်ရှိတော့၏။

နံနက် ၉ နာရီ ၁ဝ နာရီမှ စတင်၍ လှည့်သော ဆင်ကပွဲသည် ဆင်တစ်စီးလျှင် ဈေးကြီးကို သုံးပတ် ပတ်၍ ကပြကြရာ ညနေ ၄ နာရီခန့် ရောက်သောအခါ ဆင်များသည် ခေါင်းတစ်ခြား ကိုယ်တခြားဖြစ်၍ ပျက်ကုန်လေပြီ။ ဆင်အဖွဲ့ဝင်လူများလည်း မတီးနိုင် မကနိုင်တော့ဘဲ ညနေ ၄ နာရီကျော်ကျော်တွင် ဆင်ကပွဲကြီးလည်း ပြီးဆုံးခြင်းသို့ ရောက်လေတော့၏။

သီတင်းကျွတ်လဆန်း ၁၅ ရက်နေ့ ညသည် ဝါကျွတ်မီးထွန်းပွဲနှင့်လည်း တိုက်ဆိုင်နေပြန်ရာ အိမ်တိုင်းမှ မီးရောင်စုံ ထွန်းညှိကြသည်မှာလည်း လမ်းတိုင်းလိုလိုပင် ဖြစ်၏။ အရုဏ်တော်ဝတ်အသင်းများမှ ဧည့်ခံသော ဇာတ်၊ အငြိမ့်ပွဲများကြောင့်လည်း စည်ကားလှပေ၏။ ရှေးအခါက ဧည့်ခံပွဲများကို ရွှေသာလျောင်းတောင်ထိပ်ပေါ်တွင် ကျင်းပရာ အသွားအလာ အသယ်ခက်ခဲသဖြင့် တောင်တော်၏ အောက်ခြေတွင်ပင် ကျင်းပခြင်း ဖြစ်လေသည်။ နံနက်ရောက်လျှင် ကျေးရွာ ရပ်ကွက် အသီးသီးမှ အမျိုးသမီး၊ အမျိုးသားတို့သည် ဆင်လှူပွဲတွင် ပါဝင်လှူဒါန်းကြရန် ရွှေဆင်၊ ငွေဆင်နှင့် ဆင်ရုပ်များ၊ ဆွမ်းတော်ပွဲများ၊ အတီးအမှုတ်များဖြင့် ကပြဖျော်ဖြေလျက်ရှိ၏။ ထို့နောက် အစိုးရမှ ဦးစီးလျက် ဘဏ္ဍာတော်ထိန်း ဂေါပက၊ မီးသတ်၊ ပြည်သူ့ရဲတို့ပါဝင်ပြီး စနစ်တကျ အခမ်းအနားဖြင့် တက်ရောက်ကြ၏။ လမ်းတစ်လျှောက်လုံးတွင်လည်း ကုသိုလ်ရှင်များက ဇရပ်များမှ ဆီးကြို ဖိတ်ခေါ် ကျွေးမွေးကြသည်မှာ ပျော်စရာပင် ကောင်းတော့သည်။ တောင်ထိပ်သို့ ရောက်သောအခါ ရွှေသာလျောင်းစေတီတော်ကြီးအား လက်ယာရစ် သုံးပတ်ပတ်၍ ဆွမ်းတော်ပွဲများကို ဘုရားများရှေ့တွင် ထား၍ ဆင်ရုပ်များကို ဘုန်းတော်ကြီးများရှေ့တွင် ခုံနှင့် ချထားပြီးလျှင် အနော်ရထာမင်းကြီးနှင့် ဆင်ဖြူ (ဆင်မယဉ်သာ) ကိုပါ ရည်စူး၍ တရားနာပြီး ရေစက်သွန်းချ အမျှသုံးကြိမ် သုံးခါ ပေးခြင်း၊ သာဓု အနုမောဒနာ ပြုခြင်းတို့ဖြင့် ဆင်လှူပွဲ ပွဲတော်ကြီး ပြီးဆုံးခြင်းသို့ ရောက်တော့၏။

ထိန်းသိမ်း စဉ်လာ[ပြင်ဆင်ရန်]

ဤသို့ဖြင့် ရှေးရိုးစဉ်လာ နှစ်စဉ်ကျင်းပခဲ့ရာ တဖြည်းဖြည်း တိမ်ကောလာ၍ ဆင်လှူပွဲတော်၏ အနှစ်သာရ ရှေးရိုးအစဉ်အလာ ယဉ်ကျေးမှု တိမ်မြုပ်ကွယ်ပျောက်လျက် အမူးပွဲ၊ အရူးပွဲ၊ ပျော်ပွဲသတ်သတ်လောက်သာ သဘောသက်ရောက်ခဲ့ကြ၏။ သီတင်းကျွတ်လပြည့်နေ့တွင် ရွှေသာလျောင်းတောင်တော်ပေါ်သို့ တက်ရောက်သူများပင် အင်မတန် နည်းပါးခဲ့လေသည်။

၁၉၇၅ ခုနှစ်မှ စ၍ အစိုးရဂေါပက၊ စစ်ဘက်၊ နယ်ဘက် မီးသတ်နှင့် ဌာနဆိုင်ရာတို့၏ အကူအညီဖြင့် ရှေးရိုးစဉ်လာ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းပြီးလျှင် ဆင်လှူပွဲတော်ကို စနစ်တကျကျင်းပ ပြုလုပ်ခဲ့လေသည်။ ဆင်၏ ရိုးရာအကသာမက ရိုးရာ ယဉ်ကျေးမှုကိုပါ ဦးစားပေးပြီးလျှင် အမှတ်ပေးဒိုင် ၃ ခု၊ အမှတ်လျှော့ဒိုင် ၃ ခုဖြင့် ဆင်၏ အလှနှင့် သဘာဝ၊ သီချင်း၊ တီးလုံးတို့၏ ငြိမ့်ညောင်း သာယာမှု၊ ဝတ်စားဆင်ယင်မှုတို့၏ ယဉ်ကျေးမှု၊ စည်းကမ်းရှိမှု၊ အချိန်လေးစားမှုတို့ဖြင့် ဆင်ပြိုင်ပွဲများ ပြုလုပ်ပေးလေသည်။

ဒိုင်အဖွဲ့ချုပ်မှ ဆုရသော ဆင်များကို အမှတ် အနည်းအများအလိုက် ကြေညာ၍ ဆုများကို ချီးမြှင့်လေသည်။ ထိုသို့ ကျင်းပပေးခြင်းဖြင့် တိုးတက်မှုများ ရရှိလေသည်။ ဆင်ကကြရာတွင် နတ်ဒိုးအက၊ လေးကင်းအက၊ ဗုံတောက်အက၊ အရိုင်းက၊ အယဉ်က၊ ရှမ်းအကများအပြင် ရှေးရိုးသီချင်းကြီး၊ သီချင်းခံ၊ ယိုးဒယားပတ်ပျိုး၊ ခေတ်သီချင်းတို့ဖြင့်လည်း လိုက်ဖက်အောင် ကတတ်ကြသည်။ အတီးအမှုတ်များမှာလည်း ရှေးအခါက ဒိုးပတ်၊ နှဲ၊ ယကွင်း၊ ဝါးလက်ခုပ်များဖြင့်သာ တီးမှုတ်ခဲ့ကြရာမှ ယခုအခါ ခေတ်၏ တိုးတက်ပြောင်းလဲမှုအရ ကြေးနောင်၊ မောင်းဆိုင်း၊ ယကွင်း၊ နှဲ၊ ပတ်ဝိုင်း၊ ပတ်မ၊ အုပ်စုံ၊ အော်ဂင် စသည်များလည်း ပါဝင်လာ၏။ အဆိုတွင်လည်း ရှေးက အမျိုးသားသာ သီဆိုကြရာမှ ယခုခေတ် အမျိုးသမီး အဆိုများ ပါဝင်လာလေသည်။ ဆင်ရုပ်များမှာလည်း ရှေးက ဆေးရေးပန်းချီ ပိတ်ခြေထောက်မှ ရွှေချည်ထိုး၊ ဖန်စီ၊ မှန်စီ၊ ကတ္တီပါခြေထောက်၊ ကျောအုပ်၊ ထိပ်အုပ်တို့ဖြင့် ရှေးက အဖိုးတစ်သိန်းထိုက်သော တန်ဆာတို့ဖြင့် ဆင်ယင်ထားသော ပကတိဆင်များနှင့် မခြားတော့ပေ။

ဤသို့ဖြင့် ”ဆင်လှူပွဲတော်’ ကျင်းပရခြင်းအနှစ်သာရကို လူတိုင်း သဘောပေါက်ကြလေလျှင် မြန်မာနိုင်ငံ အရပ်ရပ်မှ သာမက နိုင်ငံခြား တိုင်းပြည်များကပါ စိတ်ပါဝင်စား လာရောက်ကြည့်ရှုလေ့လာခြင်း၊ ရုပ်ရှင်၊ ရုပ်သေများ ရိုက်ကူးခြင်း၊ ဆင်အဖွဲ့များကို မိမိတို့ မြို့ရွာများသို့ ဖိတ်ခေါ်၍ ကပြစေခြင်း၊ ရုပ်မြင်သံကြား၊ အစိုးရအသံလွင့်ဌာနမှလည်း ပြသ အကူအညီပေးခြင်းတို့ကြောင့် ကမ္ဘာအထိ ပျံ့နှံ့ ကျော်ကြားသော ကျောက်ဆည် ဆင်လှူပွဲတော်ဖြစ်ပါတော့သတည်း။ ။

ကိုးကား[ပြင်ဆင်ရန်]

  1. မဟာရွှေသိမ်တော် ဘုရားသမိုင်း စာအုပ်မှ