ကျောက်စရစ်မြို့ဟောင်း

ဝီကီပီးဒီးယား မှ

ကျောက်စရစ်မြို့ဟောင်းသည် ဟံသာဝတီ (၃၂)မြို့စာရင်း၌ ပါဝင်သည့် မြို့ဟောင်းတစ်ခု ဖြစ်သည်။ စစ်တမ်းများ၌လည်းတွေ့ရသည်။ ရန်ကုန်-မန္တလေးကားလမ်းနှင့် မီးရထားလမ်းပေါ်ရှိ ကျောက်တံခါးမြို့၏ အရှေ့ဘက် (၃)မိုင်ကျော်ခန့် စစ်တောင်းမြစ်၏အနောက်ဘက်ကမ်းပေါ်တွင် တည်ရှိသည့် မြို့ဟောင်းတစ်မြို့ဖြစ်သည်။

တည်နေရာ[ပြင်ဆင်ရန်]

ကျောက်စရစ်မြို့ဟောင်းသည် မြောက်လတ္တီတွဒ် ၁၈ ဒီဂရီ ၁၀ မိနစ် သာသာခန့်နှင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၄၄မိနစ်ခန့်တွင် တည်ရှိသည်။ စစ်တောင်းမြစ်၏ အရှေ့ဘက်ကမ်း တွင် ယခုလက်ရှိ ကျောက်စရစ်ရွာရှိပြီး ၎င်းနှင့် မျက်နှာချင်းဆိုင် စစ်တောင်းမြစ်၏ အနောက်ဘက် ကမ်းတွင် ကျောက်စရစ်မြို့ဟောင်းတည်ရှိခြင်းဖြစ်သည်။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

ကျောက်စရစ်မြို့ဟောင်းသည် စတုဂံပုံသဏ္ဌာန်ရှိသည့် မြို့ဟောင်းတစ်ခုပင်ဖြစ်သည်။ သို့ရာတွင် မြို့ထောင့်များမှာ ကွေးဝိုင်းဝိုင်းသဏ္ဌာန်ရှိသည်။ အရှေ့ဘက်တွင် စစ်တောင်းမြစ်ကို မြှောင်လျက်ရှိသည်။ မြို့ဟောင်း၏အတွင်းအပြင်တွင် လယ်ယာမြေများနှင့် ပြည့်လျက်ရှိလေပြီ။ ပို၍ စတုဂံကျသဖြင့် မြို့ရိုးအလျားသည်တစ်ဖက်လျှင် မီတာ(၄၀ဝ)ကျော်ခန့်စီမျှ ရှိသည်ကိုတွေ့ရ၏။ ဧရိယာပမာဏအားဖြင့် ဧက (၄၀)ခန့် (၁၆-ဟက်တာ)မျှရှိပေသည်။

မြို့ဟောင်းအတွင်းဖက်အပြင်ဖက်နေရာအနှံ့၊ လယ်ယာမြေများဖြင့်ပြည့်လျက်ရှိလေပြီ။ မြို့ရိုး ရာများကို မြင်တွေ့ဖတ်ရှုနိုင်စေကာမူ ကျုံးရာများမူကား ကောင်းစွာမတွေ့မြင်နိုင်တော့ချေ။ မြောက် ဘက်မြို့ရိုး၏ အနောက်ဘက်ပိုင်းရှိ ကျုံးရာမှ တွေ့မြင်ရသေးသော်လည်း ကျန်နေရာများ၌ ကျုံးရာ များကို ကောင်းစွာမတွေ့နိုင်တော့ပြီ။ အနောက်တောင်ဘက်မြို့ရိုးနေရာတွင် မြို့ရိုးကိုသုံးပုံတစ်ပုံ ကျော်ကျော်မျှ ဖြိုဖျက်ပြီး လယ်မြေများကို တိုးချဲ့ထားပြီး၊ ထိုနေရာသည် မြေပြင်နှင့် တပြေးညီလျက် ရှိချေပြီ။ မြို့၏အတွင်းဖက်အနောက်တောင်ဘက်ပိုင်းတွင် ရေဝပ်သည့်အခြေအနေမျိုးရှိသည်။

ပွန်းတီးမှု[ပြင်ဆင်ရန်]

ကျောက်စရစ်မြို့ဟောင်းမြို့ရိုးများမှာ များစွာပွန်းတီးနိမ့်လျောခဲ့ပြီ။ အရှေ့မြို့ရိုးဘက်မှ တစ်ပါး တခြားဖက်၌ ကျုံးများရှိခဲ့ဖူးမည့် ဖြစ်သော်လည်း ယခုအခါထင်ထင်ရှားမရှိတော့ချေ။ မြောက်ဘက်မြို့ရိုးတစ်လျှောက်တွင်ကား ကျုံးရာကို ဓာတ်ပုံထဲ၌ ဖတ်ရှုတွေ့ရှိနိုင်သေး၏။ အနောက် ဘက်တွင်မူကျုံးများ လယ်ယာဖော်ထုတ်ရာတွင် ပါဝင်ကုန်ပြီ ဖြစ်သည်။ အနောက်ဘက်မြို့ရိုး မြောက်ဘက်ပိုင်းအနည်းငယ်မျှသာ ကျုံးရာလိုလို နေရာများတွေ့တော့သည်။

စတုဂံပုံသဏ္ဌာန်ရှိ ကျောက်စရစ်မြို့ဟောင်းကလေးကိုလည်း ထိန်းသိမ်းစောင့်ရှောက်ထား သင့်သည်။ ဟံသာဝတီ ၃၂ မြို့စာရင်းဝင်ဖြစ်နေသေးသည်ကိုလည်း သတိမူသင့်ပေသည်။

ကိုးကား[ပြင်ဆင်ရန်]